နိုင်ငံရေးမှာ ပရိယာယ်ရှိတယ်ဆိုတာကိုတော့ လက်ခံပါတယ်။ ရိုးသားတဲ့ပရိယာယ်နဲ့ ယှဉ်သင့်တယ်။ အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးဆိုတာ ဘာသာရေး သက်သက်ပဲဖြစ်ဖို့၊ အစွန်းတရားလွတ်ဖို့နဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ၊ နိုင်ငံရေး Agenda တွေနဲ့ ရောထွေးလာရင် ဘယ်လိုမှ သင့်လျော်မှာမဟုတ်သလို ကောင်းတဲ့အကျိုးရလဒ်တွေထက် ဆိုးကျိုးတွေကိုပဲ ဦးတည်သွားနိုင်တယ်။
မတူကွဲပြားမှုတွေများတဲ့လူ့အဖွဲ့အစည်းမှာ လူမျိုးရေး ဘာသာရေးလိုကိစ္စတွေဟာ ထိလွယ် ရှလွယ်တဲ့ကိစ္စတွေဖြစ်လို့ လူ့အဖွဲ့အစည်းမှာ အန္တရာယ်ကြီးတဲ့ အကွဲအပြဲတွေမြန်မာ့သမိုင်းမှာ ပြင်းပြင်းထန်ထန်ထန် သက်ရောက်ခဲ့တာ သင်ခန်းစာတွေအများကြီးကြုံဆုံခဲ့ကြပြီးဖြစ်တယ်။
လူမျိုးရေး၊ ဘာသာရေးတွေကို နိုင်ငံရေးလက်နက်လိုသုံးပြီး မဟာလူမျိုးကြီး ၀ါဒမှိုင်းတိုက် အသုံးချနေရင် ကမ္ဘာပေါ်မှာ လူစဉ်မမီတဲ့နိုင်ငံ၊ လူမျိုးရေးအစွန်းရောက်တဲ့ နိုင်ငံအဖြစ် သမိုင်းတင်သွားလိမ့်မယ်။ မဟာလူမျိုးကြီးဝါဒဆိုတဲ့ အစွန်းရောက်အမျိုးသားရေးဆိုရင်တော့ အာဏာရှင်စံနစ် ခေါင်းဆောင်ထလာမှာပဲ။ နှစ်ပေါင်းတော်တော်ကြာအောင် အောက်တန်း ဂိတ်ဆုံး ရောက်နေတဲ့ ကျုပ်တို့နိုင်ငံကို ဟိုးရှေးရှေးတုန်းကအဆင့်မျိုး ရောက်အောင် အဆင့်မြင့်စေချင်တယ်ဆိုရင်တော့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ ငတေတွေကို လူထုအားလုံးက အမြှော်အမြင် ဆင်ခြင်တုံတရား၊ အသိ သတိလေးကပ်ပြီး အစွန်းတရား တွေရှောင်လို့ လက်တွဲညီညီနဲ့ အားထုတ်ကြိုးစားကြပါစို့လား။
______________________________
m y O e w y n n _ 1 1 . 4 . 2 0 1 5