ကျွန်ုပ် လောကကြီးထဲသို့ ခေတ္တ၀င်ရောက်လာခဲ့သည့် နှစ်တစ်နှစ် တိုးသွားပြန်ပါပြီ။
ကျွန်ုပ် လောကကြီးထဲတွင် နေထိုင်နိုင်ရန် နှစ်တစ်နှစ် လျော့နည်းသွားပြန်ပါပြီ။
ကျွန်ုပ် လောကကြီးထဲမှ အပြီးအပိုင် ထွက်ခွာသွားရန်လည်း နှစ်တစ်နှစ် နီးကပ်လာပြန်ပါပြီ။
ကျွန်ုပ်အား အသက်နှင့်ရင်းပြီး ပြင်းထန်တဲ့ဝေဒနာ ဒုက္ခကြီးစွာခံ၍ မွေးဖွားပေးခဲ့သည့်
ကျွန်ုပ်၏ ချစ်လှစွာသောအမေလည်း လောကကြီးထဲမှ အပြီးအပိုင် ထွက်ခွာသွားခဲ့လေပြီ။
ကျွန်ုပ် လောကကြီးထဲသို့ ဇောက်ထိုးကြီးဝင်လာခဲ့စဉ်က ၀မ်းမြောက်ဂုဏ်ယူ ပျော်ရွှင်နေခဲ့သည့် ကျွန်ုပ်၏ အားထားရပါသောအဖေလည်း လောကကြီးထဲမှ အပြီးအပိုင် ထွက်ခွာသွားခဲ့လေပြီ။
ကျွန်ုပ်ထက် ကာလများစွာ နောက်ကျပြီးမှ လောကကြီးထဲသို့ ၀င်လာခဲ့သည့်
ကျွန်ုပ်၏ ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင် တစ်ဦးတည်းသော အချစ်ဆုံးညီလေးလည်း
လောကကြီးထဲမှ မိဘများထက်ပင် စောလျင်စွာ အပြီးအပိုင် ထွက်ခွာသွားခဲ့လေပြီ။
ကျွန်ုပ်အား လောကကြီးထဲ၌ လူပီသစွာ လူကျင့်ဝတ်နှင့်အညီ ကျင့်ကြံနေထိုင်တတ်ဖို့ သွန်သင်ဆုံးမလမ်းညွှန်ပေးခဲ့ကြသော ကျွန်ုပ်၏ ဆရာတစ်ချို့လည်း လောကကြီးထဲမှ အပြီးအပိုင် ထွက်ခွာသွားခဲ့လေပြီ။
ကျွန်ုပ်နှင့် တစ်နေ့တည်း တစ်ချိန်တည်း လောကကြီးထဲသို့ အတင်းတိုးဝင်လာခဲ့ ကြသည့် ကျွန်ုပ်၏ ငယ်သူငယ်ချင်းတစ်ချို့လည်း လောကကြီးထဲမှ အပြီးအပိုင် ထွက်ခွာသွားခဲ့ကြလေပြီ။
ကျွန်ုပ်လည်း တစ်နေ့သောအခါ လောကကြီးထဲမှ အပြီးအပိုင် ထွက်ခွာသွားရပေ လိမ့်မည်။
ကျွန်ုပ် လောကကြီးထဲတွင် ခိုလှုံနေစဉ်ကာလတစ်လျှောက် လောကကြီးက
ကျွန်ုပ်အား နွေးထွေးကြည်ဖြူစွာ ငြိုငြင်ခြင်းမဲ့ ဆက်ဆံပေးခဲ့ပါသော်လည်း
ကျွန်ုပ် လောကကြီးကောင်းကျိုးအတွက် ယနေ့ထိတိုင် ဘာမှလုပ်မပေးနိုင်သေးပါ။
ကျွန်ုပ်အား လောကကြီးက သက်ညှာသောအားဖြင့် နေထိုင်ခွင့်သက်တမ်း တိုးမြှင့် ပေးခဲ့၍ကျွန်ုပ် ဆက်လက်နေထိုင်ခွင့်၊ ဆက်လက်ခိုလှုံခွင့် ရနေဦးမည်ဆိုလျှင်
ကျွန်ုပ်ဘက်က လောကကြီးအတွက် အကောင်းဆုံးအရာများ ချန်ထားခဲ့နိုင်ဖို့နဲ့
ကျေးဇူးဆပ်ဖို့ ကျွန်ုပ်အတတ်နိုင်ဆုံး ကြိုးစားရပါဦးမည်။
" သင်..သေပြီး ပုပ်ပွ ဆွေးမြေ့သွားတာနဲ့ 
သင့်ကို အများက မေ့လျော့သွားတာမျိုး မဖြစ်စေချင်ရင်
ဖတ်သင့်ဖတ်ထိုက်တာ ဖတ်ပါ ။
ရေးသင့်ရေးထိုက်တာ ရေးပါ ။
လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ခဲ့ပါ " လို့
Benjamin Franklin က ပြောခဲ့ဖူးပါတယ်။
# မနှစ်က ဒီလိုအချိန် ရေးထားတာလေး ပြန်တင်လိုက်တာပါ။
________________________________________
m y O e w y n n _ 1 6 . 1 1 . 2 0 1 4( My Birthday)