Home

Friday, August 1, 2014

လူထုရဲ့အသံကို အလေးထားဖို့ လိုအပ်ပါတယ်။

လွှတ်တော်ဟာ လူထုအတွက် အကျိုးရှိမရှိ၊ လူထုအကျိုးအတွက် သက်ရောက်မှုရှိမရှိ ဒီမိုကရေစီရဲ့စံချိန်စံနှုန်းနဲ့ တိုင်းတာရမယ်။ လွှတ်တော်ထဲရောက်နေတဲ့သူတွေဟာ လူထုအကျိုးဆောင်သူတွေဖြစ်သင့်တယ်။ လူထုကို အမှန်တကယ် ကိုယ်စားပြုပြီး 
လူထုက ရွေးချယ်တင်မြောက်လိုက်တဲ့ကိုယ်စားလှယ်တွေဟာ မိမိတို့ကိုယ်ကို လူထုကိုယ်စားလှယ်လို့ခံယူတယ်ဆိုရင် လွှတ်တော်ထဲဝင်လိုက်တာနဲ့ လူထုဆီက လူထုဆန္ဒတွေ၊ လူထုရဲ့လိုအပ်ချက်တွေပါလာရမယ်။ လူထုရဲ့ဆန္ဒတွေ၊ လူထုရဲ့ လိုအပ်ချက်တွေယူဆောင်မလာဘဲ၊ လူထုအကျိုးအတွက်မဆွေးနွေးဘဲ လွှတ်တော်ထဲ ထိုင်နေခြင်းဟာ အချိန်ဖြုံးခြင်းနဲ့ တိုင်းပြည်ဘဏ္ဍာ ထိုင်ဖြုံးနေခြင်းဖြစ်တယ်။


မိမိကိုယ်တိုင်က လူထုဆန္ဒနဲ့ လူထုလိုအပ်ချက်တွေကို ယူဆောင်မလာနိုင်ရင်လည်း တခြားကိုယ်စားလှယ်တွေ ယူဆောင်လာတဲ့လူထုအရေးတွေမှာ ၀င်ရောက်ဆွေးနွေး နိုင်တဲ့ အရည်အချင်းရှိရမယ်။ ၀င်ရောက်ဆွေးနွေးနိုင်တဲ့ အရည်အချင်းမရှိဘူးဆိုရင် နောက်ဆုံး လက်ညှိုးထောင်ခေါင်းငြိမ့်သူများသာ ဖြစ်နေပြီး လွှတ်တော်ကို အထောက်အပံ့ပေးနိုင်မှာ မဟုတ်ဘူး။ မိမိကိုယ်တိုင်လည်း လူထုကိုကိုယ်စားပြုသူ၊ လွှတ်တော်ကို အထောက်အပံ့ပေးနိုင်သူ ဖြစ်မှာမဟုတ်ဘူး။

ဥပမာအားဖြင့် လူထုဆန္ဒက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဖြစ်နေရင် အဲဒီအခြေခံ ဥပဒေ ပြင်ဆင်ရေးကို အကောင်းဆုံးဖြစ်အောင်၊ တိုင်းပြည်နဲ့ဆီလျော်အောင်၊ အပြည်အပြည်ဆိုင်ရာ ဥပဒေတို့နဲ့လိုက်လျောညီထွေမှုရှိအောင် ၀ိုင်းဝန်း ဆွေးနွေးအကောင် အထည် ဖော်ဖို့ လိုအပ် နေပေမယ့် ဒီကနေ့ ဆွေးနွေးနေတဲ့ ရွေးကောက်ပွဲစံနစ်ပြင်ဆင်ရေး၊ PRစံနစ်ကျင့်သုံးရေးဆိုတာ လူထုဆန္ဒလား၊ ပါတီတစ်ချို့ရဲ့ကိုယ်ကျိုးလားဆိုတာ သုံးသပ်သင့်ပါတယ်။ လူထုဆန္ဒကိုလည်း အလေးထားပြီး ရယူသင့်ပါတယ်။

ရွေးကောက်ပွဲစံနစ်ပြင်ဆင်ရေး၊ PR စံနစ်ကျင့်သုံးရေးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကိုက်ညီမှု ရှိမရှိ၊ လူထုဆန္ဒနဲ့ကိုက်ညီမှုရှိမရှိ စမ်းစစ်ဖို့အရေးကြီးပါတယ်။
ဒါမှသာ လူထုအသံနဲ့ လွှတ်တော်အသံတစ်ထပ်တည်းကျမှာဖြစ်တယ်။ ဒါကြောင့် လွှတ်တော်ထဲ ရောက်နေတဲ့သူတွေ အနေနဲ့လည်း မိမိတို့ပါတီအကျိုးထက် တိုင်းပြည်ရဲ့အကျိုး၊ လူထုရဲ့အကျိုး ကို ရှေ့တန်းတင်ပြီး ဆွေးနွေးသင့်တယ်လို့မြင်ပါတယ်။ PR စံနစ်ကျင့်သုံးတယ် ဆိုတာ လူမျိုးစုတွေ များပြားတဲ့ တိုင်းပြည်အတွက် All Inclusive ဖြစ်တာမှန်ပေမယ့် ကျွန်ုပ်တို့ တိုင်းပြည်မှာ လူမျိုးစုစာရင်းတောင် အခုထိ တိကျမှန်ကန်အောင်ဖော်ပြပေးနိုင်ခြင်း 
မရှိသေးတဲ့အပြင် PR စံနစ် ကျင့်သုံးဖို့ စီစဉ်ခြင်းဟာ ရိုးသားမှုသာမရှိခဲ့ဘူးဆိုရင် လူထုကို ကိုယ်စားမပြုဘဲ၊ လူထုက ရွေးချယ်တင်မြောက်သူတွေ မဟုတ်တဲ့ ကိုယ်စားလှယ်အမည်ခံများ လွှတ်တော်ထဲရောက်လာနိုင် သလို အရည်အချင်း ပြည့်ဝမှုမရှိဘဲ မိမိတို့စိတ်တိုင်းကျရွေးချယ်
ထားပြီး လက်ညှိုးထောင် ခေါင်းငြိမ့်သူများသာ ပြည့်နှက်နေတဲ့ မဆလခေတ်က လွှတ်တော်မျိုးဖြစ်လာမှာကိုတော့ သတိပြုသင့်ပါတယ်။

လူထုဆန္ဒမပါဘဲ ပါတီအကျိုး ပါတီဆန္ဒရှေ့တန်းတင်ပြီး ယူဆောင်လာတဲ့ အကြောင်းအရာတွေ ကို အချိန်ကုန်ခံဆွေးနွေး နေကြမယ့် အစား လူထုအသံဟာ လွှတ်တော်အသံလို့ ခံယူတယ်ဆိုရင် လူထုဆန္ဒရယူဖို့ လိုပါတယ်။ ဒီမိုကရေစီစံနစ်မှာ လွှတ်တော်ဆိုတာ လူထုကိုတိုက်ရိုက်ကိုယ်စားပြုရမှာ ဖြစ်တဲ့အတွက် လူထုရဲ့အသံကို အလေးထားဖို့ လိုအပ်ပါတယ်။
______________________________________
m y O e w y n n _ 0 1 . 0 8 . 2 0 1 4