Home

Sunday, August 10, 2014

စည်းစည်းလုံးလုံး ဆက်တိုက်ကြအုံးစို့။

လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်ကျော်က
ဝါသနာတူ၊ အယူအဆတူ
အတွေးအခေါ်တူ၊ အမြင်လဲတူ
တစ်မြေထဲနေ တစ်ရေထဲသောက်
ထမင်းတစ်ဗူးထဲ အတူတူဝေစား
ချစ်လှစွာသော သူငယ်ချင်းမိတ်ဆွေများ။
မတရားတာမြင်ရင် 
ဆိတ်ဆိတ်မနေချင်
မခံချင်စိတ်ပွားလျက်
ကိုယ်ကျိုးမဲ့ လမ်းပေါ်ထွက်ပြီး
လက်သီးလက်မောင်းတန်း
အကြမ်းပတမ်း အပင်ပန်းခံ
အကြောက်အရွံ့မဲ့၊ မျှော်လင့်ချက်နဲ့
အော်ဟစ်တောင်းဆိုခဲ့
လူ့အခွင့်အရေး၊
ဒီမိုကရေစီရေး၊
တရားမျှတရေး၊
ဒို့အရေး ဒို့အရေး ဒို့အရေး။

သြော်...ခုများတော့
ဒီမိုကရေစီစကားဆို
မကြားချင်ဘူး 
နားခါးလွန်းလို့
ကျုပ်တို့က
မြန်မာ့နည်းမြန်မာ့ဟန်ဒီမိုကရေစီတဲ့။

လူ့အခွင့်အရေးအကြောင်း
မဆွေးနွေးနိုင်ဘူး 
ဝေးဝေးနေမယ်
ကျုပ်တို့က အမျိုးသားရေးတဲ့။

တရားမျှတရအောင်လား
နားထောင်မကောင်းဘူး
ပြန်ပြောင်းပြောကြ
ကျုပ်တို့က ငါနဲ့မတူငါ့ရန်သူတဲ့။

ဥပဒေစိုးမိုးရေးလား ခုနေလာမပြောနဲ့
ဖြေးဖြေးပေါ့ဗျာ
ကျုပ်တို့က ဥပဒေရေးဆွဲနေပါသတဲ့။

လုံခြုံရေးလား
ပုံပြင်မဟုတ်ဘူး ယုံချင်မှယုံကြ
ကျုပ်တို့က အထက်အမိန့်မရလို့တဲ့။

အုပ်ချုပ်ရေးလား
လုပ်ချင်သလိုလုပ် 
သူတို့ယန်စီရှိလျှက် ဧရာကိုဖျက်မယ့်
တရုတ်အားကိုး သွေးစုတ်မျိုးကို
ကျေးဇူးရှင် သတ်မှတ်လို့
ကျုပ်တို့က သန့်ရှင်းတဲ့အစိုးရ
ကောင်းမွန်တဲ့အစိုးရ တဲ့။

သူတို့ရဲ့ဝါဒမှိုင်းတွေ
ကျုပ်တို့ရဲ့ အသိုင်းအ၀ိုင်းမှာပါ
အတိုင်းသားမိကြပြန်လေတော့
အပိုင်းပိုင်းကွဲသွားကြ
အပြိုင်းပြိုင်းလွဲသွားရ
အယူအဆကွဲပြား အမြင်ခြားနား
သူငယ်ချင်းများ။

တစ်ခါတစ်ခါ
ရင်နာနာနဲ့ စဉ်းစားမိတာ
ဒီမိုကရေစီ မပေးချင်နေတော့၊
လူအခွင့်အရေးလည်း မလေးစားရင်နေပေါ့၊
တရားမျှတရေး မဆွေးနွေးတော့ဘူး၊
ကျုပ်တို့သူငယ်ချင်းများ
သွေးခွဲမသွားပါနဲ့ 
ဘေးချဲမထားပါနဲ့ လို့ပဲ
ဆွေးဆွေးမြေ့မြေ့တမ်းတချင်မိတယ်။     ။

သို့ပေမယ့်လည်း
ရင်ထဲမချိတာ အသာထားလို့
တိုင်းပြည်အကျိုး အများအကျိုးမို့
ငါတို့အရိုး မြေမကျခင်
အာဏာရှင် အမျိုးတုံးအောင်
စည်းစည်းလုံးလုံး 
ဆက်တိုက်ကြအုံးစို့လား။     ။

(အယူအဆနဲ့ အတွေးအမြင်တွေ ကွဲပြားတာကို လက်ခံနိုင်ပေမယ့် 
ဝါဒမှိုင်းမိလို့ စည်းလုံးညီညွတ်မှု ပြိုကွဲမှာကိုတော့ မလိုလားပါ)
___________________________________________
m  y  O  e  w  y  n  n _ 1 0 . 0 8 . 2 0 1 4