Home

Saturday, August 23, 2014

မိုက်ကယ်အဲရစ်၏ လူသိနည်းသော စွန့်လွှတ်အနစ်နာခံမှု အကြောင်းတစေ့တစောင်း

 အပြင်မှာ ကျနေတဲ့ နှင်းဖွဲလေးတွေကိုကြည့်ရင်း နှင်းတွေဖုံးလွှမ်းနေတဲ့ ဘူတန်နိုင်ငံက တောင်တန်းတွေကို ကိုယ် သတိရမိတယ်။ အဲဒီတုန်းက ကိုယ်က ဘူတန်ဘုရင် မိသားစုဝင်တွေ ကို စာသင်ပေးနေတဲ့အချိန်၊ စု ကတော့ တော်ဝင်နိုင်ငံခြားရေးရာ ဌာနမှာ သုသေသနပြု လုပ်ငန်းတွေ လုပ်နေတဲ့အချိန်ပေါ့ ။ ဟိမ၀န္တာတောင်ပြာ တန်းကြီးတွေရဲ့ အရိပ်အောက်မှာ
ကိုယ်တို့နှစ်ယောက် အပူအပင် ကင်းကင်းနဲ့  အများအကျိုးပြု လုပ်ငန်းတွေကို လုပ်ဆောင်ခွင့်ရခဲ့ကြတယ်လေ။

မင်းကို ချစ်ရေးဆိုခဲ့တုန်းက၊ တခြားမိန်းကလေးတွေလို “ချစ်ပါတယ်” ဆိုတဲ့ အဖြေ စကားမျိုးကို အနှောင်အဖွဲ့ ကင်းကင်းနဲ့ရခဲ့တာ မဟုတ်ပါဘူး။ “မြန်မာပြည်သူတွေရဲ့အရေးကို ဆောင်ရွက်ဖို့ လိုအပ်လာတဲ့ အချိန်မှာ ပြည်တွင်းကို ပြန်ပြီး မြန်မာ့အရေး ဆောင်ရွက်ဖို့ခွင့်ပြုရမယ်” ဆိုတဲ့ သဘောတူညီမှု အရင်ရပြီး မှသာ ကိုယ့်အချစ်ကို မင်းက လက်ခံခဲ့တာလေ။ အဲဒီအချိန်ကတည်းက မင်းရဲ့နှလုံးသားမှာ တိုင်းပြည်နဲ့မြန်မာပြည်သူပြည်သားတွေသာ ပထမ နေရာမှာရှိနေခဲ့တယ် ဆိုတာကို ကိုယ်ကောင်းကောင်း နားလည် သဘောပေါက်ခဲ့ပါတယ်။ မင်းရဲ့မွန်မြတ်တဲ့ လုပ်ငန်းစဉ်တွေ အတွက် နားလည်မှုရှိစွာနဲ့ ပါရမီဖြည့်ပေးဖို့လဲ ကိုယ်ဆုံးဖြတ်ခဲ့ ပါတယ်။

ကိုယ်တို့ရဲ့အိမ်ထောင်သက်တမ်း ၁၆ နှစ်တာ ကာလမှာ မင်းဟာ ဇနီးကောင်း၊ မိခင်ကောင်း ပီသစွာနဲ့ အိမ်ထောင်တာဝန်ကို နိုင်နိုင်နင်းနင်း တာဝန်ယူနိုင်ခဲ့တယ်။ အလုပ်တာဝန်က တစ်ဖက်နဲ့  အိမ်ကို အမြဲတမ်း သပ်သပ်ရပ်ရပ်၊ ရှင်းရှင်းလင်းလင်းနဲ့ ထားတတ်တဲ့ အကျင့်၊ ကလေးတွေအတွက် မွေးနေ့တွေ၊ ပျော်ပွဲရွင်ပွဲတွေကို မပျက်မကွက် လုပ်ပေးခဲ့ အကျင့်တွေကြောင့် ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေကြားမှာ မင်းဟာ စံပြအိမ်ရှင်မ ဖြစ်လို့နေခဲ့တယ်။
သားနှစ်ယောက် အသက် ၁၂နှစ်နဲ့ ၁၄ နှစ်အရွယ်ကို ရောက်လာတဲ့အခါ၊ မင်းမေမေ
( ဒေါ်ခင်ကြည်) နေထိုင်မကောင်း ဖြစ်တဲ့ အကြောင်း ဖုန်းရပြီး၊ မြန်မာပြည်ကို မင်းပြန်သွားခဲ့ရတယ်။ အဲဒီခရီးဟာ ကိုယ်တို့မိသားစုရဲ့ကွဲကွာခြင်းအစလို့ ကိုယ်တို့ အားလုံးကြိုတင် မသိထားခဲ့ကြဘူးနော်။

စုရေ မင်းဟာ…အိမ်ထောင်ရှင်မ ကောင်းတစ်ဦးအဖြစ်၊ မိခင်ကောင်းတစ်ဦး ဖြစ်ရုံတင်မက ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးကောင်းတစ်ယောက်လည်း ဖြစ်လို့ နေပြန်ပါရောလား။ မေတ္တာတရားပြည့်ဝတဲ့ မိခင်တစ်ဦးဘ၀ကနေ၊ နူးညံ့သိမ်မွေ့တဲ့ မြန်မာအမျိုးသမီးတစ်ဦး အဖြစ်ကနေ၊ တိုင်းပြည်က လိုအပ်လာပြီဟေ့ ဆိုတဲ့အခါမှာ ကြမ်းတမ်းတဲ့ နိုင်ငံရေးလှုပ်ရှားမှုလမ်းကြောင်းပေါ်ကို ကူးပြောင်းပြီး လူထုကို ဦးဆောင်မှုတွေ ပေးနိုင်ခဲ့ပြန်တယ်။ မိခင်တစ်ဦးအနေနဲ့ရော၊ အိမ်ထောင်ရှင်မတစ်ဦး အနေနဲ့ပါ သားတွေကို စွန့်၊ ခင်ပွန်းကို ထားသွားပြီး နိုင်ငံရေးလုပ်နေတဲ့ မင်းရဲ ပြတ်သား တဲ့ လုပ်ရပ်ကို မင်းသူငယ်ချင်းအချို့က နားမလည်စွာနဲ့ ပြောဆိုဝေဖန် ကြတိုင်း သားငယ်ကင်မ်က “မေမေဟာ သူလုပ်ရမယ့် အလုပ်တွေကို လုပ်နေတာပါ” လို့ ပြန်ပြောလေ့ရှိတယ်။ “ကျွန်မသားတွေ ကျွန်မကို လိုအပ်နေကြမှာကို ကျွန်မ အကြောက်ဆုံးပဲ” လို့ မင်းပြောခဲ့ဖူးတယ်။ ကျန်းမာရေးဂရုစိုက်ပြီး၊ နိုင်ငံရေးလုပ်ငန်း တစ်ခုတည်း အပေါ်အာရုံထားဖို့ ၊ ကလေးတွေအတွက် မပူပန်ဖို့  ဖုန်းထဲကနေ ကိုယ့်ပြောစကားတွေဟာ ကလေးတွေအပေါ် တာဝန်ကျေချင်လွန်းတဲ့ မင်းအတွက် စိတ်ဖြေစရာ ဖြစ်ခဲ့လိမ့်မယ်လို့  ကိုယ်ထင်ပါတယ်။

မြန်မာပြည်တွင်းက အခြေအနေတွေ ဖရိုဖရဲ ဖြစ်နေချိန်မှာ၊ အထူးသဖြင့် ဆက်သွယ်ရေးတွေ၊ သတင်းထုတ်ပြန်မှုတွေ ညံ့ဖျင်းလွန်းတဲ့ ကာလဖြစ်တဲ့ အချိန်မှာ ကိုယ်တို့ သားအဖတွေဟာ မင်းရဲ့ လုံခြုံရေးအတွက် အချိန်နဲ့အမျှ စိုးရိမ်ပူပန် နေခဲ့ ကြရပါတယ်။ ဖုန်းသံကြားတိုင်း မင်းဆီက ဒါမှမဟုတ် မင်းအကြောင်းပြောနိုင်တဲ့ လူတစ်ယောက်ယောက်ဆီက ဖုန်းလားလို့  အမြဲမျှော်မိခဲ့ကြတယ်။ “မေမေဘယ်တော့ ပြန်လာမလဲ” ဆိုတဲ့ ကလေးတွေ အမေးကို ခနခနဖြေရတိုင်း ကိုယ့်ရင်မှာ မချိပါဘူး။ မပြောကောင်း မဆိုကောင်း ဗိုလ်ချုပ်အောင်ဆန်းလို မင်းကို လုပ်ကြံကြမှာကိုလည်း စိုးရိမ်မိပါတယ်။ စိုးရိမ်ပူပန်ရလွန်းတဲ့ အတွက်.. မင်းကို နေအိမ်အကျယ်ချုပ်ချလိုက်ပြီ လို့ သတင်းတွေ ထွက်ပေါ်လာတဲ့ အချိန်မှာ အနည်းဆုံး အိမ်ထဲမှာ အသက်အန္တရာယ် တော့ မစိုးရိမ်ရတော့ဘူးပေါ့ ဆိုပြီး ကလေးတွေကို တင်းတင်းကြပ်ကြပ်ဖက်လို့ ကိုယ် ဖြေတွေးတွေးခဲ့ပါတယ်။

မကြာခနဆိုသလို မြန်မာအစိုးရပိုင် သတင်းစာတွေထဲမှာ နိုင်ငံခြားသား တစ်ယောက် ကို လက်ထပ်ထားတဲ့ အတွက် မင်းမှာ အပြစ်ရှိကြောင်း ဝေဖန်တိုက်ခိုက်တာတွေ ပေါ်ထွက်လာတိုင်း ကိုယ့်ကြောင့် မင်းရဲ့ လှုပ်ရှားမှုတွေကို ထိခိုက်တော့မလား ဆိုပြီး စိုးရိမ်ခဲ့ရသလို၊ ကိုယ့်ကြောင့် ပြောဆိုတိုက်ခိုက်ခံနေတာကိုလည်း စိတ်မကောင်း ကြီးစွာ ဖြစ်လို့ နေခဲ့ရပါတယ်။ မြန်မာ့အရေးအတွက် ကိုယ်လဲတတ်နိုင်တဲ့ဘက်က ပါဝင်ဆောင်ရွက်ချင်တာမို့  မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုတွေကို နိုင်ငံတကာက ထောက်ခံ အားပေးမှုတွေရလာအောင် နိုင်ငံရေး၊ ဘာသာရေး ပိုင်းမှာ လူသိများတဲ့ ပုဂ္ဂိုလ်တွေနဲ့ ကိုယ်တိတ်တဆိတ် သွားရောက်တွေ့ဆုံပြီး စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ခဲ့တယ်။ ဒါပေမယ့် ကိုယ့်ရဲ့လှုပ်ရှားမှုတွေ ကို မြန်မာအစိုးရ က သိသွားရင် မင်းကို ပိုပြီးထိခိုက်မှာစိုးတဲ့အတွက် လျှို့ ဝှက်စွာနဲ့ ကိုယ်လှုပ်ရှားခဲ့ပါတယ်။ သတင်းသမားတွေ၊ အင်တာဗျူး လာတောင်းတာတွေ ကိုလည်း ကိုယ်အတတ်နိုင်ဆုံးရှောင်ရှားခဲ့တယ်။

နေအိမ်အကျယ်ချုပ်ဘ၀နဲ့  ထိန်းသိမ်းထားတဲ့ ကာလအတွင်း၊ အထီးကျန်နေမယ့် မင်းအတွက် ကောင်းနိုးရာရာ စာအုပ်တွေပို့ပေးခဲ့တယ်။ နယ်ဆင်မင်ဒဲလားအကြောင်း၊ ဂန္ဒီအကြောင်း အစရှိတဲ့ စာအုပ်တွေ ဟာ မင်းရဲ့လှုပ်ရှားမှုတွေကို အထောက်အကူ ပြုနိုင်လိမ့်မယ်လို့ကိုယ်ထင်ပါတယ်။ အိမ်က နံရံမှာ မင်းပုံ ခပ်ကြီးကြီးတစ်ပုံကို ချိတ်ထားပြီး၊ ဧည့်ခန်းထဲမှာ မင်းအတွက် နိုင်ငံတကာက ချီးမြှင့်ထားတဲ့ ဆုတံဆိပ် မျိုးစုံတွေရယ်၊ မင်းရထားတဲ့ နိုဘယ်ဆု အပါအ၀င် တခြားဆုတံဆိပ်တွေ မျိုးစုံကို ကိုယ် ဂုဏ်ယူစွာနဲ့  ခင်းကျင်းပြင်ဆင်ထားတယ်။

စုရေ...... နေအိမ်အကျယ်ချုပ်ဘ၀နဲ့  အထိန်းသိမ်းခံဘ၀ဟာ မင်းအတွက်ရော၊ ကိုယ့်အတွက် ပါ အင်မတန်ရှည်လျားတဲ့ ကာလတွေပါ။ တခါတလေ မင်းအကြောင်း ဘာသတင်းမှ မကြားရတော့ပဲ လပေါင်းများစွာကြာသွားတဲ့ အခါတွေမှာ လူမသိ သူမသိဘ၀နဲ့  မင်းသေများသွားပြီလားလို့  တွေးပူနေချိန်မှာ ဒေါ်စုအိမ်က စနရားသံကြားရတယ်လို့  သတင်းကြားလိုက်ရလို့  ကိုယ့်မှာ ပြောမပြတတ် လောက်အောင် စိတ်သက်သာရာရ သွားတဲ့ အကြိမ်တွေလဲ မနည်းခဲ့ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ မင်းအသက်ရှင်နေကြောင်း မျှော်လင့်လို့ ရတဲ့ စန္ဒရားသံတောင် မကြားရတော့ဘူး ဆိုတဲ့အချိန်မှာ ကိုယ်သွေးပျက်ခဲ့ရပါတယ်။ စန္ဒရားပျက်သွားတာပဲလား၊ ဒါမှမဟုတ် ငွေကြေးကျပ်တည်းလို့ ရောင်းလိုက်ရတာ များလား ဆိုပြီး တွေးပူရသေးတယ်။ ကိုယ့်ဇနီးသည် တစ်ယောက်တည်း အားငယ် နေချိန်၊ အခက်အခဲတွေနဲ့  ရင်ဆိုင်နေရချိန်မှာ ခင်ပွန်းသည်တစ်ယောက် အနေနဲ့  ရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး၊ ဒါမှမဟုတ် အနားမှာ အားပေးခွင့်တောင် မပေးနိုင်တဲ့ ဘ၀ကိုလည် ကိုယ်မုန်းတီးမိပါတယ်။ ဒါပေမယ့် အများကောင်းကျိုး အတွက် သတိရှိရှိနဲ့ တိုက်ပွဲဝင်နေတဲ့ မင်းလို မိန်းမအာဇာနည်ရဲ့ ခင်ပွန်းသည် ဖြစ်ရတာကိုတော့ ကိုယ် အမြဲတမ်း ဂုဏ်ယူမိပါတယ်။

၁၉၉၅ ခု ရဲ့နေ့တစ်နေ့မှာ ဖုန်းထဲကနေ မင်းအသံကို စကြားလိုက်ရပြီး၊ နေအိမ် အကျယ်ချုပ်ဘ၀ကနေ လွတ်မြောက်လာပြီလို့  သိလိုက်ရတော့ ကလေးနှစ်ယောက် ကို လက်ဆွဲပြီး ကိုယ်တို့တွေ ပျော်ပျော်ပါးပါးနဲ့ မြန်မာပြည်ကို အပြေးသွားခဲ့ကြတယ်။ သားငယ်ကင်မ်က လူပျိုကြီးဖားဖား ဖြစ်နေတာကိုမြင်တော့ အပြင်မှာတွ့ရင်တောင် ရုတ်တရက်မှတ်မိမှာ မဟုတ်ဘူးလို့ မင်းပြောခဲ့သေးတယ်နော်။
စုရေ........ တစ်ယောက်တည်း အကျယ်ချုပ်ဘ၀နဲ့ နေခဲ့ရပေမယ့် မင်းဟာ အရင်က ထက်တောင် ပိုပြီး တည်ငြိမ်လာတာကို သတိထားမိပါတယ်။ ပန်းတွေပန်ထားတဲ့ နူးညံ့တဲ့ အပြုံးအောက်က ခိုင်မာတဲ့ယုံကြည်ချက်တွေနဲ့သံမဏိစိတ်ဓာတ်တွေကို ကိုယ်မြင်တွေ့ခဲ့ရတယ်။ အသက်အရွယ်မရွေးပါဝင်တဲ့ မင်းရဲ့အသင်းသူ၊ အသင်းသားတွေကို ဦးဆောင်မှုပေးနေတာ မြင်ရတော့ ငါတို့မိသားစုတွေ ကွဲကွာနေကြရတာ အလကား မဖြစ်ဘူးဆိုတဲ့ စိတ်နဲ့ ကိုယ်ကျေနပ်ခဲ့မိပါတယ်။

အဲဒီ ၁၉၉၅ ခုနှစ်ဟာ မင်းနဲ့ကိုယ်နဲ့ နောက်ဆုံးတွေ့ခဲ့ကြရတာပဲနော်။ ၁၉၉၈ ရောက်တော့ ကိုယ့်မှာ ကင်ဆာဖြစ်နေပြီ၊ နောက်ဆုံးအဆင့်လို့ သိလိုက်ရတော့ ကိုယ်အရမ်းကို ချောက်ခြားသွားတယ်။ လူ့  လောကကြီးထဲ နေရဖို့ အချိန်သိပ်မကျန်တော့လို့၊ မသေခင်မှာ မင်းကို လူချင်းတွေ့ပြီး နှုတ်ဆက် သွားချင်တယ်။ ဒါကြောင့် မြန်မာသံရုံး ကို သွားပြီး ဗီဇာလျှောက်ထားပေမယ့် ခွင့်မပြုခဲ့ကြဘူး။ မြန်မာအစိုးရရဲ့ဗီဇာငြင်းပယ်မှုကို အားမလျော့ဘဲ၊ ကိုယ် ထပ်ကြိုးစားပေမယ့် နောက်ဆုံး အကြိမ်ပေါင်း ၃၀လောက်ရှိလာတော့ ကိုယ်အားလျော့လာမိပြီ၊ ခန္ခာကိုယ်ကလည်း သိသိသာသာကို အားနည်းလာတယ်၊ ကိုယ့်အဖြစ်ကို စာနာပြီး ပုပ်ရဟန်းမင်းကြီးနဲ့  အမေရိကန်သမ္မတ ကလင်တန်တို့ အပါအ၀င် တခြား မိတ်ဆွေတွေက မြန်မာအစိုးရဆီကို မေတ္တာရပ်ခံစာ ရေးခဲ့ကြ ပေမယ့် ဗီဇာ မရခဲ့ပါဘူး။ ဆိုးဝါး ရက်စက်လှတဲ့ ကံကြမ္မာကို ပဲ ကိုယ်တို့ အပြစ်တင်ခဲ့ကြရတယ်။ မင်းဆီကို စစ်အရာရှိတစ်ယောက်က လာတွေ့ပြီး ကိုယ်နဲ့တွေ့ဖို့  အင်္ဂလန်ကို အချိန်မရွေးပြန်နိုင်ကြောင်း၊ လိုအပ်တဲ့ ဗီဇာကို ချက်ခြင်း ထုတ်ပေးမယ့် အကြောင်းလာပြောတယ်ဆိုတာ ကိုယ်ပြန်ကြားရတယ်။
အမှန်အတိုင်း ပြောရင် မသေခင်၊ ဝေဒနာတွေ ခံစားနေရချိန်မှာ မင်းကို အနားမှာ သိပ်ရှိနေစေချင်ပါတယ်။ ဒါပေမယ့် မြန်မာပြည်က နေထွက်လာပြီးရင် ပြည်ဝင်ခွင့် အပိတ်ခံရမှာမို့  မင်းကိုယုံကြည်အားထားနေတဲ့ ပြည်သူလူထုကို မင်းဘယ်လို အင်အားနဲ့မှ ထားရက်ခဲ့နိုင်မှာ မဟုတ်ဘူးဆိုတာ ကိုယ်သိနေပြီးသားပါ။ တိုင်းပြည်နဲ့ မိသားစုအရေး ပြတ်ပြတ်သားသား ရွေးချယ်ရမယ့် အခြေအနေတစ်ခု ကို စစ်အစိုးရက အတင်းဖန်တီး နေခဲ့ပေမယ့်၊ ကိုယ်တို့ နှစ်ယောက်က အဲဒီလို အဖြစ်မခံခဲ့ကြဘူးနော်။ ကိုယ်တို့  ချစ်သူတွေ မဖြစ်ခင်ကတည်းက တိုင်းပြည်နဲ့ ပြည်သူတွေသာလျှင် ပဓာန ဆိုတာ နှစ်ယောက်စလုံး နားလည်သဘောတူခဲ့ပြီးသားမို့၊ မင်းပြန်လာဖို့ ဆိုတဲ့ အကြောင်းကို ကိုယ်တို့ ဆွေးနွေးစရာ တစ်ခု အနေနဲ့တောင် မယူဆခဲ့ကြဘူး။

စုရေ.. ကုစရာဆေးမရှိတဲ့ ကင်ဆာရောဂါကြောင့် နာကျင်ကိုက်ခဲတဲ့ ဝေဒနာတွေကို အံကြိတ်ခံစားရင်း...ဗြိတိသျှသံရုံးကနေ တဆင့် မင်းဆက်လာမယ့် ဖုန်းကို မျှော်ရင်း၊ ပြန်ဆုံကြမယ်လို့ ကြိုးစားပြီး အားခဲနေခဲ့ပေမယ့်၊ ကိုယ် လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်လောက်အောင် အားအင်တွေချိနဲ့ လာနေပြီ။ တကယ်လို့ ကိုယ်သေ သွားခဲ့ရင် ကိုယ့်ကို လာမတွေ့နိုင်တဲ့အတွက် မင်းစိတ်မကောင်းမဖြစ်ပါနဲ့ ၊ ကိုယ်တို့မိသားစု အနစ်နာခံကြရတာတွေ အချည်းနှီးမဖြစ်ပါစေနဲ့ ။ မင်းကို ပိုပြီးလိုအပ် နေကြတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေရဲ့မျက်နှာကို ကြည့်ပါနော်။ ဖြစ်နိုင်ရင် မြန်မာပြည် ဒီမိုကရေစီရလာပြီး နောင်လာနောက်သားတွေ ကောင်းစားတာကို ကိုယ်မြင်တွေ့
သွားချင်ပါတယ်။ ဒါပေမယ့် ကိုယ့် အမြင်တွေကေ၀၀ါးလာနေပြီ.. အသက်ရှုရတာလဲ ပိုပြီးခက်လာတယ်...ဟိုး ခပ်ဝေးဝေး မှာ အပြေးလှမ်းလာနေတဲ့ မင်းရဲ့ပုံရိပ်ကလည်း ဝေးလို့ဝေးလို့ ကျန်နေခဲ့ပြီ.....
***********************************************************************
(မိုက်ကယ်၏ အမြွာညီအစ်ကို အန်ထော်နီရဲ့ပြောကြားချက်အရ ဒေါ်စုက ခင်ပွန်း ဖြစ်သူ မိုက်ကယ်အဲရစ်မသေခင် နှုတ်ဆက်စကားပြောတဲ့ ဗီဒီယိုအခွေ ကို ဗြိတိသျှ သံရုံးကနေ တဆင့် မိုက်ကယ့်ဆီကို ပို့ပေးခဲ့ပေမယ့် အဲဒီခွေဟာ မိုက်ကယ်ဆုံးပြီး ၂ရက်အကြာမှ ရောက်လာခဲ့တဲ့ အတွက် မိုက်ကယ်ကြည့်ခွင့် မရလိုက်ဘူးလို့ သိရပါတယ်)
***********************************************************************
(၀န်ခံချက်၊ ။ ဒေါ်အောင်ဆန်းစုကြည်နှင့် မိုက်ကယ်အဲရစ်အကြောင်းကို ဖတ်ဖူးသော အင်တာနက် စာမျက်နှာများမှ အချက်အလက်များအား ကိုးကားပြီး မိုက်ကယ်အဲရစ်နေရာမှ ၀င်ရောက်ခံစားကာ မိမိဘာသာ ရေးသား ထားခြင်းဖြစ်ပါသည်။ တစုံတရာ အမှားအယွင်း ရှိခဲ့ပါက စာရေးသူရဲ့ တာဝန်သဲာဖြစ်ပါကြောင်း။)
Source: http://littlevoicefromburma.blogspot.com/2011/12/blog-post_7253.html#more
________________________________________________
m y O e w y n n _ 2 2 . 8 . 2 0 1 4