ကမ္ဘာပေါ်မှာ လူမျိုးပေါင်းစုံရှိသလို
ကိုးကွယ်ယုံကြည်ရာ ဘာသာပေါင်းစုံရှိနေမှာ ဓမ္မတာပဲ။ ဘယ်နိုင်ငံမှာနေနေ၊
ဘာလူမျိုးဖြစ်ဖြစ် မိမိရဲ့လွတ်လပ်တဲ့သဘောဆန္ဒအရ ကိုယ်ယုံကြည်ရာ လွတ်လွတ်လပ်လပ်
ကိုးကွယ်နိုင်တယ်၊ ဆည်းကပ်နိုင်တယ်။ ဘာကိုမှ မယုံကြည်လို့ ဘာမှ မကိုးကွယ်ချင်ရင်လည်း
ရပါတယ်။
ဒါ လူတိုင်းရဲ့ လွတ်လပ်မှုပဲ။လူတိုင်းရဲ့
မွေးရာပါ အခွင့်အရေးပဲ။
ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာဝင်လည်း ရှိမှာပဲ။ ခရစ်ယာန်ဘာသာဝင်လည်း ရှိမှာပဲ။ အစ္စလာမ်ဘာသာဝင်လည်း ရှိမှာပဲ။ ဟိန္ဒူဘာသာဝင်လည်း ရှိမှာပဲ။ တခြားတခြား မိမိယုံကြည်ရာကိုးကွယ်နေကြတဲ့ ဘာသာဝင်တွေလည်း ရှိမှာပဲ။ ဘာသာမဲ့တွေနဲ့ ဘာသာလွတ်တွေလည်း ရှိမှာပဲ။
ခရစ်ယာန်ဘာသာဝင်တွေက ယေရှုခရစ်ရဲ့တရားဓမ္မနဲ့ ဘ၀တည်ဆောက်မှုကို ယုံကြည်နှစ်သက်လို့ ယေရှုခရစ်ရဲ့လမ်းစဉ်နဲ့အညီ ထာဝရဘုရားသခင်ကို ကိုးကွယ်တယ်။ အစ္စလာမ်ဘာသာဝင်တွေက တမန်တော်မုဟမ္မဒ်ရဲ့ တရားဓမ္မနဲ့ ဘ၀တည်ဆောက်မှုကို ယုံကြည်နှစ်သက်လို့ တမန်တော် မုဟမ္မဒ်ရဲ့သွန်သင်ပြသမှုနဲ့ အညီ ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်ကို ကိုးကွယ်တယ်။ ဗုဒ္ဓဘာသာဝင်တွေက ဂေါတမမြတ်စွာဘုရားရဲ့တရားဓမ္မနဲ့လမ်းညွှန်မှုကို ယုံကြည်နှစ်သက်လို့ ဂေါတမမြတ်စွာဘုရားကို ကိုးကွယ်တယ်။ ဟိန္ဒူဘာသာဝင်တွေ၊ ဂျူးဘာသာဝင်တွေလည်း သူတို့ဘာသာအလျောက် သူတို့ယုံကြည်ရာ ကိုးကွယ်တယ်။ အခြားဘာသာဝင်တွေလည်း ဒီအတိုင်းပဲ။
ဒါတွေက ကိုးကွယ်ယုံကြည်မှုအပိုင်းတွေပါ။ ကိုးကွယ်ယုံကြည်မှုနဲ့ပတ်သက်လို့ဘာမှဝေဖန်စရာ၊ စောဒကတက်စရာ မလိုပါဘူး။ ကိုးကွယ်ရာအသီးသီးကို ဘယ်လိုပဲ ကိုးကွယ်၊ ကိုးကွယ် ကိစ္စမရှိပါဘူး။ ကိုယ်နှစ်သက်တာ ကိုယ်ကိုးကွယ်လို့ရပါတယ်။ ဘယ်ဘာသာတရားကမှ ယုတ်ညံ့တာတွေ၊ မကောင်းတာတွေ၊ ဆိုးရွားတာတွေ၊ အဖျက်အမှောက်လုပ်ရပ်တွေ သင်မပေးပါဘူး။
ဘာသာတရားတိုင်းဟာ လောကလူသား အားလုံးကောင်းကျိုးအတွက် သွန်သင်ဆုံးမတဲ့ တရားတွေ ဟောခဲ့ကြတာဖြစ်တယ်။ ဘာသာတရားတိုင်းဟာ လူသားအားလုံးရဲ့ စိတ်နှလုံးကို သူ့နည်းသူ့ဟန်နဲ့အသီးသီး ငြိမ်းချမ်းမှု ပေးနိုင်ကြပြီး လူသားတို့စိတ်နှလုံးကို ယဉ်ကျေးစေအောင် ပြုပြင်ပေးတာပဲဖြစ်တယ်။
ဘယ်ဘာသာဝင်မဆို ဘယ်ဘုရားကိုပဲ ကိုးကွယ်၊ ကိုးကွယ်။ ကိုးကွယ်စရာတွေ အားလုံးကို အကုန်လုံး သိမ်းကျူံး ကိုးကွယ်ချင် ကိုးကွယ်နေပါစေ။ စိတ်ဓာတ်တွေ မပြုပြင်သေးသမျှ ကာလပတ်လုံး အဲဒီလူမျိုးစုတွေရဲ့ စိတ်ဓာတ်ဘယ်တော့မှ ငြိမ်းချမ်းမှာမဟုတ်ဘူး။ စိတ်ဓာတ်ဘယ်တော့မှ ယဉ်ကျေးမှာမဟုတ်ဘူး။ စိတ်ဓာတ် မယဉ်ကျေးသေးသမျှ အဲဒီလူမျိုးစုတွေရဲ့စိတ်ထဲမှာ ဘာမှ ပြည့်စုံမှာ မဟုတ်ဘူး။ စိတ်ဓာတ်ယဉ်ကျေးမှသာ စိတ်ဓာတ်ငြိမ်းချမ်းမှာဖြစ်တယ်။
စိတ်ဓာတ်ယဉ်ကျေးမှု အပြည့်အ၀ရအောင် စပြီးကြိုးစားရမှာဖြစ်တယ်။ စိတ်ဓာတ် ယဉ်ကျေးမှုရဖို့ ဆိုတာ ကိုယ့်ဘာသာမှ ကိုယ့်ဘာသာ၊ ကျန်တာအားလုံး မကောင်းဘူးလို့ တစ်ဖက်သတ် အစွန်းရောက် ထင်မြင်ပြောဆိုနေခြင်းတွေ ရှောင်ရမယ်။ ဘာသာရေးသွေးခွဲမှု၊ သွေးကွဲမှုတွေ ရှောင်ရမယ်။ အယူအဆမတူတာ သဘောထား ကွဲပြားခြားနားတယ်ဆိုတာသဘာဝပဲ ။ လူမျိုးဘာသာမရွေး အတူ လက်တွဲနေထိုင်နိုင်ရမယ်။ လူသားတိုင်း ရသင့်ရထိုက်သော ရပိုင်ခွင့်၊ ခံစားခွင့်တွေကို လူမျိုးဘာသာမရွေး ရရှိခံစားသင့်တယ်ဆိုတာ လက်ခံနိုင်စိတ်မွေးရမယ်။ ဘာသာအချင်းချင်း၊ လူမျိုးအချင်းချင်း အမြင်ကျယ်ကျယ်နဲ့ နားလည်မှုရှိပြီး ဘာသာရေး အစွန်းမရောက်ဖို့လိုတယ်။ ဘာသာအချင်းချင်း၊ လူမျိုးအချင်းချင်းကြား အပြန်အလှန်တန်ဖိုးထားဆက်ဆံရမယ်။ ဘယ်ဘာသာ၊ ဘယ်လူမျိုးမှ တစ်ခုအပေါ် တစ်ခု အန္တရာယ်သက်ရောက်စေတာမျိုးကို လက်မခံသင့်ဘူး၊ ဘာသာတရားတစ်ခုက နောက်ဘာသာတရားတစ်ခုကို ဘာအကြောင်းနဲ့မှ အနိုင်ကျင့်စရာ၊ နှိမ်ချစော်ကား စရာ၊ အကြမ်းဖက်စရာ၊ စစ်ဆင်နွဲစရာ အကြောင်းမရှိပါဘူး။
လူ့လောကမှာ လူသားအချင်းချင်း မုန်းတီးစိတ်မထားရဘူး ၊ မေတ္တာစိတ်ထား
ကြရမယ် ။ ဘာသာတရားတိုင်းက ငြိမ်းချမ်းမှုကိုပဲ အခြေခံထားတာ မေတ္တာတရားကိုပဲ အခြေခံထားတာတွေ့ရပါတယ်။ လူတိုင်း ကိုယ် ယုံချင်တာ လွတ်လပ်စွာယုံခွင့်ရှိတယ်။ လူတိုင်း ကိုယ် ယုံချင်တာကို အခိုင်အမာကိုင်စွဲထားခွင့် ရှိတယ်ဆိုတာကို နားလည် သဘောပေါက်ပြီး မငြိုမငြင် လက်ခံနိုင်ခြင်းဟာ စိတ်ဓာတ် ယဉ်ကျေးမှု အထက်တန်း ကျသူများရဲ့ အခြေခံလူ့ကျင့်ဝတ် တစ်ခုဖြစ်တယ်။
အထူးသဖြင့် ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ ပိုပြီးဂရုစိုက်ဖို့လိုတယ်။ ကိုယ်ကိုးကွယ်ရာဘာသာတရားကလွဲပြီး တစ်ခြားသူတွေရဲ့ကိုးကွယ်ရာတွေကို စော်ကားတာ၊ နှိမ်ချတာ၊ အပြစ်ဆိုတာတွေမလုပ်အပ်ဘူး။ ကိုယ့်ဘာသာတရားကို ကိုယ်လေးစားသလို တစ်ခြားဘာသာတရားတွေကို လေးစားဖို့ လိုအပ်တယ်။ ပြည့်ပြည့်စုံစုံသိအောင် လေ့လာထားသင့်တယ်။ ဘာသာတရားတွေဟာ အပြန်အလှန်လေးစားသင့်ပါတယ်။ ဘာသာရေးခေါင်းဆောင်လို့ အမည်ခံထားပြီး ကမ္ဘာ့လူသားတွေ ကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားတွေကို စော်ကားမော်ကား ပြောကြား၊ ဟောကြားလာပြီဆိုရင် မိမိဘာသာတရားကို ရောင်ပြန်ဟပ်လာနိုင်တယ်။ မိမိဘာသာတရားကိုလည်း အပြစ်ဖို့တာတွေဖြစ်လာနိုင်တယ်။ မိမိကိုးကွယ်ရာ ဘာသာတရားကို ပျက်စီးအောင်လုပ်ခြင်းသာဖြစ်တယ်။ ဘာသာရေးခေါင်းဆောင်ဆိုသူတွေက ပိုပြီး စိတ်ဓာတ်ယဉ်ကျေးဖို့ လိုအပ်ပါတယ်။ စံပြစိတ်ဓာတ်ပိုင်ရှင်တွေ
ဖြစ်သင့်တယ်။ စိတ်ဓာတ် ယဉ်ကျေးမှု အထက်တန်းကျသူတွေဖြစ်သင့်တယ်။
အဲဒီလို စိတ်ဓာတ်ယဉ်ကျေးမှုရအောင်ကြိုးစားလာပြီဆိုရင် စိတ်ဓာတ်ငြိမ်းချမ်းမှုကို မလွဲမသွေရလာမှာဖြစ်တယ်။ စိတ်ဓာတ်ယဉ်ကျေးမှု ၊ စိတ်ဓာတ်ငြိမ်းချမ်းမှုတွေကို အပြည့်အ၀ ကျင့်သုံးမှသာ လူသားဝါဒကိုသဘောပေါက်မှာဖြစ်ပါတယ်။ လူသားမျိုးနွယ်၊ လူသားဖြစ်တည်မှု၊ လူ့ဗီဇအခြေခံကို အသိအမှတ်ပြုတန်ဖိုးထားပြီး၊ လူသားမျိုးနွယ်တိုင်းကို အားလုံးတန်းတူညီတူ အခွင့်အရေး ရပိုင်ခွင့် ခံစားပိုင်ခွင့်၊ တန်ဖိုးထားလေးစားမှု ခံယူပိုင်ခွင့်တွေပေးအပ်လာမယ်။
သို့မှသာ စိတ်ဓာတ်ယဉ်ကျေးမှုရှိပြီး စိတ်ဓာတ်ငြိမ်းချမ်းမှုနှင့်အတူ လူသားဝါဒ အခြေခံတဲ့ ဒီမိုကရေစီလူ့ဘောင်ကို ချီတက်နိုင်မှာဖြစ်ပါတယ်။
______________________________________
m y O e w y n n _ 2 7 . 8 . 2 0 1 4
အဲဒီလို စိတ်ဓာတ်ယဉ်ကျေးမှုရအောင်ကြိုးစားလာပြီဆိုရင် စိတ်ဓာတ်ငြိမ်းချမ်းမှုကို မလွဲမသွေရလာမှာဖြစ်တယ်။ စိတ်ဓာတ်ယဉ်ကျေးမှု ၊ စိတ်ဓာတ်ငြိမ်းချမ်းမှုတွေကို အပြည့်အ၀ ကျင့်သုံးမှသာ လူသားဝါဒကိုသဘောပေါက်မှာဖြစ်ပါတယ်။ လူသားမျိုးနွယ်၊ လူသားဖြစ်တည်မှု၊ လူ့ဗီဇအခြေခံကို အသိအမှတ်ပြုတန်ဖိုးထားပြီး၊ လူသားမျိုးနွယ်တိုင်းကို အားလုံးတန်းတူညီတူ အခွင့်အရေး ရပိုင်ခွင့် ခံစားပိုင်ခွင့်၊ တန်ဖိုးထားလေးစားမှု ခံယူပိုင်ခွင့်တွေပေးအပ်လာမယ်။
သို့မှသာ စိတ်ဓာတ်ယဉ်ကျေးမှုရှိပြီး စိတ်ဓာတ်ငြိမ်းချမ်းမှုနှင့်အတူ လူသားဝါဒ အခြေခံတဲ့ ဒီမိုကရေစီလူ့ဘောင်ကို ချီတက်နိုင်မှာဖြစ်ပါတယ်။
______________________________________
m y O e w y n n _ 2 7 . 8 . 2 0 1 4