အစ္စလာမ်ဘာသာဝင်တွေအပေါ် တစ်ဖက်သတ် အကွက်ဆင်ပြီး အကြမ်းဖက်မှုတွေ ဖြစ်နေတာကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွေအပေါ် မလိုလားသူတစ်စု နဲ့ အပေါင်းအပါတို့ရဲ့ နောက်ကြောင်းမျှော်လုပ်ရပ်တွေဆိုတာ အထင်အရှားမြင်တွေ့ နေရပါတယ်။ လူမျိုးစွဲပြင်းထန်ပြီး တိုင်းပြည်တွင်းက ခွဲထွက်လိုသူတို့ပါဝင်နေတဲ့ လူမျိုးစုပါတီတစ်ချို့ကလည်း တည်ငြိမ်မှု ပျက်ပြားအောင် သွေးထိုးလှုံ့ဆော်ပြီး ဖန်တီးနေတာသာဖြစ်ပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံမှာ ကိုယ်ကျိုးရှာသမားတွေက မိမိကိုယ်ကျိုးအတွက် အသုံးချချင်လာရင်၊ ပြဿနာတွေ ပဋိပက္ခတွေ အကြမ်းဖက်မှုတွေနဲ့ လုယက်မှုတွေ ဖန်တီးတော့တာပဲ။ ခေတ်အဆက်ဆက် ပြဿနာတွေ ပဋိပက္ခတွေဖန်တီးဖို့လှုံ့ဆော်တဲ့အခါမှာလည်း လူမျိုးရေးဘာသာရေးကိုခုတုံးလုပ်ပြီး ရန်တိုက်ပေးတဲ့ အစဉ်အလာက ပုံသေနည်းတစ်ခုလိုဖြစ်နေတယ်။ ပြည်တွင်းရှိ ဘယ်ဘာသာဝင်မဆို မိမိတို့ဘာသာ သာသနာရဲ့အဆုံးအမအောက်မှာ ဘာသာရေးကျင့်ဝတ်အရ အေးအေးလူလူ ငြိမ်းငြိမ်းချမ်းချမ်း သင့်သင့်မြတ်မြတ် နေထိုင်ကြတာကို အခွင့်ကောင်းယူပြီး သွေးခွဲလိုသူတစ်စုက အစွန်းရောက်များကို သွေးထိုးလှုံ့ဆော် ၀ါဒမှိုင်းတိုက်ပေးပြီး အနိုင်ကျင့်စော်ကား အကြမ်းဖက်မှုတွေနဲ့ လုယက်မှုတွေ ဖန်တီးလေ့ရှိတာကို တွေ့ရပါတယ်။
ဘယ်ဘာသာဝင်မဆို မိမိတို့ရဲ့ သာသနိကအဆောက်အဦတွေကို အထွဋ်အမြတ်ထားတတ်ကြတယ်။သာသနိကအဆောက်အဦတွေဆိုတာ သာသနာဝင်တို့ရဲ့နှလုံးသားတွေဖြစ်တယ်ဆိုတာကို သိလို့ ရည်ရွယ်ချက်ရှိရှိ မီရှို့ဖျက်ဆီးတာတွေဟာ တစ်ဖက်က သီးခံနိုင်တဲ့အတိုင်းအတာကျော်လွန်အောင် လှုံ့ဆော်မှုတစ်ရပ်ဖြစ်တယ်။
အခုလို ခေတ်ပြောင်းစနစ်ပြောင်း ဒီမိုကရေစီကိုပြောင်းလဲဖော်ဆောင်နေတဲ့အချိန်မှာ ဒီလို ပြဿနာတွေ ပဋိပက္ခတွေ အကြမ်းဖက်မှုတွေ ဖန်တီးနေတာမျိုးမရှိသင့်တော့ပါဘူး။
လှုံ့ဆော်တဲ့သူတွေ၊ ဖန်တီးတဲ့သူတွေဟာ မိမိတို့အာဏာရရှိရေးအတွက် ဘာသာရေး လူမျိုးရေးကို ခုတုံးလုပ်ပြီး ပြည်တွင်းရှိ အစ္စလာမ်ဘာသာဝင်မုစ်လင်မ်တွေကို ပစ်မှတ်ထား စော်ကားအကြမ်းဖက်မှုတွေဟာ ဗုဒ္ဓဘာသာဝင်အမည်ခံ အာဏာရှင်စနစ်ခုံမင်သူများနဲ့ သူတို့ရဲ့လက်ကိုင်ဒုတ်အင်အားစုတွေဖြစ်တယ် ဆိုတာလည်း ထင်ရှားပါတယ်။
စနစ်တကျ စီစဉ်အကွက်ချပြီး ပြည်တွင်းမှာရှိတဲ့ နိုင်ငံသားအချင်းချင်းသွေးခွဲကာ ရန်တိုက်ထားခြင်းအပြင် မငြိမ်းချမ်းအောင်၊ အထိတ်တလန့်ဖြစ်နေအောင်ပြုလုပ်ထားပြီး ဒီမိုကရေစီကို ပုံပျက်ပန်းပျက်အဖြစ်မြင်အောင် ဖန်တီးနေခြင်းသာဖြစ်ပါတယ်။ ဥပဒေအရ အရေးမယူနိုင်သေးတာ၊နောက်ကွယ်ကကြိုးကိုင်သူကို မဖော်ထုတ်နိုင်သေးတာကို ကြည့်ခြင်းအားဖြင့် ဒါကိုတော့ ပြည်သူတစ်ရပ်လုံးကမြင်တတ်အောင်
သဘောပေါက်ဖို့တော့လိုနေပြီလို့ထင်ပါတယ်။
အခုအချိန်အထိ မမြင်တတ်သေးသဘောမပေါက်သေးဘူးဆိုရင်တော့ ၈၈ အရေးအခင်းကလို ဂိုဒေါင်တွေ ဖောက်လို့ ကုန်တော့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေဖက်လှည့်လာပြီး မင်းမဲ့စရိုက် အသွင်ဆောင်အောင် ဖန်တီးလာတာ တွေ့ရပါတယ်။ အခုလည်း အဲဒီလို အခြေအနေမျိုးကိုတွန်းပို့ပြီး အစ္စလာမ်ဘာသာဝင်မုစ်လင်မ်တွေရဲ့ ဥစ္စာပစ္စည်းတွေပြီးရင် အားလုံးဘက်လှည့်အောင်ဖန်တီးမယ့် အခြေအနေဖြစ်လာနိုင်တယ်ဆိုတာ သတိဝီရိယရှိဖို့လိုပါတယ်။ တိုင်းပြည်ရဲ့တည်ငြိမ်မှုပျက်ပြားအောင်
ဖန်တီးပြီး အာဏာရှင်တို့ရဲ့ထောင်ချောက်ထဲ မ၀င်ဝင်အောင် တွန်းပို့နေတာကို မြင်တွေ့နေရပါတယ်။
ဒါကြောင့်မို့ တိုင်းပြည်ကို တိုးတက်စေလိုသူတွေ၊ နိုင်ငံချစ်စိတ်ရှိသူတွေ ငြိမ်းချမ်းစွာနေထိုင်လိုသူတွေအနေနဲ့
ပြည်တွင်းမှာရှိတဲ့ ဘယ်ဘာသာဝင် ဘယ်လူမျိုးဖြစ်စေ ပြဿနာတွေ ပဋိပက္ခတွေ အကြမ်းဖက်မှုတွေ ဖန်တီးနေတဲ့ လက်သည်တရားခံ အစစ်အမှန်ကို ပူးပေါင်းဖော်ထုတ်ရမှာဖြစ်ပါတယ်။ ပူပေါင်းဆန့်ကျင်ရမှာဖြစ်ပါတယ်။ လှုံ့ဆော်တဲ့သူတွေ၊ ဖန်တီးတဲ့သူတွေ၊ အားပေးအားမြှောက်ပြုနေသူတွေနဲ့ ၀ိုင်းပြီးဘေးတီးပေးနေသူတွေကို လူမျိုးအသီးသီး ဘာသာအသီးသီး နိုင်ငံသားတိုင်းက ပူပေါင်းဆန့်ကျင်ရမယ်။ ဒါမှသာ ခိုင်မာ တည်တံ့ တည်ငြိမ်ငြိမ်းချမ်းတဲ့ ဒီမိုကရေစီစနစ်ဆီ လျှောက်လှမ်းနိုင်မှာဖြစ်ပါကြောင်း တင်ပြ လိုက်ရပါတယ်။
______________________________
m y O e w y n n _ 0 1 . 0 8 . 2 0 1 4