ပြည်ထောင်စုသားမွတ်စလင်မ်များ ပြည်လုံးကျွတ် ညီလာခံကျင်းပရေး ကော်မတီ ဆိုတာ ဘာသာရေးအဖွဲ့အစည်းမဟုတ်သလို၊ နိုင်ငံရေးအဖွဲ့အစည်းလည်း မဟုတ် ပါဘူး။ မွတ်စလင်မ်လူမျိုးစုတွေကို အခြေခံတဲ့ အဖွဲ့အစည်းလည်း မဟုတ်ပါဘူး။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တစ်ဝှမ်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား၊ နိုင်ငံသား ပြည်ထောင်စုသား မွတ်စလင်မ်တွေရဲ့ အမျိုးသားရေးရာ ကိစ္စတွေကို ဖော်ဆောင်နိုင်ဖို့နဲ့
ရင်ဆိုင်ကြုံတွေ့နေရတဲ့ခါးသီးမှုတွေကို ဥပဒေဘောင်အတွင်းက ဖြေရှင်းနိုင်ဖို့ ဖြစ်ပါတယ်။
ပြည်ထောင်စုသားမွတ်စလင်မ်များ ပြည်လုံးကျွတ် ညီလာခံကျင်းပရေးကော်မတီရဲ့ ယုံကြည်ချက်ဟာ ပြည်ထောင်စုကြီးတစ်ခုလုံးရဲ့အကျိုးစီးပွားဟာ ပြည်ထောင်စုသား အားလုံးအတွက် အကျိုးစီးပွားဖြစ်သလို၊ ပြည်ထောင်စုသားအားလုံးရဲ့အကျိုးစီးပွား ဟာလည်း ပြည်ထောင်စုသားမွတ်စလင်မ်တွေ အားလုံးရဲ့အကျိုးစီးပွားဖြစ်တယ်လို့ ယုံကြည်ပါတယ်။
ပြည်ထောင်စုသား မွတ်စလင်မ်တွေအနေနဲ့ မိမိတို့ဟာ ပြည်ထောင်စုနဲ့ ခွဲမရတဲ့ အစိတ်အပိုင်းတွေဖြစ်တာနဲ့အညီ မိမိတို့ရဲ့အကျိုးစီးပွားဟာ ပြည်ထောင်စုရဲ့အကျိုး စီးပွားနဲ့ အပြန်အလှန် ဆက်နွယ်နေတယ်ဆိုတာ ပြသဖို့ ဖြစ်ပါတယ်။ ပြည်ထောင်စုသား မွတ်စလင်မ်တွေဟာ ပြည်ထောင်စုကြီးရဲ့ အစိတ်အပိုင်းဖြစ်တဲ့ အတွက် ပြည်ထောင်စုသားအားလုံးနဲ့ တန်းတူညီတူ အခွင့်အရေးရရှိရမှာ ဖြစ်သလို၊ ပြည်ထောင်စုရဲ့တာဝန်တွေကိုလည်း တန်းတူညီတူ ထမ်းဆောင်နိုင်ခွင့်ရှိရမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုသားမွတ်စလင်မ်တွေဟာ မြန်မာသမိုင်းတစ်လျှောက်မှာ မြန်မာနိုင်ငံရဲ့ သမိုင်းဝင်၊ ပြန်တမ်းဝင် လူ့အဖွဲ့အစည်းဖြစ်ကြောင်း ကျန်လူ့အဖွဲ့အစည်းတွေ သိရှိ နားလည်အောင်၊ သံသယတွေ ကင်းရှင်း ပပျောက်အောင်၊ ကြိုးစားဖို့လည်း လိုအပ် နေတဲ့အချိန်ဖြစ်ပါတယ်။ ဒါမှသာ ပြည်ထောင်စုသား မွတ်စလင်မ်တွေရဲ့အကျိုးကို ဆောင်ရွက်ရင်း ပြည်ထောင်စုရဲ့အကျိုး၊ ပြည်ထောင်စုသားအားလုံးရဲ့အကျိုးကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
ယခုအချိန်ဟာ ဒီမိုကရေစီပြောင်းလဲဖော်ဆောင်ရေးအတွက် အရေးကြီးတဲ့ကာလ ဖြစ်လို့ အရည်အချင်းပြည့်ဝတဲ့ ဦ်းဆောင်မှုတွေဟာ တစ်နိုင်လုံး အတွက်ရော၊ လူအဖွဲ့အစည်းတိုင်းအတွက်ပါ လိုအပ်နေတဲ့အချိန်ဖြစ်ပါတယ်။ ဒါကြောင့် ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲ၊ အဖွဲ့အစည်းစွဲ၊ လူမျိုးစွဲကိစ္စတွေကို ရှေ့တန်းမတင်ဘဲ၊ တိုင်းနဲ့ပြည်နယ် အသီးသီးမှ မြို့နယ်အဆင့်ထိ အခြေခံပြီး ပြည်ထောင်စုသားမွတ်စလင်မ်တွေကို ကိုယ်စားပြုတဲ့ ညီလာခံကြီးတစ်ခု အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖွဲ့စည်း ဆောင်ရွက်နေတာဖြစ်ပါတယ်။ လက်ရှိ ညီလာခံကျင်းပရေးကော်မတီရဲ့ သက်တမ်း ကလည်း ညီလာခံကြီး အောင်မြင်စွာကျင်းပပြုလုပ်ပြီးစီးတဲ့ အချိန်ထိသာဖြစ်ပါတယ်။
ညီလာခံကျင်းပရေးကော်မတီရဲ့ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်နဲ့ ဆောင်ရွက်မယ့်၊ ဆောင်ရွက်ဆဲ ဆောင်ရွက်ချက်တွေကိုလည်း နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့ အပါအ၀င် လွှတ်တော်များနဲ့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေကို အသိပေးပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နေတဲ့ကော်မတီဖြစ်ပါတယ်။
ဒါကြောင့်မို့ ပြည်ထောင်စုတစ်ဝှမ်းလုံးမှာရှိနေကြတဲ့ ပြည်ထောင်စုသား မွတ်စလင်မ်တွေအနေနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ တိုးတက်ဖွံ့ဖြိုးရေး၊ သာတူညီမျှအခွင့်အရေး ရရှိရေး၊ နိုင်ငံသားအခွင့်အရေး အပြည့်အ၀ရရှိရေးနဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ သဟဇာတဖြစ်ရေး ဆိုတဲ့ မူတွေအပေါ်မှာ အခြေခံပြီး ပြည်ထောင်စုသားမွတ်စလင်မ်တွေ အားလုံးရဲ့ဘုံအကျိုး စီးပွားအတွက် ပြည်လုံးကျွတ်ညီလာခံကြီး အောင်မြင်စွာကျင်းပနိုင်ရေးမှာ မိမိတို့ရဲ့မတူကွဲပြားတဲ့ အယူဝါဒ အစွဲအလန်းတွေကို တစ်ဦးနဲ့တစ်ဦး အပြန်အလှန် နားလည်ခွင့်လွှတ်မှုထားပြီး ပြည်ထောင်စုသား မွတ်စလင်မ်ဆိုတဲ့ ကောင်းကင်ကြီး အောက်မှာ အားလုံးညီညီညွတ်ညွတ် ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းလိုက် ရပါတယ်။
_________________________________________
m y O e w y n n _ 3 1 . 0 8 . 2 0 1 4