Home

Saturday, August 9, 2014

ဘာသာတရားရဲ့ ဂုဏ်သိက္ခာကိုပါ ညှိုးနွမ်းအောင်ပုံဖော်နေတာပဲ

အစွန်းရောက်ခြင်းကိုတော့ ကျူပ်က အရမ်းမုန်းတယ်ဗျ။ အစွန်းရောက်ခြင်းက ကိုးကွယ် ယုံကြည်တဲ့ ဘာသာတရားနဲ့ မသက်ဆိုင်ဘူးလို့တော့ ယုံကြည်တယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ဘာသာတရားမှ အစွန်းရောက်တာမရှိဘူး။ ဘာသာတရားအသီးသီးရဲ့ မဟာလူသား မြတ်တမန်တော်တွေ၊ မနုဿဘုရားရှင်တွေနဲ့ အလင်းပြပုဂ္ဂိုလ်တွေလည်း
အစွန်းမရောက်ကြ ပါဘူး။အားလုံးက မဇ္ဈိမပဋိပဋာဝါဒလမ်းစဉ်နဲ့ ငြိမ်းချမ်းရေးဝါဒ၊မေတ္တာဝါဒကိုဖော်ဆောင်ခဲ့တဲ့ သူတွေ၊ လမ်းညွှန်ခဲ့တဲ့သူတွေပါ။ အစွန်းရောက်ဝါဒကို ဖော်ဆောင်ခဲ့တယ်၊လမ်းညွှန်ခဲ့တယ်၊ ဟောကြားခဲ့တယ်ဆိုတာ မရှိခဲ့ဘူး။

ဒါပေမယ့် ဘာသာတရားတွေကို ကိုးကွယ်ယုံကြည်ပါတယ်လို့ပြောနေတဲ့သူတွေကတော့ အစွန်းရောက်နေကြတာတွေ့ရတယ်။ ဘာသာရေးခေါင်းဆောင် ၀တ်ရုံခြုံပြီး အမုန်းတွေ၊ အာဃာတတွေဖြစ်စေတဲ့ အစွန်းရောက်တရားတွေ ဟောနေ၊ ပြောနေ၊ ၀ါဒဖြန့်နေကြတာ တော့ အံ့သြစရာပဲဗျ။

အစွန်းရောက်ခြင်းဆိုတာ ကိုးကွယ်ယုံကြည်တဲ့သူတွေနဲ့ပဲ ဆိုင်တယ်။ အစွန်းရောက် ၀ါဒီတွေနဲ့ပဲ ဆိုင်တယ်။ ဘာသာတရားနဲ မဆိုင်ဘူး။ ဘာသာတရားတွေက လူသားအချင်းချင်း၊ ဘာသာတရားအချင်းချင်း မုန်းတီးဖို့၊ အတ္တကြီးဖို့၊ စော်ကားဖို့တွေ မသင်ကြားခဲ့ဘူး။ ဒါကြောင့် ဘာသာတရားတွေကိုတော့ ကျုပ်မမုန်းဘူး။ မစော်ကားဘူးဗျ။ ဘာသာတရားတိုင်းကို လေးစားတယ်။ တန်ဖိုးထားတယ်။ ဘာသာတရားအချင်းချင်း မုန်းတီးမှုတွေ မဖန်တီးသင့်ဘူး၊ မစော်ကားသင့်ဘူးလို့ ခံယူတယ်ဗျာ။

ဘာသာတရားတွေက လူသားတွေ ယဉ်ကျေးဖို့ လမ်းညွှန်နေပါလျက်နဲ့ အစွန်းရောက်ပြီးရိုင်းစိုင်းနေတယ်၊ စော်ကားနေတယ်ဆိုတာ ဘာသာတရားအသီးသီးရဲ့ မဟာလူသားမြတ်တမန်တော်တွေ၊ မနုဿဘုရားရှင်တွေနဲ့ အလင်းပြပုဂ္ဂိုလ်တွေကိုသာမက မိမိလက်ခံ ယုံကြည် ကိုးကွယ်ကျင့်သုံးနေတဲ့ ဘာသာတရားရဲ့ ဂုဏ်သိက္ခာကိုပါ

ညှိုးနွမ်းအောင် ပုံဖော်နေတာပဲလို့ ခံစားရတယ်ဗျာ။ စိတ်မကောင်းစရာပါ ။
________________________________________
m y O e w y n n _ 0 9 . 0 8 . 2 0 1 4