အဲဒါကတော့ မွတ်စလင်မ်တွေဟာ ဘာသာခြားတွေကို အစ္စလာမ်ဘာသာထဲ အဓမ္မသွင်းဖို့ ကြိုးစားကြရမယ်။ အစ္စလာမ်ဘာသာထဲဝင်ဖို့ ငြင်းဆန်တဲ့သူတွေကို တွေ့ရာသင်္ချိုင်းဓါးမဆိုင်းဘဲ တိုက်ခိုက်သတ်ဖြတ်ဖို့ မွတ်စလင်မ်တွေရဲ့ကုရ်အာန်ကျမ်းစာမှာသွန်သင်ထားတယ်။ ဒါကြောင့် တမန်တော်မုဟမ္မဒ်နဲ့ မွတ်စလင်မ်တွေဟာ အကြမ်းဖက်သမားတွေ ကမ္ဘာ့လူသားတွေရဲ့ ရန်သူဖြစ်တယ်ဆိုပြီး လူတွေယုံလောက်အောင် နည်းပညာမျိုးစုံနဲ့ဝါဒ ဖြန့်ချိလာနေတာကို တွေ့ရပါတယ်။
ဖြစ်ရပ်မှန်အချို့ကိုအကြောင်းပြုပြီး လုပ်ကြံဇာတ်များ ဖန်တီးတာရှိသလို၊ ဇာတ်နာအောင် မဟုတ်မှန်ဘဲ လုပ်ကြံပြောဆိုရေးသားမှုတွေလည်း အမြောက်အမြားရှိနေပါတယ်။
ဥပမာ - ဗုဒ္ဓဘာသာဝင်တစ်ဦးဟာ အစ္စလာမ်ဘာသာထဲကို ၀င်မယ်ဆိုရင် ဟုတ်မဟုတ်စမ်းစစ်တဲ့အနေနဲ့ ဗုဒ္ဓရဲ့ပုံတော်ပါတဲ့ကားချပ်ကို ခြေထောက်နဲ့နင်းပြရတယ်ဆိုပြီးလုပ်ကြံ ပြောဆိုချက်မျိုးပေါ့။ ဒီ့အပြင်မွတ်စလင်မ်တွေ ဟာဘာသာခြားအမျိုးသမီးတွေကို ထိမ်းမြားယူပြီး သားဖေါက်သာသနာပြုတယ်။ ဒီလိုလုပ်နိုင်ဖို့ ဗလီဝတ်ကျောင်းတော်တွေက ထောက်ပံ့ကြေးပေးနေတယ်ဆိုပြီး အစ္စလာမ့်ဝတ်ကျောင်း တော်တွေကိုလူတွေမုန်းတီးရွံရှာအောင်လည်း ပြုကြပါသေးတယ်။ ပိုဆိုးလာတာကသူတို့ရဲ့လုပ်ကြံဇာတ်တွေကိုမယုံရင်သက်ဆိုင်ရာမွတ်စလင်မ်အဖွဲ့အစည်းများ၊ ပညာရှင်များကို မေးမြန်း ဆွေးနွေးရန်လမ်းမညွှန်ဘဲမွတ်စလင်မ်အယောင်ဆောင်ထားတဲ့၊
အစ္စလာမ်အမည်ပေးထား တဲ့websiteများကို ဖွင့်ကြည့်ကြဖို့ စနစ်တကျစီစဉ်ဖန်တီးထားကြပါသေးတယ်။
ပြီးတော့အစ္စလာမ့်ရဲ့သန့်စင်မြင့်မြတ်တဲ့ ဂျိဟါဒ်ကျင့်စဉ်ကို ““သာသနာ့စစ်ပွဲ””ဆိုပြီး ရုပ်ပျက်ဆင်းပျက် လွဲမှားစွာပုံဖေါ်ကြပါသေးတယ်။
(၁) မွတ်စလင်မ်မဟုတ်သူများကို တွေ့ရာသင်္ချိုင်းဓါးမဆိုင်းဘဲ သတ်ခွင့် ဟူသော ၀ါဒဖြန့်ချက်
အစ္စလာမ့်သမိုင်းကို ပြန်ကြည့်ရင်တမန်တော်ချုပ်မုဟမ်္မဒ်(ဆွ)ဟာအေဒီ(၆၁၀)ခုနှစ်မှာမက္ကဟ်မြို့မှာ ပေါ်ထွန်းတော်မူခဲ့ပါတယ်။
မက္ကဟ်ဆိုတာက ကမ္ဘာဦးတမန်တော်(၀ါ) ကမ္ဘာဦးလူသားဘုရား အာဒမ်ပေါ်ထွန်းခဲ့တဲ့နေရာပါ။
အနှိုင်းမဲ့ကိုးကွယ်ရာ“တစ်”နဲ့ တစ်ခုတည်းသောသစ္စာတရားရဲ့သင်္ကေတဖြစ်တဲ့ကမ္ဘာဦးကျောင်းတော်
ကအ်ဗဟ်ရှိတဲ့နေရာပါ။
တမန်တော်မြတ်မုဟမ်္မဒ်ဟာ မက်္ကဟ်မြို့မှာ(၁၃)နှစ်တိုင် အမှန်တရားကိုဟောကြားသွန်သင်ခဲ့ပါတယ်။ လက်ခံသူတွေရှိသလိုဆန့်ကျင်သူတွေလည်းအမြောက်အမြားပေါ်ခဲ့ပါတယ်။ လက်ခံသူမွတ်စလင်မ်တွေဟာ အစ္စလာမ်သာသနာထဲက ပြန်ထွက်ဖို့ ငြှင်းပမ်းနှိပ်စက်ခြင်း၊သတ်ဖြတ်ခြင်းတို့ခံခဲ့ရပါတယ်။ ဒီလိုနဲ့တမန်တော်မြတ်ဟာ နောက်လိုက်တွေနဲ့ မဒီနဟ်မြို့ကိုရွှေ့ပြောင်းခဲ့ကြရပါတယ်။
မွတ်စလင်မ်တွေဟာမက္ကဟ်မြို့မှာ(၁၃)နှစ်တာ ငြှင်းပမ်းသတ်ဖြတ်ခြင်းခံနေခဲ့ကြရပေမယ့် တုံ့ပြန်တိုက်ခိုက်ခွင့်မရခဲ့ကြပါဘူး။
မဒီနဟ်မြို့ကိုရောက်ပြီးဒုတိယနှစ်ရောက်တော့မက္ကဟ်မြို့မှအယူမှားသူတွေကမဒီနဟ်မြို့ကိုကျူးကျော်
တိုက်ခိုက်လာတော့မှအနှိုင်းမဲ့ကိုးကွယ်ရာရှင်“အလ္လာဟ်”က မွတ်စလင်မ်တွေကိုခုခံကာကွယ်စစ်
စတင်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။
တစ်နည်းပြောရရင်တမန်တော်သက်တမ်း(၁၄)နှစ်ခွဲကျော်မှ တမန်တော်မြတ်ဟာခုခံစစ်အတွက် ကုရ်အာန်ကျမ်းမြတ်မှ(၂း၂၁၆)
လမ်းညွှန်တော်ကိုရရှိခဲ့တာဖြစ်ပါတယ်။ အခုအခါမှာ ငြိမ်းချမ်းရေးရဲ့ရန်သူတွေဟာ သမိုင်းဖြစ်ရပ်မှန်ကို
ထိန်ချန်ပြီး အဲဒီကုရ်အာန်(၂း၂၁၆)လမ်းညွှန်ချက်ကို ရည်ညွှန်းပြီး မွတ်စလင်မ်တွေဟာ
မွတ်စလင်မ်မဟုတ်သူတွေကို တွေ့ရာသင်္ချိုင်းဓါးမဆိုင်းဘဲ သတ်ခွင့်ရှိတယ်။
အစ္စလာမ်သာသနာထဲ သွတ်သွင်းခွင့်ရှိတယ်ဆိုပြီး လုပ်ကြံဝါဒဖြန့်နေခြင်းသာဖြစ်ပါတယ်။
(၂) ဂျိဟါဒ်ဟူသည် (Holy War) သာသနာ့စစ်ပွဲ ဟုအဓိပ္ပါယ်မထွက်ပါ။
အခုအခါမှာ ကမ္ဘာနဲ့အ၀ှမ်းကုရ်အာန်ကျမ်းစာမှာပါတဲ့ ဂျိဟါဒ်ဆိုတဲ့ဝေါဟာရကို ဘာသာခြားတွေကို သာသနာထဲသွတ်သွင်းဖို့ ဓါးမိုး၍ သာသနာပြုသော စစ်ပွဲ၊ အကြမ်းဖက် စစ်ပွဲအဖြစ် လွဲမှားစွာ ဖော်ပြနားလည် နေကြပါတယ်။ ဒါတင်မကမွတ်စလင်မ်တွေရဲ့မေတ္တာပို့နှုတ်ခွန်းဆက်ဖြစ်တဲ့
(အတ်စ္စလာမုအလိုင်းကွန်းမ်) “စလာမ်” ငြိမ်းချမ်းပါစေဆိုတဲ့အဓိပ္ပါယ်ကိုတောင်
“ဒိုးစလာမ်၊သင်းစလာမ်၊စလာမ်ပေးပါတယ်၊သွားပါတော့၊ ကြောက်ပါတယ်”ဆိုတဲ့အဓိပ္ပါယ်ဖြစ်အောင် ပြောဆိုရေးသား နေကြတာကို တွေ့ရပါတယ်။
တကယ်တော့ဂျိဟါဒ်ဆိုတဲ့အဓိပ္ပါယ်ဟာ“သက်စွန့်ကြိုးပမ်းဆောင်ရွက်ခြင်း(Effort,Struggle,Striving)လို့ရပါတယ်။ အမှန်တရားနဲ့တရားမျှတမှုအတွက်သက်စွန့်ကြိုးပမ်းဆောင်ရွက်ခြင်းအစ္စလာမ်အပါအ၀င်
အခြားကောင်းမြတ်သောဘာသာတရားတွေ ရဲ့ လွတ်လပ်စွာ ကျင့်သုံးပိုင်ခွင့်ကို ကာကွယ်တဲ့စစ်ပွဲလို့ ကုရ်အာန်ကျမ်းမြတ် (၂၂း၄၀) မှာ ပြဌာန်းထားပါတယ်။အကြမ်းဖက်လုပ်ရပ်အပေါ် ခုခံကာကွယ်စစ်ကို
ရည်ညွှန်းပါတယ်။
ကုရ်အာန်ကျမ်းစာအရ---
(၁) ငြိမ်းချမ်းစွာပြုရသောဂျိဟါဒ် (Peaceful Jihad) နဲ့
(၂) လက်နက်စွဲကိုင်ရသောဂျိဟါဒ် (Armed Jihad) ဆိုပြီးနှစ်မျိုးရှိပါတယ်။
* မိမိကိုယ်မိမိ (လောဘ၊ ဒေါသ၊ မောဟ၊ မာနစသည်တို့ကို)အောင်နိုင်ရန် ကြိုးပမ်းခြင်း
*ကုရ်အာန်ကျမ်းမြတ်ရဲ့အသိပညာတို့ဖြင့်အမှားကိုတွန်းလှန်ခြင်းတွေဟာလူ့ဘ၀တစ်လျှောက်လုံးပြုကျင့်ရမယ့် ငြိမ်းချမ်းစွာပြုရတဲ့ဂျိဟါဒ်ဖြစ်ပါတယ်။
လက်နက်စွဲကိုင်ရမယ့်ဂျိဟါဒ်နဲ့ပတ်သက်လို့
*မိမိကအမှန်တရားအပေါ်ရပ်တည်ခြင်းအတွက်စော်ကားလာပါကကောင်းမြတ်လှပသောနည်းဖြင့်ဦးစွာပထမ တုန့်ပြန်အသိပေး ရမှာဖြစ်ပါတယ်။ (ကုရ်အာန်၄၁း၃၄)
*ဒီလိုယဉ်ကျေးစွာတုန့်ပြန်တာကိုလက်မခံဘဲဆက်လက်ကျူးကျော်စော်ကားလာမယ်ဆိုရင်တော့ခုခံကာကွယ်ရပါမယ်။
ဒါပေမယ့်စည်းကမ်းကမိမိကိုတိုက်ခိုက်လာသူကိုသာတုန့်ပြန်တိုက်ခိုက်ရမှာဖြစ်ပါတယ်။အပြစ်မဲ့သူများကိုမတိုက်ရပါ။(ကုရ်အာန်၊ ၂း၁၉၀)
*ရန်သူကစစ်ပြေငြိမ်းရန်ကမ်းလှမ်းလာပါကအလ္လာဟ်အရှင်မြတ်ကိုယုံကြည်အပ်နှံ၍ငြိမ်းချမ်းရေးကို
လက်ခံဆောင်ရွက်ရပါမယ်။
အစ္စလာမ်ဟာ ရန်လိုတဲ့သာသနာ မဟုတ်ပါဘူး။ (ကုရ်အာန်၊ ၈း၆၁)
*ဒီ့အပြင်ရန်သူဘက်မှခိုလှုံခွင့်တောင်းခံလာသူတို့ကိုလည်းခိုလှုံခွင့်ပေးရပါမယ်ခိုလှုံလာသူတွေကိုအစ္စလာမ်သာသနာရဲ့ အမှန်တရားကိုရှင်းပြရပါမယ်။
သူလက်ခံလာပါကမွတ်စလင်မ်ညီနောင်ဖြစ်လာပါမယ်။သာသနာကိုလက်မခံပါကလည်း အဲဒီခိုလှုံလာသူကို လုံခြုံစိတ်ချရတဲ့နေရာသို့ပို့ပေးရမယ်လို့ပြဌာန်းထားပါတယ်။အဓမ္မစနစ်ဆိုတာလုံးဝမရှိပါဘူး။
(ကုရ်အာန်၊ ၉း၆)
*စစ်ဗျူဟာအရကင်းပုန်းချခြင်း၊ရန်သူကိုဖမ်းဆီးခြင်း၊ တွေ့ရာနေရာ၌ရင်ဆိုင်တိုက်ခိုက်ခွင့်ပြုခြင်းမှာစစ်မက်ကာလအတွက်သာဖြစ်ပါသည်။(ကုရ်အာန်၊ ၉း၅)
အစ္စလာမ်သာသနာကစစ်ပွဲကာလအတွင်း၌ပင်ငြိမ်းချမ်းရေးကိုဖေါ်ဆောင်ရန်ရိုးရှင်းသောအထက်ပါ
ကုရ်အာန်ကျမ်းလာလမ်းညွှန်ချက်များကိုအစ္စလာမ်ကိုမလိုလားသူတို့ကကိုးကား၍မွတ်စလင်မ်တို့သည်
မွတ်စလင်မ်မဟုတ်သူများကို သာသနာထဲအဓမ္မသွတ်သွင်းရန်၊လက်မခံပါကတွေ့ရာသင်္ချိုင်းဓါးမဆိုင်းဘဲ
သတ်ဖြတ်ရန် ညွှန်ကြားထားသည်ဟု လုပ်ကြံရေးသားနေကြခြင်းသာ ဖြစ်ပါသည်။
မည်သူမဆိုအရဗီစာပေနားမလည်ပါကလည်းကမ္ဘာ့ဘာသာစကားအသီးသီးဖြင့်ကုရ်အာန်ကျမ်းမြတ်ဘာသာပြန်များရှိနေပြီဖြစ်ပါသည်။
အထက်ပါအချက်များကိုအလွယ်တကူစစ်ဆေး လေ့လာနိုင်ကြပါသည်။ ဒီ့အပြင်မွတ်စလင်မ်မဟုတ်သူ ကမ္ဘာ့ပညာရှင်များစွာကလည်း အထက်ပါစွပ်စွဲချက်တွေဟာမမှန်ကန်ကြောင်း ရှင်းထားချက်
အမြောက်အမြားရှိနေပြီးဖြစ်ပါတယ်။
ထင်ရှားတာကတော့အိန်္ဒိယနိုင်ငံရဲ့ဖခင်ကြီးဖြစ်တဲ့မဟတ္တမဂန်္ဓီကြီးကတမန်တော်မုဟမ္မဒ်ဓါးမိုးပြီး
သာသနာပြုခဲ့တယ်ဆိုတာမဟုတ်ပါ။ ဟုတ်တယ်ဆိုရင်လည်း သူ့ဓါးဟာသံဓါးမဟုတ်ဘဲ မေတ္တာဓါးသာဖြစ်ပါတယ်လို့ ကမ္ဘာကိုကြေညာခဲ့တာ တွေ့ရပါတယ်။
ဂန်္ဒီကြီးဟာဟိန္ဒူဘာသာဝင်တစ်ဦးဖြစ်ပါတယ်။ (Ref:Young India)
(၃) သစ္စာဒုံးကျည်ဖြင့် မိစ္ဆာဦးနှောက်ကိုခွဲအံ့
*တကယ်တော့တမန်တော်မုဟမ္မဒ်သခင်(ဆွ)ဟာ သစ္စာတရားဆိုတဲ့ဒုံးကျည်နဲ့ အမိုက်မှောင်ဖုံးနေတဲ့လူတွေရဲ့အသိဉဏ်ကိုထိုးခွင်းဝင်းလင်း စေခဲ့သူ ဖြစ်ပါတယ်။
ဒါကြောင့်လည်း န၊စ်ပေါင်း(၈၀၀)နီးပါးမွတ်စလင်မ်ဥရောပသို့မဟုတ်မွတ်စလင်မ်တို့ရဲ့စပိန် ကော်ဒိုဗာယဉ်ကျေးမှုကတဆင့် ဥရောပသားတွေသာမက ယနေ့ ခေတ်သစ်ကမ္ဘာက
အကျိုးခံစားခဲ့ရတာဖြစ်ပါတယ်။ ဒီအကြောင်းတွေကိုကျွန်တော့်ရဲ့အရင် သောကြာဟောကြားချက်တွေမှာကြည့်နိုင်ပါတယ်။
*ဒီ့အပြင်အနိုင်းမဲ့ကိုးကွယ်ရာရှင်အလ္လာဟ်ကငြိမ်းချမ်းရေးဝါဒီ မွတ်စလင်မ်တွေကိုလည်း ကုရ်အာန်ကျမ်းစာမှာပါတဲ့ သစ္စာတရားရဲ့ အလင်းရောင်နဲ့ဂျိဟါဒ်ပြုခြင်းဟာ အကြီးကျယ်ဆုံးဂျိဟါဒ်ဖြစ်တယ်လို့သွန်သင်ထားပါတယ်။ တရားရဲ့အလင်းရောင်ဟာ အကြီးကျယ်ဆုံး လက်နက်ဖြစ်ပါတယ်။(ကုရ်အာန်၊ ၂၅း၅၂)
*ဒါပေမယ့်ငြိမ်းချမ်းရေးလိုလားသူတိုင်း သတိထားဖို့က လူသားတွေဖန်တီးထားတဲ့ လက်နက်ဆန်းတွေဟာ အဖျက်စွမ်းအားကြီးပေမယ့်
အဲဒါတွေထက်ပိုပြီး အဖျက်စွမ်းအားကြီးမားတာကတော့ လူသားအချင်းချင်း အထင်အမြင်လွဲမှားမှုနဲ့ သံသယတွေပဲဖြစ်ပါတယ်။
ဒါပေမယ့်လူသားတွေဟာ အဲဒီသံသယတွေကို ပပျောက်အောင်ကြိုးစားကြရမယ့်အစား အသိမဲ့စွာ မွေးမြူထားလေ့ရှိကြပါတယ်။
သံသယတွေအပေါ်မှာ အမုန်းတရားတွေဖန်တီးပြီး မိမိကိုယ်တိုင်နဲ့လောကကြီးကို အကျည်းတန်အောင် ပြုလေ့ရှိကြပါတယ်။
ဒါကြောင့် ဘာသာတရားများအချင်းချင်း ယဉ်ကျေးမှုများအချင်းချင်းတွေ့ဆုံဆွေးနွေးခြင်း (Dialouge)များဖြင့် လောကကြီးကိုအလှဆင် ကြဖို့တိုက်တွန်းအပ်ပါတယ်။
*အစ္စလာမ်အမည်၊ ဂျိဟါဒ်အမည်နဲ့ တရားဝင်မဟုတ်တဲ့websiteအချို့ထဲမှာ မွတ်စလင်မ်တွေက ဘာသာခြားတွေကို ခေါင်းဖြတ်သတ်နေပုံတွေ၊ လက်ကိုကား အောက်ထားပြီးတက်ကြိတ်တဲ့ပုံ တွေပြထားပါတယ်။ ဒါတွေဟာမည်သူမည်ဝါတွေမှန်း မသိတဲ့လုပ်ကြံဖန်တီးထားတဲ့ ပြကွက်များဖြစ်ကြပါတယ်။ နားမယောင်ကြဖို့လည်း သတိပေးမေတ္တာရပ်ခံအပ်ပါတယ်။ အဲဒီလိုwebsiteမျိုးတွေကိုမယုံကြဖို့လည်း အသိပေးလိုပါတယ်။
တရားဝင်မွတ်စလင်မ်ပညာရှင်များအဖွဲ့အစည်းများရဲ့websiteများကို မေးမြန်းကြည့်ရှုာကြဖို့ကိုလည်း မေတ္တာရပ်ခံအပ်ပါတယ်။
မွတ်စလင်မ်များအနေနဲ့လည်း မီဒီယာများကို စနစ်တကျအသုံးချတတ်အောင် ကြိုးစားရင်း သစ္စာဒုံးကျည်ဖြင့် အမှားထုကိုဖယ်ရှားဖို့ တိုက်တွန်းအပ်ပါတယ်။
“---အမှန်တရားကို ငြင်းပယ်သူတို့အား ယင်း(ကုရ်အာန်ကျမ်းမြတ်)ဖြင့် ကြီးကျယ်သော ကြိုးပမ်းယှဉ်ပြိုင်မှု (ဂျိဟါဒ်) ပြုပါလေ” (ကုရ်အာန်၊ ၂၅း၅၂)
ဒေါက်တာ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်)