Home

Monday, March 18, 2013

နော်ဝေနိုင်ငံ အော်စလိုမြို့ နိုဘယ် ငြိမ်းချမ်းရေးဆု လက်ခံရယူပြီး

ဘုရင်မင်းမြတ်၊ တော်ဝင် အမျိုးအနွယ်ဝင်များ၊ အစိုးရအဖွဲ့ဝင်လူကြီးမင်းများ၊ နော်ဝေနိုင်ငံမှ နိုဘယ်ဆုပေးအပ်ရေး အဖွဲ့ဝင် ဂုဏ်သရေရှိ လူကြီးမင်းများနဲ့ မိတ်ဆွေသင်္ဂဟအပေါင်းတို့ရှင့်….
လွန်ခဲ့တဲ့ နှစ်တော်ကြာတုန်းက ဒါက တခါတလေလည်း ဟိုးဘ၀ပေါင်းများစွာတုန်းကလို ထင်မိပါတယ်… ကျမ အောက်စဖို့မှာ နေနေတုန်း Desert Island Discsလို့ ခေါ်တဲ့ ရေဒီယို အစီအစဉ်လေးကို ကျမရဲ့သားငယ် အလက်ဇန္ဒားနဲ့ အတူတူ နားထောင်ခဲ့ဖူးတယ်။
ဒီရေဒီယိုအစီအစဉ်က တော်တော်လေး လူကြိုက်များပြီး ကျမသိသလောက် အခုချိန်ထိ ဆက်လက်ထုတ်လွှင့် နေတယ် ဆိုပါတယ်။ ဒီအစီအစဉ်က လူတန်းစားပေါင်းစုံက ကျော်ကြားသူတွေကို ဖိတ်ကြားပြီး ဓါတ်ပြား ရှစ်ချပ်စာလောက် ဆွေးနွေး ပြောကြားကြတယ်။ ဒီအကြောင်းတွေကို ထုတ်ထားတဲ့ စာအုပ်ဟာဆိုရင် သမ္မာကျမ်းစာနဲ့ ရှိတ်စပီယား ၀တ္ထုတွေလောက် ရောင်းအားသွက်ခဲ့ပါတယ်ပြီး လူသူအရောက်အပေါက်နည်းတဲ့ ကျွန်းမှာ တယောက်တည်း ကျန်ခဲ့ရင်တောင် ကိုယ်နဲ့မကွာ ရှိနေစေချင်ကြတဲ့ အမြတ်တနိုး ပစ္စည်း အသုံးအဆောင်လို့တောင် ဆိုကြပါတယ်။ ဒီအစီအစဉ်ကိုနားထောင်လို့ အပြီးမှာ သားလေးက ကျမကို မေမေ တချိန်ချိန်မှာ မေ့မေ့ကို Desert Island Discs မှာ ဒီလိုပြောခွင့် ရမယ်ထင်လားလို့ မေးပါတယ်။ ဘာလို့ မရနိုင်ရမှာလဲလို့ ကျမက ခပ်အေးအေးပဲ ပြန်ဖြေခဲ့ပါတယ်။ သားလေးက ဒီအစီအစဉ်တွေကို ယေဘုယျအားဖြင့် ထင်ပေါ်ကျော်ကြားတဲ့သူတွေပဲ ပါဝင်နိုင်တယ် ဆိုတာ သိလျက်နဲ့ ကျမကို ဘာအတွက်ကြောင့် မေမေ့ကို ဖိတ်မယ်လို့ ထင်တာလဲလို့ ရိုးရိုးတန်းတန်း သိချင်တဲ့ သဘောနဲ့ ဆက်မေးခဲ့ပါတယ်။ ကျမ ခဏလောက် စဉ်းစားလိုက်တယ် ပြီးမှ မေမေက စာပေဘက်မှာ နိုဘယ်ဆု ရခဲ့ရင်ပေါ့ သားရယ်လို့ ပြောပြီး ကျမတို့ ၂ ယောက်စလုံး ရယ်လိုက်ကြပါတယ်။ မှန်းချက်ကတော့ ဟုတ်နေတာပဲ ဒါပေမယ့်တကယ်ဖြစ်လာဖို့သာ ခက်တာပါ။

အခုတော့ ကျမ ဘာလို့ ဒီလိုဖြေခဲ့လဲဆိုတာ စဉ်းစားလို့ရပြီ အဲဒီအချိန် မတိုင်ခင်က နိုဘယ်ဆုရခဲ့တဲ့ စာအုပ်တအုပ် ဖတ်ခဲ့လို့ ဖြစ်နိုင်သလို Desert Island ရဲ့ ပင်တိုင်တွေဟာလည်း ကျော်ကြားတဲ့ စာရေးဆရာတွေ ဖြစ်လို့ပဲဖြစ်မှာပါ။

၁၉၈၉ တုန်းက ကျမရဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်း မိုက်ကယ်အဲရစ်က ကျမ နေအိမ်အကျယ်ချုပ်ကျ
ခံနေရတုန်းလာတွေ့တယ်။ဂျွန်ဖန်နစ်လို့ခေါ်တဲ့ သူငယ်ချင်းတယောက်က ကျမကို နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် နာမည် ပေးသွင်းထားကြောင်း သူ ပြောပါတယ်။ အဲ့ဒီအချိန်မှာလည်း ကျမ ရယ်ခဲ့တယ်။ ခဏလောက်တော့ မိုက်ကယ်က အံ့သြသွားတယ်။ နောက်မှ ကျမ ဘာလို့ ရယ်တာလဲ ဆိုတာကို နားလည်သွားပါတယ်။ နိုဘယ်ဆုလေ၊ မှန်းချက်ကသာ ဟုတ်နေတာလေ ဖြစ်လာဖို့ဆိုတာမှ မလွယ်တာ။ ဒါကြောင့် ကျမတကယ် နိုဘယ်ဆုရတဲ့အခါ ကျမ ဘယ်လို ခံစားရသလဲ။ ဒီမေးခွန်းက ကျမကို ခဏခဏ မေးဖူးတယ်။ ဒီအချိန်မှာတော့ နိုဘယ်ဆုဆိုတာ ကျမ အတွက် ဘာလ၊ဲ ငြိမ်းချမ်းရေးကို ကျမဘယ်လို အဓိပ္ပာယ်ဖော်လဲ ဆိုတာကို ပြန်လည် သုံးသပ်ရမယ့် အသင့်တော်ဆုံးအချိန် ဖြစ်နေပါပြီ။

ကျမ အင်တာဗျူးတော်တော်များများမှာလည်း အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်… တညနေမှာ ရေဒီယိုက ကျမနိုဘယ် ငြိမ်းချမ်းရေးဆု ရကြောင်း ကြေညာသွားတာ ကြားလိုက်ရတယ်။ ကျမ မအံ့သြခဲ့ပါဘူး။ ဒီမတိုင်ခင် ရက်သတ္တပါတ်က ကျမဟာ နိုဘယ်ဆုအတွက် ဆန်ကာတင်ထဲမှာ ပါတယ် ဆိုတာကို ထုတ်လွှင့်မှုတွေမှာ ဖော်ပြတာကို ကြားခဲ့ရပါတယ်။ အခု ဒီမိန့်ခွန်းတွေအတွက် စာကြမ်း စီနေတုန်းမှာပဲ ဆုကို ကြေညာလိုက်တဲ့အချိန် ပြီးပြီးချင်း ကျမ ဘယ်လိုဖြစ်သွားလဲ ဆိုတာကို ကြိုးကြိုးစားစား တွေးခဲ့ပါသေးတယ်။ ကျမသိပ် မသေချာဘူးလို့ ထင်တယ်၊ သြော် – သူတို့တွေ ငါ့ကို ဒီဆုပေးဖို့ ဆုံးဖြတ် လိုက်တာကိုး ဆိုတာမျိုးလောက်ပဲ။ ဒါကလည်း သိပ်ပြီး တကယ် မဟုတ်သလိုပဲ။ ဘာလို့လဲ ဆိုတော့ ကျမကိုယ်တိုင်ကိုယ်က သိပ်ပြီး လက်တွေ့ မဆန်သလို၊ တကယ် မဟုတ်သလို ခံစားခဲ့ရပါတယ်။

ကျမ နေအိမ် အကျယ်ချုပ်နဲ့ နေရစဉ်က မကြာခဏ ဆိုသလို ကိုယ့်ကိုယ်ကို တကယ့် လောကကြီးနဲ့ တဆက်တည်း နေရတာ မဟုတ်သလို ခံစားရတယ်။ အိမ်ကပဲ ကျမရဲ့ကမ္ဘာ။ တခြားသူတွေရဲ့ မလွတ်လပ်တဲ့ ကမ္ဘာလည်း ရှိသေးတယ်။
ဒါပေမယ့်သူတို့ဟာ ထောင်ထဲမှာ လူအဖွဲ့အစည်းလေး တခုအနေနဲ့ ရှိကြတယ်။ နောက်ပြီး လွတ်လပ်တဲ့ ကမ္ဘာဆိုတာလည်း ရှိသေးတယ်။ ဒီကမ္ဘာတွေက သူ့လမ်းကြောင်းနဲ့သူ သီးခြားစကြ၀ဠာမှာ လည်ပတ်နေသလိုပဲ။ နိုဘယ် ငြိမ်းချမ်းရေးဆုက ကျမကို ကျမနေတဲ့ သီးခြား ကမ္ဘာလေးထဲကနေ တဖန်ပြန်ပြီး တခြားလူသားတွေနေတဲ့ နေရာကို ပြန်ဆွဲထုတ် ပေးလိုက်သလိုပဲ၊ ပိုပြီး စစ်မှန်တဲ့ တကယ့် လက်တွေ့ ဘ၀ထဲကို ပြန်ထည့်ပေးလိုက်သလို ခံစားရပါတယ်။ ဒါကလည်း ချက်ခြင်းကြီး ဖြစ်လာတာတော့ မဟုတ်သေးပါဘူး၊ ဖြတ်သန်းခဲ့ရတဲ့ နေ့လရက်အချိန်တွေ လေလှိုင်းကြားကနေ ဖြတ်လာကြတဲ့ ဒီဆုကို တုန့်ပြန်မှု သတင်းတွေနဲ့ ဒီနိုဘယ်ဆုရဲ့ အရေးပါပုံကို ကျမ နားလည်လာရပါတယ်။ ဒီဆုဟာ ကျမကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး အတွက် လှုပ်ရှား ရုန်းကန်ရာမှာ ကမ္ဘာရဲ့ အာရုံစိုက်မှုကို ရစေပါတယ်။ ကျမတို့ကို မေ့မသွားကြပါဘူး။

မေ့သွားကြမယ်ဆိုရင် … ပြင်သစ်လူမျိုးတွေပြောတာက ခွဲခြားထားခြင်းဟာ နည်းနည်းခြင်း သေဆုံးဖို့ တဲ့။ အမေ့ခံရတယ်ဆိုတာ ကိုယ်တိုင်ကိုက နည်းနည်းလေး သေဆုံး ပျက်စီးကြစေဖိုပဲ တဲ့။ ဒီလိုသာဖြစ်မယ် ဆိုရင် ကျမတို့ကို တွယ်ဆက်ထားတဲ့ လူ့အဖွဲ့အစည်းရဲ့ ကျန်တဲ့အပိုင်းတွေနဲ့ တွယ်ဆက်ထားတဲ့နေရာတချို့ ပြတ်တောက်သွားမှာဖြစ်ပါတယ်။
ကျမ ထိုင်းမှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ဒုက္ခသည်တွေဆီကို မကြာသေးမီကမှ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီမှာ လူအများက ကျနော်တို့ကို မေ့မထားပါနဲ့လို့ အော်ပြောကြတယ်။ သူတို့ ဆိုလိုတာက သူတို့ရဲ့ ဒုက္ခတွေကို မေ့မထားပါနဲ့၊ သူတို့ကို ကူညီနိုင်တဲ့ကိစ္စတွေကို မေ့မထားပါနဲ့၊ ကျနော်တို့ကလည်း ခင်ဗျားတို့နဲ့ တကမ္ဘာတည်း နေနေတာပါ ဆိုတာ မေ့မထားပါနဲ့ပေါ့။ နိုဘယ်ဆုရွေးချယ်ရေး ကော်မတီက ကျမကို နိုဘယ်ငြိမ်းချမ်းရေးဆု ပေးအပ်လိုက်တဲ့အခါ ကမ္ဘာက ဖိနှိပ်ခံ၊ သီးသန့် နေထိုင်နေကြတဲ့ မြန်မာလူမျိုးတွေကလည်း ဒီကမ္ဘာမြေရဲ့ တစိတ်တပိုင်းပါလား ဆိုတာကို သတိပြုမိလာကြတယ်။ လူသားတွေအားလုံး အတွက် တခုတည်းဖြစ်တဲ့ လူသားချင်း စာနာ ထောက်ထားရမှာတွေကို သတိပြုမိလာကြတယ်။ ဒါကြောင့် ကျမအတွက် နိုဘယ်ငြိမ်းချမ်းရေး ဆုရခြင်းဟာ ကျမရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုတွေကို မြန်မာနိုင်ငံရဲ့ တခုတည်း အတွက် မဟုတ်ဘဲ နိုင်ငံရဲ့ နယ်နိမိတ်ကို ကျော်လွန် ထွက်သွားစေပါတယ်။ ဒီဆုဟာ ကျမ နှလုံးသား တံခါးကို ပွင့်သွားစေပါတယ်။

မြန်မာတွေရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ခံယူချက်ကတော့ ဘေးဒုက္ခတွေနဲ့ မကောင်းမှုတွေကနေ ရပ်တန့်သွားတဲ့ အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့ ပျော်ရွှင်မှုခံစားချက်လို့ ဆိုပါတယ်။ ငြိမ်းချမ်းဆိုတဲ့ စကားနှစ်လုံးကပဲ တိုက်ရိုက် ဘာသာပြန်ရင် မီးငြိမ်းသွားတဲ့အခါမှာ ဖြစ်တဲ့ ကောင်းမွန်တဲ့ အေးချမ်းမှုလို့ ဆိုပါတယ်။
ဆင်းရဲတဲ့ခံစားမှုနဲ့ အကြမ်းဖက်မှုကြောင့် ဖြစ်လာတဲ့ မီးတွေဟာ ကမ္ဘာမှာ တဟုန်းဟုန်း တောက်လောင်နေပါတယ်။ ကျမတို့နိုင်ငံမှာ မြောက်ဘက်ပိုင်းက ရန်မီးတွေကလည်း မငြိမ်းသေးသလို
အနောက်ဘက်မှာလည်း အကြမ်းဖက်မှုတွေကြောင့် မီးရှို့ဖျက်ဆီးမှုတွေ၊ လူသတ်မှုတွေဟာလည်း ကျမ ဒီခရီး မထွက်ခင် ရက်အနည်းငယ် အတွင်းကမှ ပေါ်ပေါက်လာခဲ့ပါတယ်။
ကမ္ဘာမြေရဲ့ အခြားနေရာက ရက်စက်မှုတွေအကြောင်း သတင်းတွေလည်း အများကြီး ရှိပါတယ်။ ငတ်ပြတ်မှုသတင်းတွေ၊ ရောဂါဘယတွေ၊ တိုက်ခိုက် အနိုင်ယူတာတွေ၊ အလုပ်လက်မဲ့တွေ၊ ဆင်းရဲမွဲတေမှုတွေ၊ တရားမမျှတမှုတွေ၊ ခွဲခြား ဆက်ဆံ ခံရတာတွေ၊ အယူဝါဒအစွဲတွေ၊ ကိုယ့်အယူဝါဒနဲ့ မတူရင် နှိပ်ကွပ်တာတွေဟာ ဆိုရင် နေ့စဉ်တွေ့နေရပါတယ်။ နေရာတိုင်းမှာ ငြိမ်းချမ်းမှုကို တိုက်စားပစ်တဲ့ အဖျက်အမှောင့် အင်အားတွေ ဆိုတာ ရှိပါတယ်။ နေရာတိုင်းမှာ ကမ္ဘာကြီး ပျော်ပျော်ရွှင်ရွှင်နဲ့ စည်းချက်ညီညီ ဖွံ့ဖြိုးဖို့ ထိမ်းသိမ်းရန် လိုအပ်တဲ့ ပစ္စည်းနဲ့ လူ့စွမ်းအား အရင်း အမြစ်တွေ အလဟဿ ဆုံးရှုံးနေတယ် ဆိုတာ တွေ့နိုင်ပါတယ်။

ပထမကမ္ဘာစစ်ဟာဆိုရင် ကမ္ဘာမြေအတွက် ကောင်းတဲ့ အင်အားတွေ ဖြစ်စေမယ့် လူငယ်တွေနဲ့ သူတို့ရဲ့ အလားအလာတွေ ဆိုးဆိုးဝါးဝါး ပျက်စီး ဆုံးရှုံးခဲ့ရတဲ့ သာဓကတခုဖြစ်ပါတယ်။
အဲ့ဒီခေတ်က ကဗျာတွေဟာ ဆိုရင် ကျမအတွက် အထူးပဲ အရေးပါလှပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမ စဖတ်တဲ့ အချိန်ဟာဆိုရင် ဒီလို ပွင့်ခါနီးမှာ အညွန့်ချိုးခံလိုက်ရတဲ့ လူငယ်တွေ အရွယ်မို့ပါ။ ပြင်သစ်တပ်တွေနဲ့အတူ တိုက်နေရတဲ့ အမေရိကန် လူငယ်လေးတယောက် ဆိုရင် ၁၉၁၆ တိုက်ပွဲမှာ မကျခင် ဒီလိုရေးသားခဲ့ပါတယ် – `အငြင်းပွားဖွယ်ရာ ရှေ့တန်းစစ်မျက်နှာ အချို့မှာ´ `ဒဏ်ရာများနဲ့ ပြည့်နှက်နေတဲ့ စစ်မျက်နှာပြင် တောင်စောင်းတွေမှာ´ `မီးတွေ တဟုန်းဟုန်း တောက်နေတဲ့ မြို့ကြီးတွေဆီမှာ´။ လူငယ်တွေ နဲ့  ချစ်ခြင်းမေတ္တာ၊ ဘ၀တွေဟာ ဆိုရင် အေးစက်တဲ့ အဓိပ္ပာယ်မဲ့ လုပ်ရပ်တွေ အောက်မှာ မထင်မရှား၊ လူမသိ ထာဝရ တိမ်မြုပ်ခဲ့ရတယ်။ ဘာအတွက်လဲ။ ဆယ်စုနှစ်တခုသာ ကုန်ခဲ့တယ်၊ ကျေနပ်တဲ့ အဖြေမျိုး မရသေးပါဘူး။

ကျမတို့ရဲ့ လူ့ဘောင်ကြီး နဲ့ အနာဂတ်ကို အကြမ်းဖက်မှုတွေ၊ မတည်ငြိမ်မှုတွေ၊ မရေရာမှုတွေက နည်းအောင် မလုပ်နိုင်ရင် ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့ မခံစားရဘူးလား။
ငြိမ်းချမ်းရေး ချုပ်ငြိမ်းသွားတဲ့နေရာမှာသာ စစ်ပွဲဖြစ်တာ မဟုတ်ပါဘူး။ ဘယ်လိုပဲ ဒီဒုက္ခတွေ လျစ်လျူရှုခံရပါစေ၊ ဒီလိုခံရတာတွေအတွက် အငြင်းပွားမှုတွေ၊ ခွဲခြားခံရတယ်လို့ မြင်လာတာတွေ၊ မတရားခံရမှုအတွက် ဖြစ်ပေါ်လာတဲ့ မကျေနပ်ချက်တွေ၊
ဒေါသတွေကတော့ တချိန်ချိန်မှာ အညောင့်ပေါက်လာကြမှာပါ။

အကျယ်ချုပ်ခံရတုန်း ကောင်းတဲ့အချက်တခုကတော့ ကျမဘ၀မှာ သိလာ ခံယူလာတဲ့အမြင်တွေ၊ နဲ့စကားလုံးတွေရဲ့ အဓိပ္ပာယ်ကို ကောင်းကောင်း တွေးဆဖို့ အချိန် အလုံ အလောက် ရခဲ့တာပါပဲ။ ဗုဒ္ဓဘာသာဝင် တယောက်အနေနဲ့ ဒုက္ခဆိုတဲ့ စကားလုံးကို ငယ်ငယ်တည်းက ရင်းနှီးခဲ့ပါတယ်။ ယေဘုယျ အားဖြင့် ဒုက္ခဆိုတာ ခံစားရခြင်းလို့ ဘာသာပြန်နိုင်ပါတယ်။ နေ့တိုင်းလိုလို ကျမနားက လူကြီးတွေနဲ့ တချို့ သိပ်မကြီးသေးတဲ့ သူတွေပါ သူတို့ နည်းနည်း နာတာ ကျင်တာ ခံစားရတဲ့ အခါမှာဖြစ်ဖြစ်၊ အသေးအဖွဲ စိတ်ညစ်စရာလေးတွေ ကြုံရင်ပဲဖြစ်ဖြစ် ဒုက္ခ၊ ဒုက္ခ ဆိုပြီး ညည်းနေကြတယ်။ ဒါပေမယ့် ကျမ နေအိမ် အကျယ်ချုပ်နဲ့ နေရတဲ့အချိန်မှာမှာ ဒုက္ခဆင်းရဲ ၆ မျိုး အကြောင်းကို သေချာ လေ့လာခွင့် ရခဲ့တာပါ။ ပဋိသန္ဓေ နေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း၊ ချစ်ခင်သူနဲ့ ခွဲခွာရခြင်း၊ မချစ်ခင်သူနဲ့ အတူတကွ နေရခြင်းတို့ ဖြစ်ပါတယ်။ ကျမဟာ ဒီ ၆ ချက်ကို နေ့စဉ်ဘ၀မှာ ဘာသာရေးအမြင်နဲ့မဟုတ်ဘဲ လောကီအမြင်နဲ့ လေ့လာပါတယ်။ ဒီဒုက္ခတွေဟာ ကျမတို့ ရဲ့ဘ၀မှာ ရှောင်လို့ မရနိုင်ရင်၊ လက်တွေ့ကျကျ လျော့နည်းနိုင်သမျှ နည်းအောင် လုပ်ရမယ်။ ကိုယ်ဝန်ဆောင်စဉ်နဲ့ မွေးပြီးချိန်မှာ မိခင်နဲ့ကလေး စောင့်ရှောက်မှုအတွက် အစီအစဉ်တွေကို ပိုပြီး ထိထိရောက်ရောက် ဖြစ်အောင်လုပ်ပေးရမယ်၊ သက်ကြီးရွယ်အိုတွေ အတွက် လိုအပ်တဲ့ ၀န်ဆောင်မှုတွေကို ပေးနိုင်ရမယ်၊ ကျန်းမာရေး အခြေခံ စောင့်ရှောက်မှုတွေ၊ မေတ္တာစေတနာနဲ့ သုနာပြုစုမှုတွေ၊ နောက်ဆုံး နေ၀င်ချိန်မှာ စောင့်ရှောက်မှုပေးတဲ့ လုပ်ငန်းတွေကို ကောင်းကောင်း ဖြည့်ဆည်းပေးရမယ်။ နောက်က ကျန်တဲ့ ချစ်သောသူနဲ့ ကွေကွင်းရခြင်း၊ မချစ်မနှစ်သက်သူနဲ့ အတူနေရခြင်းဆိုတဲ့ဒုက္ခ နှစ်မျိုးကို ကျမ ပိုပြီး စိတ်ဝင်စား အလေးပေးမိပါတယ်။ ကျမတို့ရဲ့ ဗုဒ္ဓဘုရားရှင်ဟာ သူကိုယ်တိုင် ဘာလို့ ဒီနှစ်မျိုးကို သူဘာတွေ ကြုံတွေ့ခဲ့ဖူးလို့ ဒုက္ခထဲမှာ ထည့်ခဲ့တာပါလိမ့်။ ကျမကတော့ အကျဉ်းသားတွေ၊ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေ၊ လူကုန်ကူးခံရသူတွေဟာဆိုရင် အစုလိုက်အပြုံလိုက်ကို သူတို့ရဲ့နေရာဒေသ၊ အိမ်တွေ၊ မိသားစုတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေဆီကနေပြီး လိုလိုလားလားမရှိတဲ့ တစိမ်းတရံစာ ကြားတွေထဲမှာ နေဖို့ ဆွဲနှုတ် ပြောင်းရွှေ့ ခံခဲ့ရသလိုပါပဲ။

ကျမတို့ဟာ လူ့အခွင့်အရေးအပြည့်နဲ့၊ အထောက်အကူ ကောင်းကောင်းနဲ့ အသက် အရွယ် ကြီးသည် အထိ မိမိတို့ဆန္ဒအလျောက် ဒါမှမဟုတ် လိုအပ်ချက် အလျောက် နေရမယ် ဆိုရင်ကံကောင်းပါတယ်။ ကျမဟာလည်း ဒီအသက်အရွယ်ထိ ဒီလိုအကျဉ်းသားတွေရဲ့ အရေးကို နေရာတိုင်းမှာ လူတိုင်း စိတ်ဝင်စားတဲ့အချိန်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို တကမ္ဘာလုံး မဟုတ်တောင် တော်တော်များများက လူတိုင်းရဲ့ မွေးရာပါ အခွင့်အရေး ဆိုပြီး လက်ခံလာတဲ့ အချိန်ထိ နေရတာ ကံကောင်းပါတယ်။

နေအိမ်အကျဉ်းကျနေတဲ့ အချိန်တော်တော်များများမှာ ကျမဟာ လူ့အခွင့်အရေး ကြေညာစာတမ်းက အကြိုက်ဆုံး စာပိုဒ်တွေကနေပြီးတော့ အားအင်တွေ မွေးယူခဲ့ရပါတယ်။

……….လူသားတွေ ရသင့်တဲ့ အခွင့်အရေးကို မရတာ မျက်ကွယ်ပြုတာဟာ ဆိုရင် ရိုင်းစိုင်းပြီး လူမဆန်တဲ့ အပြုအမူမျိုးဖြစ်ပါတယ်။ လူသားတိုင်း လွတ်လပ်စွာ ပြောဆို ယုံကြည်ခွင့်တွေရလာမယ့် အချိန်၊ အကြောက်တရားတွေ ကင်းပြီး လူသားတိုင်း ရသင့်တဲ့အမြင့်ဆုံးအခွင့်အရေးတွေ လိုအပ်ချက်တွေကို ရလာမယ့်အချိန်………

…… လူသားတွေဟာ အန္တရာယ်ရှိတဲ့ အလုပ်မျိုးကို အဓမ္မ ခိုင်းစေခံရတာမျိုးကို ကြံရာမရလို့ဖြစ်စေ၊ အာဏာသုံး မတရားခိုင်းစေတာမျိုး၊ ဖိနှိပ်တာမျိုး မဖြစ်အောင် လူ့အခွင့်အရေးကို တရားဥပဒေနဲ့ ကာကွယ်သင့် ပါတယ်….

ကျမကို မြန်မာနိုင်ငံမှာ လူအခွင့်အရေး လှုပ်ရှားမှုတွေ ဘာကြောင့် လုပ်နေရသလဲလို့ မေးလာရင် အပေါ်က စာပိုဒ်တွေဟာ အဖြေပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမက ဒီမိုကရေစီဆန်တဲ့ အဖွဲအစည်းနဲ့ လုပ်ဆောင်မှုတွေဟာ လူ့အခွင့်အရေးကို အာမခံချက်ပေးဖို့အတွက် လိုအပ်တယ် ဆိုတာကို ယုံတယ်။

မြန်မာနိုင်ငံက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ယုံကြည်သူတွေ အတွက် အသီးအပွင့်တွေ ခံစားရမယ့် လက္ခဏာမျိုး ပြီးခဲ့တဲ့နှစ်တွေမှာ စတင်ပြီး တွေ့လာရပါပြီ။ ကောင်းတဲ့ဘက်ကို ပြောင်းလဲမှုမျိုးကို မြင်နေရပြီ၊ ဒီမိုကရေစီစနစ်ဖြစ်ဖို့အတွက် ခြေလှမ်းတွေ စတင်နေပြီလို့ မြင်နိုင်ပါတယ်။ ဒါပေမယ့် ကျမဟာ သတိကြီးကြီးနဲ့ အကောင်းမြင်နေတယ် ပြောလို့ရပါတယ်။ ဒါဟာ ကျမ အနာဂတ်ကို မယုံလို့ မဟုတ်ပါဘူး။
ဒါဟာ ကျမ မျက်ကန်းမြင် ယုံကြည်မှုမျိုး မဖြစ်စေချင်လို့ သတိကြီးကြီးနဲ့ လုပ်ဆောင်နေတာပါ။ အနာဂတ်ကို မယုံဘဲနဲ့၊ ဒီမိုကရေစီ စံနှုန်းတွေအပေါ် ခိုင်မာတဲ့ ယုံကြည်ချက်မျိုးမရှိဘဲနဲ့ လူအခွင့်အရေး အခြေခံအချက်တွေဟာ ကျမတို့လူ့အဖွဲ့အစည်းမှာ တကယ် လိုအပ်တာမက ဖြစ်နိုင်ခြေတယ် ဆိုတာမျိုးပါ။ မယုံဘဲနဲ့ ကျမတို့လှုပ်ရှားမှုဟာ ဒီလို ခက်ခဲကြမ်းတမ်း တဲ့နှစ်တွေမှာ ကြံ့ကြံ့ခံ တည်တံ့ လာဖို့ မလွယ်ပါဘူး။ တချို့တချို့သော ကျမတို့ရဲ့ ရဲဘော်ရဲဘက်တချို့ ရပ်တည်ချက်တွေ ပြိုလဲခဲ့တယ်၊ တချို့က ကျမတို့နဲ့ လမ်းခွဲသွားတယ်၊ တကယ့်ကို စိတ်ဓါတ်ခိုင်မာတဲ့ အမာခံတွေပဲ ရဲရဲဝံ့ဝံ့ ယုံယုံကြည်ကြည်နဲ့ ကျန်ခဲ့ပါတယ်။ ကုန်ခဲ့တဲ့နှစ်တွေကို ပြန်ကြည့်မယ်ဆိုရင် ဒီလိုခက်ခက်ခဲခဲ ကျိုးစား လုပ်ဆောင်ရတဲ့ အချိန်တွေမှာ သစ္စာရှိရှိ ကျန်ခဲ့တဲ့သူတွေ တော်တော် များတယ် ဆိုတာကို တအံ့တသြ တွေ့ရပါတယ်။ ကျမတို့ရဲ့လမ်းကြောင်းအပေါ် သူတို့က မျက်ကန်းယုံတာမျိုး မဟုတ်ဘူး၊ သေချာ မျက်လုံးဖွင့် လေ့လာပြီး၊ သူတို့ ကိုယ်ပိုင်စွမ်းအားနဲ့ ကြံ့ကြံ့ခံပြီးမှ ကျမတို့ ပြည်သူတွေရဲ့ စိတ်အား ထက်သန်မှုကို လေးစားတဲ့အနေနဲ့ ကျန်ခဲ့တာပါ။

အခုကျမ ရှင်တို့နဲ့ စကားပြောနေနိုင်တာကလဲ ကျမတို့နိုင်ငံရဲ့ မကြာခင်က ပြောင်းလဲခဲ့မှုတွေကြောင့်ပါ။ ဒီ အပြောင်းအလဲတွေကလည်း ရှင်တို့နဲ့ ၊ လွတ်လပ်ရေး၊ တရားမျှတရေးကို မြတ်နိုးသူတွေက နေပြီးတော့ ကျမတို့အခြေအနေကို တကမ္ဘာလုံး သတိထား မိလာအောင် လုပ်ဆောင်နိုင်ခဲ့လို့ပါပဲ။

ကျမနိုင်ငံ အကြောင်း ဆက်မပြောခင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကိစ္စ နည်းနည်း ပြောချင်ပါတယ်။ ဒီလိုအကျဉ်းသားတွေ မြန်မာနိုင်ငံမှာ ရှိနေသေးပါတယ်။ လူသိများတဲ့ ယုံကြည်ချက် အကျဉ်းသားတွေ လွတ်လာသော်လည်း လူသိ မများတဲ့သူတွေ ကျန်ပါသေးတယ်။ သူတို့ကို မေ့သွားကြမှာကို စိတ်ပူစရာပါပဲ။ ကျမဟာ အခုဒီမှာရပ်နေရတာဟာလည်း တချိန်က ကျမကိုယ်တိုင် ယုံကြည်ချက်အကျဉ်းသား တယောက်ပါ။ယုံကြည်ချက်အကျဉ်းသားဟာ တယောက်ပင်ဖြစ်ပါစေ များလွန်းတယ်ဆိုတဲ့ ဘယ်အခါမှမပြောင်းလဲတဲ့ အမှန်တရားကို ကျမကိုကြည့်နေတုန်း၊ ကျမပြောတာ နားထောင်နေတုန်းမှာ ကျေးဇူးပြုပြီး သတိရကြပါ။ ကျမတို့နိုင်ငံမှာ မလွတ်ကြသေးတဲ့သူတွေ၊ တရားဥပဒေ စိုးမိုးမှု မခံရသေးတဲ့ သူတွေဟာ တယောက်မက ရှိနေပါတယ်။ ကျေးဇူးပြုပြီး သူတို့ကိုမမေ့ပါနဲ့၊ သူတို့ကို မြန်မြန်နဲ့ ချွင်းချက်မရှိ လွတ်ပေးနိုင်ဖို့ သက်ရောက်စေမယ့် ဘယ်လုပ်ရပ်ကိုမဆို လုပ်ဆောင်ပေးကြပါ။

မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ နိုင်ငံရဲ့ အနာဂတ်ကို ယုံကြည်စွာနဲ့ တည်ဆောက်ဖို့ရန် တခုတည်းသောအရာက စစ်မှန်တဲ့ပြည်ထောင်စုစိတ်ဓါတ်ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်ထဲက လွတ်လပ်ရေးရခဲ့တယ် ဆိုပေမယ့် တနိုင်ငံလုံး အေးချမ်းတည်ငြိမ်မှုရှိခဲ့တယ်ဆိုတဲ့ အချိန်မျိုး မရှိခဲ့ပါဘူး။ ပြဿနာတွေရဲ့အရင်းမြစ်ကို ဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့ ယုံကြည်မှုနဲ့ နားလည်းမှုကို မတည်ဆောက်နိုင်ခဲ့ပါဘူး.။ ၁၉၉၀ မှ ၂၀၁၀ ကြား အပစ်အခတ် ရပ်စဲရေးကြောင့် တောက်ပလာတဲ့ မျှော်လင့်ချက်တွေဟာ ဆိုရင် ပြီးခဲ့တဲ့ လတွေက ဖြစ်ရပ်တွေကြောင့် ပြိုလဲခဲ့ရပါတယ်။
မဆင်မခြင် တခုခု လုပ်လိုက်မိရင် နှစ်ပေါင်းများစွာ တည်ဆောက်လာတဲ့ အပစ်အခတ်ရပ်စဲရေး တခါတည်း ပျက်သွားနိုင်ပါတယ်။ ပြီးခဲ့တဲ့လတွေကဆိုရင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရကြားမှာ တွေ့ဆုံဆွေးနွေးမှုတွေ တိုးတက် အောင်မြင်တာကို တွေ့ရပါတယ်။ ကျမယုံကြည်တာက အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေဟာ လူတွေရဲ့ လိုလားချက်နဲ့ ပြည်ထောင်စု စိတ်ဓာတ်အပေါ်မှာ မူတည်ပြီး နိုင်ငံရေး တည်ငြိမ်မှုတွေကို ဖြစ်ပေါ်စေမှာပါ။

ကျမရဲ့ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ကျမဟာ တိုင်းရင်းသား ပြန်လည် သွေးစည်း ညီညွတ်ဖို့ အတွက် ကျရာကဏ္ဍမှ ပါဝင်ရန် အသင့်ရှိပါတယ်။ ပြန်လည်သင့်မြတ်ရေး လှုပ်ရှားမှုများဟာ ဆိုရင် သမ္မတ ဦးသိန်းစိန် အစိုးရ စတင်ပေးခဲ့တာပါ၊ အမြဲတမ်း အကောင်အထည် ပေါ် ခိုင်မြဲနေစေဖို့ကတော့ ပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ တပ်မတော်၊ တိုင်းရင်းသားအဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ မီဒီယာတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ စီးပွားရေးအဖွဲ့အစည်းတွေ နဲ့ အရေးအကြီးဆုံးဖြစ်တဲ့ ပြည်သူတရပ်လုံးက ပါးပါးနပ်နပ် ပါဝင် ဆောင်ရွက်ကြဖို့လိုပါတယ်။

ပြည်သူတွေရဲ့ ဘ၀တွေ တိုးတက်မှုရှိတယ် ဆိုမှ ပြန်လည် သင့်မြတ် ပေါင်းစည်းတာ အောင်မြင်တယ် လို့ ကျမတို့ ဆိုနိုင်ပါလိမ့်မယ်၊ ဒီနေရာမှာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ ဖွံ့ဖြိုးမှုနဲ့ လူသားခြင်း စာနာ ထောက်ထားသော ကူညီမှုများ၊ နှစ်ဦးနှစ်ဖက် သဘောတူညီမှုများနဲ့ ရင်းနှီးမြုပ်နှံမှုများကိုလည်း ပူးပေါင်း ဆောင်ရွက်ပေးပြီး၊ လူမှုဘ၀ တိုးတက်စေဖို့၊ နိုင်ငံရေးနဲ့ စီးပွားရေး တိုးတက်မှု ဘက်ညီ၍ ရေရှည်ဖြစ်စေရန် အမြဲတိုင်းတာ စောင့်ကြည့်ထိန်း သိမ်းပေးဖို့လည်းလိုပါသည်။ ကျမတို့ နိုင်ငံဟာ အလားအလာ အလွန်ကောင်းတဲ့ နိုင်ငံဖြစ်တယ်။ ဒီအလားအလာကို ဖော်ထုတ်ပြီး တိုးတက်အောင် လုပ်ယူပြီး တိုးတက်တဲ့နိုင်ငံဖြစ်ယုံသာမက လူအခွင့်အရေး ပြည့်ဝတဲ့နိုင်ငံ ကျမတို့ပြည်သူလူထု ငြိမ်းငြိမ်းချမ်းချမ်း၊ လွတ်လွတ်လပ်လပ်နဲ့ လုံခြုံမှုရှိတဲ့ ဒီမိုကရေစီဆန်တဲ့ လူ့အဖွဲ့အစည်းမှာ နေနိုင်အောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ကျမတို့ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးဟာ ခွဲခြားလို့ မရပါဘူး။ ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာမဆို မကောင်းတဲ့အားက ကောင်းတဲ့အားထက် သာနေရင် ကျမတို့အားလုံး ဒုက္ခရောက်နိုင်ခြေရှိတယ်။ မကောင်းတဲ့အားတွေ အကုန်လုံးကိုရော ဖယ်နိုင်ပါ့မလားလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ ရိုးရှင်းတဲ့အဖြေကတော့ မထုတ်နိုင်ဘူး ဆိုတာပါပဲ။ အကောင်းနဲ့အဆိုး တွဲပြီး ရှိနေတတ်တာ လူ့သဘာဝပါ။ ဒါပေမယ့် လူရဲ့ စွမ်းအားနဲ့ ကောင်းတဲ့ဘက် ပိုများလာအောင် မကောင်းတဲ့ဘက် နည်းသွားအောင်၊ ပျက်သွားအောင် လုပ်လို့ရပါတယ်။ ရာနှုန်းပြည့် ငြိမ်းချမ်းမှုကတော့ ဒီကမ္ဘာမှာ မရနိုင်တဲ့ရည်မှန်းချက်ပါ။ ဒါပေမယ့် ကျမတို့ဟာ ငြိမ်းချမ်းရေးဘက်ကို ဦးတည်ပြီး ခရီးဆက်သွားရမှာဖြစ်သလို၊ မျက်လုံးတွေကလည်း ကန္တာရခရီးသွား လမ်းပြကြယ်တွေကို လမ်းမပျောက်အောင် မမှိတ်မသုန်ကြည့်နေသလို ငြိမ်းချမ်းရေးကို ဦးတည်ပြီး ကြည့်နေရပါမယ်။
ပြစ်မျိုးမှဲ့မထင် ငြိမ်းချမ်းရေးမျိုးက ဒီကမ္ဘာမှာ မရှိလို့ မရနိုင်ရင်တောင် ငြိမ်းချမ်းရေးရဖို့အခြေခံ လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်တွေနဲ့ လူတဦးချင်း၊ နိုင်ငံတခုချင်းစီကို ယုံကြည်မှုနဲ့ မိတ်ဖွဲ့နေကြမယ်ဆိုရင်၊ လုံခြုံပြီး မေတ္တာတရားနဲ့ ပို၍ကြင်နာတတ်သော လူ့ဘောင်အဖွဲ့အစည်းကြီး တည်ဆောက် နိုင်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။

ကျမ ပို၍ကြင်နာတတ်သော ဆိုတဲ့စကားလုံးကို သေချာစဉ်းစားပြီးမှ သုံးခဲ့တာပါ။ စဉ်းစားတာ နှစ်ပေါင်းများစွာ ကြာတယ် လို့တောင် ဆိုနိုင်ပါတယ်။ ချိုတယ် ဆိုတဲ့ အရသာ အမျိုးမျိုး ရှိတဲ့ အထဲက၊ ကျမကို ဒီအရသာ အများကြီး မရှိဘူးလို့တောင် ပြောခွင့်ပေးပါ၊ ကျမ အချိုမြိန်ဆုံးသော အရာကို တွေ့ရှိခဲ့ပါတယ်….။ အားလုံထဲမှာမှ တန်ဖိုးလည်း အရှိဆုံး ဖြစ်တဲ့ ကျမသိခဲ့ရတာကတော့ အကြင်နာ မေတ္တာတရားရဲ့တန်ဖိုးကို သိခဲ့ရတာပဲဖြစ်ပါတယ် တွေပဲဖြစ်ပါတယ်။ ကျမရခဲ့သမျှ အကြင်နာမေတ္တာတွေဟာ ကြီးကြီးဖြစ်ဖြစ်၊ သေးသေးဖြစ်ဖြစ် သေချာစေတာကတော့ ဒီကမ္ဘာကြီးမှာ အကြင်နာမေတ္တာ တရားပိုသွားတယ်ဆိုတာ မရှိပါဘူး။ ကြင်နာတက်ဖို့ဆိုတာကတော့ သူုတပါး မျှော်လင့်ချက်နဲ့ လိုအပ်ချက်တွေကို စာနာနားလည်ပြီး လူသားဆန်တဲ့နွေးထွေးမှု နဲ့တုန့်ပြန်ပေးရမှာ ဖြစ်ပါတယ်။ အကြင်နာတရားနဲ့ ခဏလေး ထိတွေ့ ကိုင်တွယ်လိုက်တာလေးသည်ပင် နှလုံးသားကို အင်အားဖြစ်စေပါတယ်။ အကြင်နာမေတ္တာတရားက လူသားတွေရဲ့ဘ၀ကို ပြောင်းလဲစေနိုင်ပါတယ်။ နော်ဝေ နိုင်ငံဟာဆိုရင် အကြင်နာ တရားရဲ့ ပြယုဒ်တခုပါပဲ။
ကမ္ဘာမြေရဲ့ တနေရာက အဖယ်ခံလိုက်ရသူတွေအတွက် နေစရာပေးတယ်။ သူတို့နိုင်ငံက မလွတ်လပ်လို့ မလုံခြုံလို့ တိမ်းရှောင်လာတဲ့ သူတွေကို ခိုလှုံဖို့နေရာ ပေးတယ်။

ကမ္ဘာရဲ့ဘယ်နေရာမှာမဆို ဒုက္ခသည် ဆိုတာ ရှိတာပဲ။ မကြာသေးခင်က ကျမ ထိုင်းနိုင်ငံ မယ်လ ဒုက္ခသည် စခန်းမှာ ရှိနေတုန်းက တကယ့်ကိုပဲ ဒုက္ခတွေ ပင်ပန်း ဆင်းရဲမှုတွေကနေ ကင်းလွတ်အောင်လို့ နေ့တိုင်း အားကြိုးမာန်တက် လုပ်ဆောင်နေကြသူတွေကို တွေ့ရတယ်။ အလှူရှင်တွေ မထောက်ပံ့တော့မှာ၊ သေချာပြောရရင် စာနာထောက်ထားမှုတွေ လျော့လာမှာကို သူတို့ စိုးရိမ်ကြပါတယ်။ အလှူရှင်တွေ လျော့ရင်တော့ ရန်ပုံငွေတွေ လျော့မယ်။ နောက်တခုကလည်း ပထမတခုနဲ့ ဆက်စပ်နေပါတယ်။ စာနာထောက်ထားမှု လျော့တော့ ဂရုစိုက်မှုတွေ လျော့ကုန်တာပေါ့။ ဒါကို ကျမတို့ တားနိုင်မလား။ ဒုက္ခသည်တွေရဲ့ လိုအပ်ချက်က များလာပြီး မျက်လုံးကန်းတာ မဟုတ်ရင် ဒုက္ခရောက်နေတာတွေကို မမြင်ခြင်ယောင်ပဲ ဆောင်လိုက်တာများလား။ ကမ္ဘာပေါ်မှာရှိတဲ့ အလှူရှင်တွေကို ကျမ မေတ္တာရပ်ခံလိုတာက ခိုလှုံဖို့အတွက် မရေမရာ ရှာနေတဲ့ သူတို့ရဲ့ လိုအပ်ချက်လေးတွေကို ဖြည့်ပေးဖို့ပါ။

မယ်လ စခန်းမှာတုန်းကဆိုရင် တပ်ခရိုင်က ထိုင်းအာဏာပိုင်တွေ နဲ့ အဖိုးမဖြတ်နိုင်တဲ့ ဆွေးနွေးခွင့် ရခဲ့ပါတယ်။ တပ်ခရိုင်မှာ မယ်လအပြင် တခြားသော ဒုက္ခသည်စခန်းတွေလည်း ရှိပါသေးတယ်။
သူတို့က ဒုက္ခသည်စခန်းနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ ပြဿနာတွေ ပြောပြတယ်။ သစ်တောဥပဒေ ချိုးဖောက်တာတွေ၊ တရားမ၀င် ဆေးဝါးသုံးစွဲမှုတွေ၊ ချက်အရက်တွေ၊ ငှက်ဖျားရောဂါပြဿနာတွေ၊ သွေးလွန်တုပ်ကွေးနဲ့ ၀မ်းရောဂါတွေပေါ့။ အာဏာပိုင်တွေ ပူပန်တာကလည်း ဒုက္ခသည်တွေပူပန်တာလိုမျိုးပဲ။ လက်ခံတဲ့နိုင်ငံကလည်း သူတို့ရဲ့ တာဝန်ဝတ္တရားတွေနဲ့ ကြုံတွေ့ရတဲ့ အခက် အခဲတွေကို ဖြေရှင်းဖို့ စဉ်းစားဖို့နဲ့ လက်တွေ့ကျကျ ကူညီနိုင်ဖို့လည်း လိုပါတယ်။

နောက်ပိုင်း ကျမတို့ရဲ့ ရည်ရွယ်ချက်က ထွက်ပြေး ခိုလှုံလာတဲ့သူတွေ၊ အိမ်ရာမဲ့တွေ၊ ရည်မှန်းချက်မဲ့တွေ မရှိတော့တဲ့ ကမ္ဘာရဲ့ နေရာတိုင်းဟာ နေထိုင်သူတွေဟာ လွတ်လပ်စွာ၊ ငြိမ်းချမ်းစွာ နေထိုင်နိုင်မယ့် နေရာတွေ ဖြစ်လာဖို့ပါ။ အတွေးတိုင်း၊ စကားတိုင်း၊ အလုပ်တိုင်းဟာ ငြိမ်းချမ်းရေးအတွက် ကောင်းမွန်တဲ့ ဘက်က၊ ကုသိုလ်ဘက်က ထည့်ဝင်တဲ့အားတွေ ဖြစ်ဖို့ လိုပါတယ်။ ကျမတို့ တဦးတယောက်ချင်းစီဟာ ဒီလိုလုပ်နိုင်တဲ့ အရည်အချင်းတွေ ရှိပါတယ်။ ကျမတို့ အေးချမ်းစွာ အိပ်စက်ပြီး အေးချမ်းစွာ နိုးထနိုင်မယ့် ကမ္ဘာကြီးဖြစ်အောင် ကျမတို့ လက်တွေ ခိုင်မြဲစွာ တွဲထားပြီး ကြိုးစားကြပါစို့…..။

(အထက်ပါတို့မှာ ဒေါ်အောင်ဆန်းစုကြည်၏ အလွန်ကောင်းသော နိုဘယ်လ်ငြိမ်းချမ်းရေးဆုယူ မိန့်ခွန်းကို တတ်နိုင်သမျှ ဘာသာပြန်ထားခြင်း ဖြစ်ပါသည်…. ဘယ်လောက်ပဲ ကြိုးစားပြန်သော်လည်း လူထုခေါင်းဆောင်၏ မူရင်းအဓိပ္ပာယ်နဲ့ ပါတိတ်စ အတွင်းနဲ့ အပြင်လို ကွာပါသည်…… တုပ်ကွေးမိရက် တန်းလန်းနဲ့ live မကြည့်နိုင်သော မြန်မာနိုင်ငံသားများအတွက် မည်သူမှ ဘာသာ မပြန်သေးသောကြောင့် နံနက် ၂း၃၀ အထိ ကြိုးစားပြန်ထားခြင်း ဖြစ်ပါသည်။ အမှားနဲ့ အလွဲများရှိခဲ့ပါက ကျွန်တော့် တာဝန်သာ ဖြစ်ပါသည်။ သည်းခံကြပါ။)  
Dr ကောင်းမြတ်ကျော်(မြန်မာဘာသာသို့ ပြန်ဆိုသူမှာ Dr ကောင်းမြတ်ကျော်ဖြစ်သည်။ မိုးမခက အနည်းငယ် ပြန်လည် တည်းဖြတ်ထားသည်)
Credit to moemaka