Home

Tuesday, March 12, 2013

ဒီမိုကရေစီ နောက်ကြောင်းပြန်မလှည့်ဖို့


လူတိုင်းလူတိုင်းက မိမိမွေးရပ်မြေဒေသကို ချစ်တာ၊ မိမိပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကို ချစ်တာ၊ မိမိလူမျိုးကို ချစ်တာ၊ မိမိဘာသာ၊သာသနာကို ချစ်တာ မွန်မြတ်ပါတယ်။
လေးစားဂုဏ်ယူထိုက်ပါတယ်။ သို့ပေမယ့် ဒီလိုချစ်တာ သမာသမတ်ကျဖို့ လိုပါတယ်။ သဘာဝကျဖို့တော့ လိုပါတယ်။ ဥဏှောက်မဲ့၊  မျက်စေ့စုံမှိတ်ပြီး ဆင်ခြင်တုံတရားကင်းမဲ့စွာ ချစ်တာကတော့ ဘယ်လိုမှသဘာဝမကျပါဘူး။
အဲဒီလို မိမိမွေးရပ်မြေဆိုတဲ့အစွဲ၊ မိမိပတ်ဝန်းကျင်အသိုင်းအ၀ိုင်းဆိုတဲ့အစွဲ၊ မိမိနဲ့လူမျိုးတူဆိုတဲ့အစွဲ၊ မိမိနဲ့ဘာသာတူဆိုတဲ့အစွဲတွေဝင်လာပြီးဆိုရင်တော့

ဒါဟာ အစွန်းရောက်မှုအဆင့်ကို ရောက်မှန်းမသိ ရောက်သွားနိုင်ပါတယ်။ အစွန်းရောက်အစွဲတွေ ငြိတွယ်လာပြီဆိုရင် အမှန်တရားဟာ ဖုံးကွယ်သွားပါလိမ့်မယ်။ နောက်ဆုံးအမှန်တရားကိုမမြင်၊ မဆင်ခြင်နိုင်တော့ဘဲ၊ အတ္တစွဲနဲ့ တစ်ယူသန်ထင်ရာမြင်ရာလုပ်ဖို့ ၀န်လေးတော့မှာမဟုတ်တော့ပါဘူး။ ထင်ရာမြင်ရာလုပ်နေတာတွေကိုလည်းတွေ့နေရသလို၊ ဥပဒေဘောင်အပြင်က လုပ်ရပ်တွေလည်း တွေ့ကြုံနေရပါတယ်။
       ဒါကြောင့် ဘယ်ဒေသကဖြစ်ဖြစ်၊ ဘာလူမျိုးပဲ ဖြစ်ဖြစ်၊ ဘယ်ဘာသာဝင်ပဲ ဖြစ်ဖြစ် နိုင်ငံသားမှန်ရင် ဥဏှောက်မဲ့စွာ၊ မျက်စေ့စုံမှိတ်ကာ၊ ဆင်ခြင်တုံတရားကင်းမဲ့စွာ ချစ်ဖို့ထက် အမှန်တရားပေါ်မှာသာရပ်တည်ပြီး၊ ဘက်လိုက်မှုကင်းစွာ မိမိတို့နိုင်ငံရဲ့အကျိုး၊ ပြည်ထောင်စုရဲ့အကျိုး၊ မိမိတို့နိုင်ငံသူနိုင်ငံသားတို့ရဲ့အကျိုးကိုရှေးရှုပြီး နိုင်ငံသားအားလုံးချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်ကြဖို့လိုပါတယ်။
       မိမိနဲ့ဒေသတူ၊ လူမျိုးတူ၊ ဘာသာတူသူတို့ကိုချစ်ဖို့ထက် မိမိနိုင်ငံ၊ မိမိပြည်ထောင်စုကိုချစ်ဖို့  နိုင်ငံသားတိုင်းမှာ လုံးဝတာဝန်ရှိသလို၊ မိမိနဲ့ဒေသတူ၊ လူမျိုးတူ၊ ဘာသာတူသူတို့အရေးထက် မိမိတို့နိုင်ငံ၊ မိမိတို့ပြည်ထောင်စုအရေးက မိမိတို့နိုင်ငံသားအားလုံးရဲ့မွေးရာပါတာဝန်ဖြစ်ပါတယ်။
နှစ်ပေါင်းများစနစ်ဆိုးအောက်မှာ အဖက်ဖက်ကချွတ်ခြုံကျနေတဲ့နိုင်ငံကို စနစ်သစ်ပြောင်းပြီး ဒီမိုကရေစီကိုလျှောက်လှမ်းနေတဲ့အချိန်မှာ ပြဿနာတွေ၊ ပဋိပက္ခတွေဖန်တီးနေမယ့်အစား၊ အပြစ်ဖို့နေမယ့်အစား စိတ်ရင်းမှန်မှန်နဲ့၊ သတိဝိရိယရှိရှိ ၀ိုင်းဝန်းကြိုးပမ်းရမယ့်ကာလဖြစ်ပါတယ်။
       အရှေ့ဖက်၊ အနောက်ဖက်က တရားမ၀င်ခိုးဝင်လာသူတွေ၊ လူမျိုးစုဒေသတွေနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ ယခင်အစိုးရရဲ့လက်ကျန်အရှုပ်ဇာတ်လမ်းတွေ၊ လက်ပံတောင်းတောင်အရေးကိစ္စတွေကလည်း ကြီးကျယ်တဲ့စမ်းသပ်မှုတွေအဖြစ်ရင်ဆိုင်နေရတာကိုလည်းတွေ့နေရပါတယ်။  ပြည်တွင်းက ဒေသအသီးသီးမှာလည်း လူမျိုးစွဲ၊ ဘာသာစွဲပြင်းထန်သူတွေ၊ ၀ါဒမှိုင်းတိုက်နေသူတွေက ပဋိပက္ခတွေဖြစ်အောင်၊ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင်လှုံ့ဆော်နေကြတာတွေလည်းကြားနေရပါတယ်။
       ဒီအချိန်ဟာ အင်မတန်အရေးကြီးနေတဲ့အချိန်အခါဖြစ်နေတယ်ဆိုတာ အားလုံးကသိနေပြီးဖြစ်ပါတယ်။ ဒီအချိန်မှာ နိုင်ငံသားအားလုံးက အသိရှိရှိ၊ သတိရှိရှိ ၀ိုင်းဝန်းမကြိုးပမ်းဘဲ၊ မိမိတို့ရဲ့ဒေသစွဲ၊လူမျိုးစွဲ၊ဘာသာစွဲ၊၀ါဒစွဲ၊လမ်းစဉ်စွဲတွေကိုလက်မလွှတ်ဘဲ၊ ဆက်လက်ဆုပ်ကိုင်ထားကြမယ်ဆိုရင်တော့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေဆိုတဲ့ကိန်းဆိုက်သွားနိုင်ပါတယ်။ တိုင်းပြည်ရဲ့အနာဂတ်ဟာလည်း ဦးတည်ဖက်ပြောင်းသွားနိုင်တယ်ဆိုတာ အားလုံးအသိဖြစ်ပါတယ်။
       ဒါကြောင့် တိုင်းပြည်ရဲ့ဒီမိုကရေစီ နောက်ကြောင်းပြန်မလှည့်ဖို့ နိုင်ငံသားတစ်ဦးချင်း၊ တစ်ယောက်ချင်းက မိမိတို့တတ်စွမ်းသည့်ဖက်မှ ၀ိုင်းဝန်းကြိုးပမ်းကြဖို့ လိုအပ်နေပြီဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
----- မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်) -----