Home

Friday, March 8, 2013

အမြဲတမ်း ကွဲလွဲနေကြမယ်ဆိုရင်


ခရုယှက် သမ္မတဖြစ်တုန်းက ပြောသွားတဲ့ စကားတစ်ရပ်ရှိတယ် ၊ ဘာပြောသွားလဲဆိုတော့ ကျွန်တော်တို့ အရှေ့အုပ်စုနဲ့ အနောက်အုပ်စု ငြိမ်ချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ပြီးတော့ ကိုယ့်စနစ်နဲ့ကိုယ် ကိုယ့်နိုင်ငံ တိုးတက်အောင် လုပ်၊ အဲသလိုဆိုရင် ကမ္ဘာကြီးကောင်းမယ်၊ ဒီလိုမဟုတ်ဘဲနဲ့ တစ်ဦးနဲ့တစ်ဦး တစ်အုပ်စုနဲ့တစ်အုပ်စု အထင်အမြင်လွဲပြီးတော့ စစ်ပွဲတွေ ဆင်နွှဲနေကြမယ်ဆိုရင် ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးကို ကျွန်တော်တို့ ဖျက်ဆီးသလိုဖြစ်မယ်၊ ခရုယှက်က အဲဒီလို ပြောဆိုသွားတယ်။

အခုလဲ အဲသလိုပဲ ဒို့နိုင်ငံက ထိပ်တန်းကနေ ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ သဘောထားညှိနှိုင်းပြီးတော့ ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်ကြမယ်ဆိုရင် ဒို့ဗမာနိုင်ငံ တိုးတက်မယ်၊ ဒီလိုမဟုတ်ဘဲနဲ့ သဘောထား
အမြဲတမ်းကွဲလွဲနေကြမယ်ဆိုရင် အဲဒီ ထိပ်ပိုင်းက ဦးဆောင်နေတဲ့ပုဂ္ဂိုလ်များ ဗမာနိုင်ငံကို ဖျက်ဆီးတဲ့ တရားခံထဲ ၀င်သွားမယ်၊

ဒါကြောင့် ထိပ်ပိုင်းက ဦးဆောင်နေတဲ့ပုဂ္ဂိုလ်တွေကို ငါ အမြဲတမ်းပြောနေပါတယ်၊ အေး ဒါကြောင့် နှစ်ဦးနှစ်ဖက်လုံးကို ငါကတော့ ကြားဝင်ပြီးတော့ ပြောနေတာပဲ၊ ဒီတော့ ညီညီညွတ်ညွတ် လုပ်ဆောင်ကြဖို့ အင်မတန် အရေးကြီးပါတယ်၊ အဲဒီလို ညီညီညွတ်ညွတ်နဲ့ တည်ထောင်မှ ဒီနိုင်ငံတိုးတက်မယ်။

နိုင်ငံ လွတ်လပ်ရေးရတာ ရှင်အောင်ဆန်းစုကြည် (၃)နှစ်သမီးလောက်က လွပ်လပ်ရေးရလာတာပါ။ ဒီတော့ လွတ်လပ်ရေးရတာ နှစ်ပေါင်း(၅၀)ကျော်ပြီ၊ ဒါပေမဲ့ ဗမာနိုင်ငံက သွားတောင်မပေါက်သေးဘူး၊ အဲဒီလောက်ထိ ရှက်စရာကောင်းနေတယ်၊ လူလားမြောက်ဖို့ဆိုတာ ဝေးလို့ သွားတောင်မပေါက်သေးဘူး၊

အဲဒီသွားတောင် မပေါက်သေးတဲ့ ဗမာနိုင်ငံကို သွားပေါက်လာအောင် လူလားမြောက်လာအောင်ဆိုတာက ညီညီညွတ်ညွတ်နဲ့ ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ကြမှ ဗမာနိုင်ငံ တိုးတက်မယ်၊ ဒီအတိုင်း ဖြစ်နေကြမယ်ဆိုရင် ခုနက ငါပြောခဲ့တဲ့အတိုင်းဘဲ ဗမာနိုင်ငံကို ဖျက်ဆီးတဲ့ တရားခံတွေထဲ ၀င်သွားမယ်၊

အေး သမိုင်းလေ့လာတယ်ဆိုတာ ရှေးက အမှားတွေ ရှောင်ကြဉ်ပြီးတော့ အမှန်တွေ လုပ်ကြဘို့အတွက် သမိုင်းကို လေ့လာရတယ်၊ ဒါကြောင့် ဒို့ဗမာနိုင်ငံမှာ နိုင်ငံရေးအမှားတွေ အများကြီးရှိပါတယ်၊ အဲဒီအမှားတွေကိုတော့ ဆက်ပြီးမပြောပါနဲ့တော့၊ ဒီအမှားတွေ ဆက်မမှားကြဘဲနဲ့ အဲဒီအမှားတွေကို ရှောင်ကြဉ်ပြီးတော့ ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်ကို ထူထောင်ကြဘို့ သြ၀ါဒပေးရင်း ငါ့ရဲ့ သြ၀ါဒကထာကို နိဂုံးချုပ်ပါတယ်။

(ပြည်သူလူထုခေါင်းဆောင်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲဝင် အားလုံးအား မိန့်ကြားသော သြ၀ါဒကထာ)

(၁၃၆၄-ခု၊ နယုန်လပြည့်ကျော်(၈)ရက်)

မစိုးရိမ်တိုက်သစ်ကြီးများ၏
ပဓာနမဟာနာယကချုပ်ဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)