Home

Thursday, March 21, 2013

ရှင်တော်ဂေါတမဗုဒ္ဓ၏ သွန်သင်ဆုံးမမှုများမှ သွေဖီခွဲထွက်လာတဲ့


အစ္စလာမ်ဘာသာဝင်တွေရဲ့အတွဋ်အမြတ်ထားရာ ၀တ်ကျောင်းတော်တွေကို ဖျက်ဆီးနေတာ...
အစ္စလာမ်ဘာသာဝင်တွေရဲ့အသက်ကိုရန်ရှာ၊  ငြှင်းပမ်းသတ်ဖြတ်နေတာ...
အစ္စလာမ်ဘာသာဝင်တွေရဲ့အိုးအိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေကို လုယက်နေတာ၊ မီးတင်ရှို့နေတာ...
အစ္စလာမ်ဘာသာဝင်တွေကို မွေးရပ်ဇာတိမှ ထွက်ပြေးအောင် နည်းအမျိုးနဲ့ ဒုက္ခပေးနေတာ...
အစ္စလာမ်ဘာသာဝင်တွေကို သုပ်သင်ရှင်းလင်းရန် အဓိကရုဏ်းများဖန်တီးနေတာ...
ဗုဒ္ဓဘာသာနဲ့တော့ မသက်ဆိုင်ပါ။ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်စစ်စစ်များကလည်း မနှစ်မြှို့ကြပါ။ 
ဗုဒ္ဓဘာသာ၏ သွန်သင်ဆုံးမမှုနဲ့လည်း လုံးလုံးလျားလျား မကိုက်ညီပါ။ ဗုဒ္ဓဘာသာ၏ သာသနာပြုပုံပြုနည်းလည်း မဟုတ်ပါ။ ဗုဒ္ဓဘာသာဝင်တို့၏ သာသနာတော်ကို ထိမ်းသိမ်းစောင့်ရှောက်သည့်နည်းလမ်းလည်း မဟုတ်ပါ။ ရှင်တော်ဂေါတမဗုဒ္ဓ ရဲ့ဝါဒက မေတ္တာနဲ့ သစ္စာပါ။ မေတ္တာနဲ့ လူမျိုးဘာသာ မခွဲဘဲ စိတ်စေတနာထားတယ်။ လူမျိုးဘာသာ မခွဲဘဲ လူသားအကျိုးကို သယ်ပိုးတယ်။ ဗုဒ္ဓ၏ လမ်းစဉ်အနှစ်ချုပ်က မေတ္တာကိုအခြေခံသလို အစွန်းရောက်မှုကို အားမပေးခဲ့ပါဘူး၊ မဇ္ဈိမဋိပဒါ လမ်းစဉ်ကိုသာ အမှန်ဆုံးလမ်းစဉ်လို့ ဟောကြားခဲ့တာပါ။ မြန်မာပြည်မှာ ရှင်တော်ဂေါတမဗုဒ္ဓ မပွင့်ခဲ့သော်လည်း ထေရ၀ါရ ဗုဒ္ဓဘာသာ ရှင်သန်နေတာ ကမ္ဘာပေါ်မှာ ဂုဏ်ယူဝမ်းမြောက်စရာတစ်ရပ်ပါ။ 

အရှေ့တိုင်း အစ္စလာမ်သာသနာဝင် ကမ္ဘာကျော် ကဗျာဆရာကြီး  ဒေါက်တာ အိက္ကဘာရ် က ရှင်တော်ဂေါတမ ဗုဒ္ဓ အိန္ဒိယမှာ ပွင့်
တော်မူခဲ့ပေမယ့် ထေရ၀ါဒဗုဒ္ဓဘာသာ မရှင်သန်ခဲ့လို့  ရှင်တော်ဂေါတမ ဗုဒ္ဓ အတွက် ကဗျာတစ်ပုဒ်  ရင့်ကျူးဖွဲ့ဆိုခဲ့ပါသေးတယ်။
"ဗုဒ္ဓအား အောက်မေ့တသ 
အိန္ဒိယမှာ-
ထွန်းလင်းတောက်ပ၊ 
သပ္ပါယ်လှစွာ- 
ကုမုဒြာပန်း
ပွင့်ပေါ်လန်းဆန်း ခဲ့သော်လည်း
အိန္ဒိယ၏- 
မြေဆီဇလာ-
ဓါတ်ခံနုံမွဲ ဆင်းရဲမှုကြောင့်
ဇာတိမြေမှာ-
မြတ်ပန်း မုဒြာ  မလန်းသာခဲ့။
သြော်-ကံဆိုးလှသော၊ အိန္ဒိယ။  (ဒေါက်တာ အိက္ကဘာရ်)"....

အစ္စလာမ်ဘာသာဝင်တွေအပေါ် ပစ်မှတ်ထားပြီး အကြမ်းဖက်မှုတွေလုပ်နေတာဟာ  ကမ္ဘာ့အလည်မှာ ထေရ၀ါရ ဗုဒ္ဓဘာသာ 
ရှင်သန်နေတာကို ဖျက်လိုဖျက်ဆီး လုပ်လိုတဲ့၊ ဗုဒ္ဓဘာသာရဲ့ သွန်သင်ဆုံးမမှုများမှ သွေဖီခွဲထွက်လာတဲ့ ဘာသာရေးအစွန်းရောက်၊ 
လူမျိုးရေး အစွန်းရောက်  ဂိုဏ်းခွဲ တည်ထောင်လိုသူ၊ တရားသစ်တီထွင်သူ၊ သာသနာဖျက်လိုသူ၊ မိစ္ဆာအယူကို ထူထောင်လိုနေသူ 
တစ်စုကြောင့်လို့ ထင်မြင်မိပါတယ်။ အဲဒီဂိုဏ်းကွဲကို တည်ထောင်သူက ဘုရားသားတော်အမည်ခံကာ ရှင်တော်ဂေါတမ ဗုဒ္ဓရဲ့
မွန်မြတ်လှတဲ့ဝတ်ရုံခြုံထားတဲ့ သမိုင်းကြောင်း မကောင်းခဲ့တဲ့သူတစ်ဦးဖြစ်နေခြင်းက ဗုဒ္ဓဘာသာပုံရိပ်ကို ညစ်နွမ်းစေပါသည်။ 
အစွန်းအထင်းများဖြစ်ပေါ်စေပါသည်။

သူ့ရဲ့အစ္စလာမ်ဆန့်ကျင်ရေး စိတ်ဓါတ်မြှင့်မားစေတဲ့ဟောပြောပွဲတွေ၊ အစ္စလာမ် ဆန့်ကျင်ရေး စာအုပ်တဲ့၊ လက်ကမ်းစာစောင်ေ
တွနဲ့ ကြေညာချက်တွေဟာ အလွန်အရုပ်ဆိုး အကျည်းတန်လှရုံမက နေရာဒေသတိုင်းလိုလိုမှာ လူမျိုးရေး၊ ဘာသာရေးအသွင်ပုံစံ 
မရောက်ရောက်အောင်တွန်းပို့နေပါတယ်။  ပြည်သူတွေကို မငြိမ်မသက်ဖြစ်အောင် လှုံဆော်တာတွေ၊ သွေးထိုးတာတွေ မျိုးစုံ
လုပ်တယ်။ တစ်မြို့ဝင်တစ်နယ်ထွက်ပြီး  သူတို့ ဘာသာရေးအစွန်းရောက်၊လူမျိုးရေး အစွန်းရောက် အတွေးအခေါ်တွေ  အယူ
အဆတွေကို ၀ါဒဖြန့် လှုံဆော်နေတာတွေ တွေ့နေရပါတယ်။

"ကိုယ်အပြုအမူ၊ နှုတ်အပြောအဆို အပြစ်ကင်းမှသာလျှင် သီလစင်ကြယ်သူလို့သတ်မှတ်ရမှာပါ။ ကိုယ်ကျင့်တရားကောင်းသူလို့
ဆိုရမှာပါ။ ကိုယ်အပြုအမူ၊ နှုတ်အပြောအဆို အပြစ်မကင်းလျှင်သီလမစင်ကြယ်ပါ။ သီလပျက်စီးတယ်လို့ပြောရမှာပါ။ ကိုယ်ကျင့်
တရားပျက်တယ်ဆိုလည်းမှန်ပါတယ်။ အပြစ်ဆိုတာ... ထိခိုက်နစ်နာမှုကို အပြစ်လို့ခေါ်ပါတယ်။ မိမိကိုယ်ကိုဖြစ်စေ၊ သူတစ်ပါးကို
ဖြစ်စေ၊ တစ်ဦးဦးကို ထိခိုက်နစ်နာစေသော အပြအမူ အပြောအဆိုသည် အပြစ်ရှိသော၊ အပြစ်မကင်းသော အပြုအမူ အပြောအဆို 
ဖြစ်ပါတယ်။ မိမိ၊ သူတစ်ပါး နှစ်ဦးအနက် မည်သူ့ကိုမှ မထိခိုက် မနစ်နာသော အပြုအမူ အပြောအဆိုသည်သာ အပြစ်မရှိသော 
အပြစ်ကင်းသော အပြုအမူ အပြောအဆိုဖြစ်သည်။ အပြစ်ကင်းသော အမှုသည် ကုသိုလ်ဖြစ်ပါတယ်။ အပြစ်မကင်းသော အမှုသည် 
အကုသိုလ်ဖြစ်ပါတယ်"လို့  အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်) မိန့်ကြားတာနဲ့ နှိုင်းယှဉ်ကြည့်လိုက်တော့ ဂိုဏ်းကွဲကို 
တည်ထောင်သူဟာ သီလစင်ကြယ်သူ၊ ကိုယ်ကျင့်တရားကောင်းသူလို့ သတ်မှတ်လို့ မရနိုင်ပါဘူး။  ရှင်တော်ဂေါတမ ဗုဒ္ဓရဲ့ဝတ်ရုံနဲ့ 
လားလားမျှ မထိုက်တန်သူ၊ မသင့်တော်သူသာဖြစ်နေပါတယ်။

အခြားလူမျိုး၊ အခြားဘာသာတရားတွေကို ခွဲခြား၊နှိမ့်ချ၊စော်ကား၊ပုတ်ခတ်တဲ့ စကားတွေ ဟောနေ၊ ပြောနေတာ။ အပြစ်ပုံချ 
မကောင်းကြောင်းပြောနေတာ။ ခွဲခြား၊နှိမ့်ချ၊စော်ကား၊ပုတ်ခတ်တဲ့ စာတွေရေးနေတာ။ အပြစ်ပုံချ၊ မကောင်းကြောင်း စာတွေဝေငှ
နေတာဟာ ကိုယ့်ကိုယ်ကို ဘယ်လိုလူစား၊ ဘယ်လိုအဆင့်အတန်း၊ ဘယ်လို စိတ်အခြေအနေဆိုတာ ဖော်ပြနေသလိုပါပဲ။ ကိုယ့်
ကိုယ်ကို ဘယ်လိုလူစား၊ ဘယ်လိုအဆင့်အတန်း၊ ဘယ်လိုစိတ်အခြေအနေဆိုတာ ပေါ်လွင်စေတာပါပဲ။ ကိုယ့်လူမျိုး ကိုယ့်ဘာ
သာရဲ့ ဂုဏ်သိက္ခာချနေသလိုပါပဲ။ ကိုယ့်လူမျိုး ကိုယ့်ဘာသာရဲ့ ဂုဏ်သိက္ခာကျစေတာပါပဲ။ ကိုယ့်လူမျိုး ကိုယ့်ဘာသာဝင်တွေကို 
စိတ်ထားညံ့တဲ့သူတွေ ဖြစ်အောင် လုပ်နေတာပဲ။ စိတ်ထားညံ့တဲ့သူဖြစ်ပြီ ဆိုမှတော့ ကိုယ့်လူမျိုး ကိုယ့်ဘာသာဝင်တွေရဲ့တန်ဖိုး
လည်းကျမှာဖြစ်ပါတယ်။ ကိုယ့်ဘာသာ ကိုယ့်လူမျိုးရဲ့ ကြီးမြတ်တဲ့သဘောကို ပြဖို့ဆိုတာ နှလုံသားကြီးကြီး၊သဘောထားကြီးကြီး
ထားဖို့ လိုပါတယ်။

ဂိုဏ်းခွဲတစ်ခု၏ လုပ်ရပ်တို့ဟာ ဘာသာတစ်ခုလုံး၊ လူမျိုးတစ်စုလုံးနဲ့ သက်ဆိုင်မှု မရှိပေမယ့် အနည်းနှင့် အများဆိုသလို ဘာသာနဲ့
လူမျိုးတစ်ခုလုံးအပေါ်မှာ ရောင်ပြန်ဟပ်လေ့ ရှိပါတယ်။ ရှင်တော်ဂေါတမဗုဒ္ဓ၏ အမည်နာမတော်အား ခုတုံးလုပ်ပြီး၊ ရှင်တော် 
ဂေါတမ ဗုဒ္ဓ၏ ၀တ်ရုံကိုခြုံကာ ထေရ၀ါဒ ဗုဒ္ဓသာသနာကို ညစ်နွမ်းအောင်လုပ်နေသူ၊  မိစ္ဆာအယူကိုထူထောင်နေသူများအား နိုင်ငံတော် သံဃာ့ မဟာနာယကအဖွဲ့အနေနဲ့ တားမြစ်အရေးယူသင့်သလို၊ငြိမ်းချမ်းမှုကို လိုလားကြသော ဗုဒ္ဓဘာသာဝင်များကလည်း အမြင်ကျယ်ကျယ်၊ အတွေးအခေါ်ရှိရှိ ၀ိုင်းဝန်းလက်တွဲကာ ဘာသာရေးအစွန်းရောက်၊လူမျိုးရေး အစွန်းရောက်  ဂိုဏ်းခွဲတည်ထောင်လိုသူ၊ တရားသစ်တီထွင်သူ၊ သာသနာဖျက်လိုသူ၊ မိစ္ဆာအယူကိုထူထောင်လိုနေသူ  တစ်စုအား တားမြစ်သင့်ပြီးဖြစ်ကြောင်း အရှင်ဇောတ(ချပ်သင်း)ရဲ့ "ကိုယ့်သာသနာကို အစ္စလာမ်က လာဖျက်လို့လည်းမပျက်ဘူး။ ခရစ်ယာန်က လာဖျက်လို့လည်း ပျက်ဘူး။ ဒီသာသနာကို နံဘေးက ဘယ်သူမှ လာဖျက်လို့ မပျက်ဘူး။ ကိုယ့်ဘာသာ ကိုယ်ဖျက်မှ ပျက်မှာ။လွတ်လပ်စွာကွဲလွဲနိုင်တယ်။ မတူညီတဲ့မူတွေရှိပေမဲ့ ငြိမ်းချမ်းစွာနဲ့အတူ ယှဉ်တွဲနေထိုင်ဖို့ဆိုတာကိုတော့ နှစ်နှစ်ခြိုက်ခြိုက် လက်ခံပါတယ်"။ ဆိုတဲ့မိန့်ကြားချက်ကို နှလုံးမူကြဖို့ တိုက်တွန်းရင်း ဘာသာသာသနာအရေး၊ လူမျိုးအရေး၊ နိုင်ငံရှေ့ရေး စိုးရိမ်ပူပင်ကာ တင်ပြလိုက်ရပါတယ်။
ဘာသာတရားအားလုံးနှင့် လူမျိုးစုအားလုံးကိုလေးစားတန်ဖိုးထားလျှက်
မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)