Home

Sunday, July 13, 2014

အာဏာရှင်ခြေဖ၀ါးအောက် ပြားပြားမှောက်နေရမှာတော့အတူတူပဲ။

လူရယ်လို့ဖြစ်လာရင် တစ်ဦးနဲ့တစ်ဦး၊ တစ်အုပ်စုနဲ့တစ်အုပ်စု၊ လူ့အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု၊ လူမျိုးတစ်မျိုးနဲ့တစ်မျိုး၊ 
ဘာသာတစ်ခုနဲ့တစ်ခုကြား နားလည်မှု သည်းခံမှု ခွင့်လွှတ်မှုတရားတွေ လက်ကိုင်ထားပြီး သဟဇာတဖြစ်အောင် နေထိုင်နိုင်ဖို့ကြိုးစားကြရပါမယ်။ ဒါမှသာ နိုင်ငံနဲ့တစ်ဝှမ်း တည်ငြိမ်မှု၊ အေးချမ်းမှုနဲ့ ငြိမ်းချမ်းမှု အသွင်ဆောင်မှာဖြစ်တယ်။

အုပ်စုမတူလို့၊ လူ့အဖွဲ့အစည်းမတူလို့၊ လူမျိုးမတူ ဘာသာခြားလို့၊
ယုံကြည်မှုမတူလို့၊ ခံယူချက်မတူလို့၊ ယဉ်ကျေးမှု ဓလေ့ထုံးစံမတူလို့
အမုန်းတွေ အာဃာတတွေထားပြီး ရန်ဘက်တွေလိုမြင်နေကြရင်
တည်ငြိမ်မှု၊ အေးချမ်းမှု၊ ငြိမ်းချမ်းမှုဆိုတာ ကွယ်ပျောက်သွားနိုင်ပါတယ်။
တည်ငြိမ်မှု၊ အေးချမ်းမှု၊ ငြိမ်းချမ်းမှုတွေရှိမှသာ ကျွန်ုပ်တို့မျှော်လင့်မျှော်မှန်းတဲ့ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ တရားမျှတခြင်းတွေ ပြည့်ဝတဲ့ ဒီမိုကရေစီပန်းတိုင်ကို အရောက်လှမ်းနိုင်မှာဖြစ်ပါတယ်။
တကယ်လို့ တည်ငြိမ်မှု၊ အေးချမ်းမှု၊ ငြိမ်းချမ်းမှုတွေမရှိဘဲ အကြမ်းဖက်မှုတွေ ထူပြောနေမယ်ဆိုရင် ကျွန်ုပ်တို့ မျှော်လင့်မျှော်မှန်းတဲ့ ဒီမိုကရေစီပန်းတိုင်
မြင်နေရတဲ့ မှုံပျပျလေးပါ ဆုံးရှုံးလက်လွတ်သွားနိုင်ချေ ရှိပါတယ်။

အရေးကြီးရင် သွေးနီးရမယ်ဆိုသလို ဒီအချိန်ဟာ ကျွန်ုပ်တို့တိုင်းပြည်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲဖော်ဆောင်နေတဲ့အချိန်ဖြစ်တဲ့အတွက်
အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေနဲ့ တိုင်းပြည်တည်ငြိမ်မှု ပျက်ပြားစေနိုင်တဲ့ အခြေအနေတွေဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အနှောက်အယှက် အဟန့်အတားဖြစ်စေပါတယ်။
တိုင်းပြည်ပြောင်းလဲမှုကို မလိုလားသူတစ်စုရဲ့ ပြည်သူလူထုမျက်နှာ မငဲ့ကွက်ဘ၊ဲ မိမိတို့ကိုယ်ကျိုးစီးပွားအတွက် အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေနဲ့ တိုင်းပြည်တည်ငြိမ်မှုပျက်ပြားအောင် လှုံဆော် ဖန်တီးနေတာပါ။
သံဃာကို သံဃာအချင်းချင်း၊ လူထုကို လူထုအချင်းချင်း အမုန်းမီးပွားစေပြီး
သွေးခွဲ သပ်လျှို ရန်တိုက်ပေးနေမှုတွေဟာ အင်မတန်ကြီးမားတဲ့ နိုင်ငံရေးလှည့်ကွက်ဆိုတာကို လူထုက အမြင်ကျယ်ကျယ်ထားပြီး
အဓိကဘုံရန်သူဟာ ဘယ်သူဆိုတာ နားလည်သဘောပေါက်ကာ
အတူတကွ စည်းစည်းလုံးလုံး ဟန့်တားကာကွယ်ခြင်းဖြင့် ဒီမိုကရေစီဖော်ဆောင်မှုခရီးစဉ်ကြီး နောက်ကြောင်းပြန်မလှည့်ဖို့၊
ပစ်မှတ်မလွဲကြဖို့၊ ပန်းတိုင်မပျောက်ကြဖို့
ကျွန်ုပ်တို့ ကြိုးစားကြရမယ့် အချိန်ရောက်နေပါပြီ။

ဒီလိုမှ မဟုတ်ဘဲ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး
ကိုယ်ထင်ရာကိုယ်စိုင်း၊ ရိုင်းချင်တိုင်း ရိုင်းနေကြမယ်ဆိုရင်.....
အကြမ်းဖက်မှုတွေနဲ့ နိုင့်ထက်စီးနင်း ခွဲခြားဆက်ဆံ စော်ကားနေမှုတွေကို ဆက်လက်အားပေးနေကြမယ်ဆိုရင်....
အကြမ်းဖက်မှုတွေ၊ နိုင်ထက်စီးနင်းလုပ်နေမှုတွေကို
တားဆီးဟန့်တားမှုမရှိဘဲ နှုတ်ဆိတ်လက်ပိုက်ကြည့်နေကြမယ်ဆိုရင်တော့...

ကျွန်ုပ်တို့နဲ့အတူ ဒီမိုကရေစီတိုက်ပွဲတစ်လျှောက် တိုက်ပွဲဝင်ခဲ့ကြရင်း
အသက်စွန့်လှူသွားကြတဲ့ ကျွန်ုပ်တို့ ရဲဘော်ရဲဘက်တွေအတွက်
တာဝန်မကျေပြွန်ရာ ရောက်သလို၊

ကျွန်ုပ်တို့ မျှော်လင့်မျှော်မှန်းတဲ့ ဒီမိုကရေစီပန်းတိုင်
မျှော်လေတိုင်းဝေးပြီး လက်လွတ်ဆုံးရှုံးသွားနိုင်သလို၊

ကျွန်ုပ်တို့အားလုံး ဘာတွေ ဘယ်လောက်ပဲ မတူကွဲပြား ခြားနားနေကြပါစေ၊
အာဏာရှင်ခြေဖ၀ါးအောက် ပြားပြားမှောက်နေရမှာတော့
အားလုံးအတူတူပဲလို့ ဆိုချင်ပါတယ်။
_______________________________________
m y O e w y n n _ 1 0 . 0 7 . 2 0 1 4