Home

Sunday, July 13, 2014

အတုယူ လေးစားသင့်တဲ့မြို့၊ ရတနာပုံ မင်းနေပြည်တော်။

မန္တလေး
အသင်ဟာ
ယဉ်ကျေးတဲ့မြို့
လူမျိုးမရွေး၊ ဘာသာမရွေး
အေးအတူပူအမျှ
ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး
စုရုံးနေထိုင်ခဲ့ကြတဲ့မြို့

ရှေးမြန်မာမင်းတွေ
နန်းစိုက်ခဲ့တဲ့မြို့
ရတနာပုံ မင်းနေပြည်တော်။

မန္တလေး
အသင်ဟာ
ဘာသာတရား လေးစားတဲ့မြို့
ဘုရား ပုထိုး ကျုံး မြို့ရိုးနဲ့
ပြအိုး တန်ဆောင်း၊ ဗလီကျောင်းတွေ
ဒွေးရောယှက်တင် နေရာအနှံ့
မြို့တည်နန်းတည်
မင်းတရားကြီးကိုယ်တိုင်
ချီးမြှင့်ခဲ့တဲ့မြို့
ရတနာပုံ မင်းနေပြည်တော်။

မန္တလေး
အသင်ဟာ
မေတ္တာတရား ဦးထိပ်ထားပြီး
မြို့တော်ရိပ်အောက်
ခုံလှုံရောက်သူတိုင်းကို
ကျောသားရင်သားမခွဲခြားဘဲ
မေတ္တာဓာတ်နဲ့ ထီးပမာရိပ်မိုး
စောင့်ရှောက် သယ်ပိုး
ဆွေမျိုးတွေလိုနေခဲ့တဲ့မြို့
ရတနာပုံ မင်းနေပြည်တော်။

မန္တလေး
အသင်ဟာ
အခုတော့
နေပြည်တော်အတု တည်ဆောက်သူတွေက
ဒီမိုကရေစီအတု ဖော်ဆောင်နေသူတွေက
ယူနီဖောင်းချွတ် ချိတ်လုံချည်ဝတ်တွေက
သန့်ရှင်းတဲ့အစိုးရ၊ ကောင်းမွန်တဲ့အစိုးရဆိုသူတွေက
အကြံပက်စက် ဇကောလောက်မှ
စောက်မနက်ဘဲ
အတ္တကိုရှေ့တန်းတင်
လူကိုလူလို မမြင်နိုင်ဘဲ
အမုန်းမျက်နှာဖုံးအုပ်
လူမျိုးရေး၊ဘာသာရေးခုတုံးလုပ်
အာဏာ ဆုတ်ကိုင်ဖို့၊
မသမာတဲ့နည်း အောက်လမ်းနည်းတွေနဲ့
ကြိုးကိုင်လှုပ်ရှား
မတရားအကြမ်းဖက် ရိုင်းစိုင်းရက်စက်
မီးလောင်တိုက်သွင်း ဖျက်လိုဖျက်စီး
မြို့ရိုးနဲ့ကျုံးအရုပ်ဆိုးစေ
ချနင်းချေ ခံခဲ့ရတဲ့မြို့
ရတနာပုံ မင်းနေပြည်တော်။

မန္တလေး
အသင်ဟာ
မြို့တော်သူ မြို့တော်သား
လူမျိုးဘာသာမခြား
ညီညွတ်မှုအားကြောင့်
လူမျိုးရေးအထိကရုဏ်းကိုကျော်လွှာ
အကြမ်းဖက်မှုများ မကြီးထွားဘဲ
တည်ငြိမ်မှုဆီ ဦးတည်လျှောက်လှမ်း
ငြိမ်းချမ်းတဲ့စခန်း မှန်းမျှော်နိုင်ပြီ။
သမိုင်းမှတ်တိုင် စိုက်ထူနိုင်ပြီ။
အဖျက်သမားတို့ယန္တရား ရိုက်ချိုးနိုင်ခဲ့ပြီ။
ဘာသာစုံ စည်းလုံးမှု အစဉ်အလာ ထိန်းသိမ်းနိုင်ခဲ့ပြီ။
အတုယူ လေးစားသင့်တဲ့မြို့
ရတနာပုံ မင်းနေပြည်တော်။
______________________________________
m y O e w y n n _ 0 7 . 0 7 . 2 0 1 4