ကျွန်တော်တို့ဟာ နိုင်ငံရေးအရဖိနှိပ်ခံရမှုအောက်မှာ ဘာသာရေးမုန်းတီးမှုပြဿနာကို
ဘယ်တုန်းကမှ အရေးတကြီးဦးစားပေးကိစ္စအဖြစ် မပြောခဲ့ကြဘူး၊
ပျက်ကွက်ခဲ့ကြတယ်။ ဘာသာရေး လူမျိုးရေးအဓိကရုဏ်းတွေဖြစ်ပေါ်တိုင်း
စစ်အုပ်စုရဲ့နိုင်ငံရေးအာရုံလွှဲမှုအဖြစ်နဲ့ဘဲ အဖြေထုတ်သုံးသပ်ခဲ့ကြတယ်။
ဘာသာရေး လူမျိုးရေးခွဲခြားမှုကို အာဏာသိမ်း စစ်အုပ်စုက ရာစုနှစ်ထက်ဝက်မက
နိုင်ငံတော်မူဝါဒအဖြစ်ကျင့်သုံးတဲ့အခါ (နိုင်ငံတော်မူဝါဒလို့ဆိုရာမှာ ကျနော်ပြောလေ့ရှိတဲ့
ဗုဒ္ဓဘာသာအခြေပြုအမျိုးသားရေးဝါဒကိုပဲ အဓိကရည်ညွှန်းပါတယ်) အဓိကရုဏ်းများကို
ကြိုးကိုင်ဖန်တီးလာခဲ့တဲ့အခါ အမြင်လွဲအယူမှား သတင်းအမှားများနဲ့ အမုန်းတရားမျိုးစေ့ကို
မျိုးဆက်အဆင့်ဆင့်ကြဲပက်ခဲ့တဲ့အခါ လူအများကြားမှာ ဒီအမုန်းတရားဟာ
အပင်မပေါက်ဘဲနေရော့မလား။
ဒီအယူလွဲတဲ့အမုန်းတရားရန်က ကာကွယ်ဖို့ရာ ဦးနှောက်နဲ့နှလုံးသား
ကြီးမြတ်ကျယ်ပြောနိုင်အောင် လူအများမှာ လုံလောက်တဲ့ဗဟုသုတနဲ့အပြိုင် အတွေးအခေါ်များ
ဖြည့်တင်းဖို့အခွင့်သာခဲ့ပါသလား။
လွတ်လပ်တဲ့လူ့အဖွဲ့အစည်းနဲ့ ထိတွေ့ဆက်ဆံဖူး၊ကျောင်းပညာရဖူးသူတွေထဲက အချို့တောင်မှ ဘာသာရေးလူမျိုးရေးမုန်းတီးမှုကို
မကျော်လွန်နိုင်ကြတဲ့နောက် စစ်အာဏာရှင်အောက် အနှစ်ငါးဆယ်နေရသူတွေထဲမယ်
အမုန်းအယူနဲ့ခွဲခြားခြင်းဓလေ့ တကယ်မစွဲငြိဘဲနေပါ့မလား။
လူတွေမှာ သူတို့ရဲ့နိုင်ငံရေးအကြိုက် political preference အပေါ်မတည်မှီပဲ
ဘာသာရေးလူမျိုးရေးမုန်းတီးခြင်း၊ခွဲခြားခြင်းအယူများရှိကြတာကိုလည်း သတိပြုမိစေချင်ပါတယ်။တချို့ကတော့ စစ်အလိုတော်ရိများသာ ဘာသာရေး၊လူမျိုးရေးမုန်းတီးခွဲခြားသူများဖြစ်နေတယ်လို့ အမျိုးအစားခွဲခြားပြနေတာ တွေ့ရပါတယ်။အုပ်စုခွဲခြားသတ်မှတ်နိုင်မှုဟာ ဒီလောက်လွယ်ကူ ရှင်းလင်းစွာလုပ်လို့မရနိုင်ပါဘူး။
လူမှုရေးတက်ကြွသူ၊ ဘာသာတရားကိုင်းရှိုင်းသူ၊ အမျိုးသားရေးပြင်းထန်သူ၊
အဲန်အယ်လ်ဒီထောက်ခံသူ၊ သမ္မတသိန်းစိန်အားကြည်ညိုသူ အစရှိသဖြင့် အုပ်စု
Set တစ်ခုချင်းစီကို စက်ဝိုင်းတစ်ခုချင်းစီအဖြစ် ယူဆကြည့်ပါ။
အဲ့ဒီ့ စက်ဝိုင်းများတစ်ခုကိုတစ်ခု intersect ဖြစ်နေတဲ့ တူညီသောလက္ခဏာများ
မျှဝေပိုင်ဆိုင်မှုနယ်ပယ်အမျိုးစုံ ရှိနေနိုင်ပါတယ်။ရှင်းရှင်းပြောရရင် ဗမာဒီမိုသမားများထဲမှာ စစ်တပ်အောက်ဆွဲများလိုဘဲ မူဆလင်မုန်း
အစ္စလာမ်ကြောက်များရှိနေပါတယ်။အချို့ဒီမိုမျိုးချစ်များရဲ့တင်းမာတဲ့အမျိုးသားရေးစိတ်အယူဟာ လူ့အခွင့်အရေးနဲ့
ဒီမိုကရေစီစံနှုံးများအပေါ် သက်ဝင်အဖိုးထားတတ်မှုထက် အကဲသာနေတာပါဘဲ။
ဘာသာရေး၊ လူမျိုးရေးမုန်းတီးခွဲခြားခြင်းပြဿနာဟာ၊ခေတ်အဆက်ဆက်
နိုင်ငံရေးလောင်းရိပ်မိခဲ့တာဟာ အခုလတ်တလောအခြေအနေမှာလည်း
ထိုနည်းလည်းကောင်း လျစ်လျူရှုခံရဆဲဘဲ။ ပိုတောင် အခြေအနေဆိုးတယ်။
အခုလွှမ်းနေတာက နောက်ကြောင်းပြန်မလှည့်ချင်ပါဘူးရယ်လို့ တိုင်းပြည်ဟာ
သွေးနုသားနုဒီမိုကရေစီ မီးနေသယ်ဆိုတဲ့ စိတ္တဇဘဲ။
ကလေးတွေအရှင်လတ်လတ်မီးအရှို့ခံရတာ ဒီမိုကရေစီ မီးနေသယ်မို့လို့လား၊ပျက်စီးခြင်းငါးပါးမကတော့တဲ့ ဖွတ်သရွတ်လိုက်အောင်ယိုယွင်းနေတဲ့လူ့အဖွဲ့အစည်း ဖြစ်နေလို့လား၊ကြပ်ကြပ်ဆင်ခြင်ကြစေချင်တယ်။ ဒီ မီးနေသယ်စိတ္တဇကဘယ်လောက်တောင်ဖောက်ပြန်သွားစေလဲဆို
သမ္မတသိန်းစိန်ဦးဆောင်တဲ့အသွင်ပြောင်းလဲမှုအပေါ်အယုံအကြည်မရှိသူတွေတောင်၊
သူတို့ သံသယထားတဲ့အပြောင်းအလဲထိခိုက်မှာ ကြောက်စိတ်ဝင်လာခဲ့ပြီ။
ပြဿနာရဲ့အရင်းခံကို မစေ့ငုံမပိုင်းခြားနိုင်ရင်တော့ အာရုံအမှားစိတ္တဇအယူတို့နဲ့
ကိုယ့်ရပ်တည်မှု ယိုင်လဲမှာဘဲ။ပြဿနာဟာ ဘာသာရေးလူမျိုးရေးကွဲပြားမှုအပေါ်အရင်းခံတဲ့အကြမ်းဖက်မှုဖြစ်ကြောင်း
အသိအမှတ်ပြု acknowledge လုပ်ပါ။မလုပ်နိုင်ရင် Holocaust ကို ငြင်းဆန်သူတွေနဲ့တစ်တန်းစားထဲထားပြီး ကျွန်တော် ရှုံ့ချတယ်။
လင်းထင်