ဘာသာတရားဆိုတာ လူမှုဘ၀တည်ဆောက်တဲ့လမ်းစဉ်၊ လူမှုဘ၀သက်တမ်း မွေးမြူရမယ့် ပုံစံ စံနစ်ဇယားတစ်ခုပါ ။ လူမှုဘ၀သက်တမ်းမွေးမြူဖို့အတွက် ဘ၀ရဲ့လမ်းညွှန်ဖြစ်တယ်။
ကမ္ဘာပေါ်မှာထင်ရှားကျော်ကြားတဲ့ဘာသာတရားတွေရဲ့ သွန်သင်လမ်းညွှန်မှု ကိုလေ့လာကြည့်မယ်ဆိုရင် လူသားတိုင်းဟာ လု့သက်တမ်းမွေးမြူတဲ့အခါ လူသားအချင်းချင်းကြား ၊လူ့အဖွဲ့အစည်းအချင်းချင်းကြား အပြန်အလှန် နားလည်မှုနဲ့ပေါင်းသင်းဆက်ဆံရေး၊ အပေးအယူ၊ ကိုယ်ကျင့်တရားနဲ့စာရိတ္တ၊ သမ္မာအာဇီဝ စားဝတ်နေရေးတို့အပြင် ရှင်သန်နေတဲ့အခိုက်
လူမှုဘ၀ရဲ့ပျော်ရွှင်မှု၊ချမ်းမြေ့မှု၊ ငြိမ်းချမ်းမှု၊ စာနာသနားမှု၊ ကိုယ်ချင်းစာမှု၊ ဂုဏ်ပေးလေးစားမှု၊ ယဉ်ကျေး သိမ်မွေ့မှု၊လူ့ပတ်ဝန်းကျင် လူ့အသိုင်းအ၀ိုင်းနဲ့ သဟဇာတဖြစ်မှုစတဲ့ သွန်သင် လမ်းညွှန်မှု ကိုတွေ့ရမှာဖြစ်ပါတယ်။ ကမ္ဘာ့အဓိက ဘာသာတရားကြီးတို့ဟာ - မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ဥပက္ခာ၊ ခွင့်လွှတ်သည်းခံမှုတရားတို့ ထားရှိ ကျင့်သုံး ကြဖို့ကို သင်ကြားပြသပေးပါတယ်။
ဘာသာတရားများကို ပုံဖော်ပြခဲ့တဲ့ မဟာလူသားမြတ်တမန်တော်များနဲ့ မနုဿ ဘုရားရှင်တွေက အဲဒီလူမှုဘ၀သက်တမ်းမွေးမြူပုံ မွေးမြူနည်းနဲ့ပတ်သက်ပြီး မွေးဖွားရာမှ ကွယ်လွန်ချိန်ထိ လိုလေသေးမရှိ လက်တွေ့ပုံဖော်ပြသ လမ်းညွှန်သွားခဲ့ ပါတယ်။ကမ္ဘာ့လူသားတိုင်းကလည်း မိမိသက်ဝင်ယုံကြည်လိုတဲ့ ဘာသာတရားရဲ့ လမ်းညွှန်မှုအတိုင်း၊ လမ်းစဉ်အတိုင်း၊ စံနစ်အတိုင်း လူမှုဘ၀သက်တမ်းကို မွေးမြူ ရမှာဖြစ်တယ်။
အကယ်၍သာ ကမ္ဘာ့လူသားတိုင်းက မိမိတို့ယုံကြည်အားကိုးတဲ့ မဟာလူသားမြတ် တမန်တော် များနဲ့ မနုဿဘုရားရှင်တို့ရဲ့လမ်းညွှန်ပြသခဲ့တဲ့ ဘာသာတရားတို့၏ အဆုံးအမတွေနဲ့အညီ လူ့ဘ၀သက်တမ်းတစ်လျှောက်လုံး အသက်ရှင်သန်နေသမျှ ပြုမူကျင့်ကြံနေထိုင်သွားမယ်ဆိုရင် ကမ္ဘာ့လူသားထုတစ်ရပ်လုံး ချမ်းမြေ့ပျော်ရွှင် ငြိမ်းချမ်း သာယာသော လူမှုဘ၀ လူ့ဘောင်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
ဒီကနေ့ လူသားတိုင်း၊ လူအဖွဲ့အစည်းတိုင်းက ဘာသာတရားအသီးသီးကိုတော့ လက်ခံယုံကြည် ကိုးကွယ်နေကြပါတယ်။ ဘာသာတရားတို့ရဲ့အနှစ်သာရ၊ ဘာသာ တရားတို့၏ လမ်းညွှန်မှုတွေကို တိတိကျကျလိုက်နာပြီး မိမိတို့ရဲ့ဘ၀သက်တမ်းကို မွေးမြူနေထိုင်ခြင်း မရှိကြတော့ပေ။ ဘာသာတရားလေးစားသူများ၊ ဘာသာရေး လိုက်စားသူများဟု အမည်ခံထားသူများသည်ပင်လျှင် ဘာသာတရားတို့ရဲ့ လမ်းညွှန်ချက်များ၊ ဘာသာတရားတိုရဲ့ သွန်သင်ဆုံးမမှုများကို မိမိတို့ သက်တမ်းရှိ ရှင်သန်နေစဉ်အခိုက် လူ့အဖွဲ့အစည်းအတွင်း လိုက်နာကျင့်ကြံခြင်း မရှိတော့ဘဲ၊ နောင်တမလွန်ဘ၀သက်တမ်းအတွက် ကုသိုလ်ရေးအလုပ်အဖြစ်သာ ဦးတည်ကြိုးပမ်း နေကြပါတယ်။ ဘာသာတရားရဲ့လမ်းညွှန်မှုများကို မိမိတို့ဘာသာရဲ့ဝတ်ပြုရာနေရာ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦ များအတွင်း၌သာ ကျင့်သုံးဆောက်တည်ကြပြီး ပြင်ပလူ့အဖွဲ့အစည်း လူ့ပတ်ဝန်းကျင်တွင် လူသားအချင်းချင်းဆက်ဆံရာ၌ ဘာသာရေးရဲ့လမ်းညွှန်မှုများနဲ့အညီ ကျင့်သုံးအကောင်အထည်ဖော်မှု မရှိကြဘဲ စိတ်ကြိုက်လူမှုဘ၀ တည်ဆောက်မှုပုံစံကို ပုံဖော်နေကြတာတွေကို တွေ့နေရပါတယ်။
ဘာသာတရားရဲ့လမ်းညွှန်မှုတွေကို ဘာသာရေးခေါင်းဆောင်ဆိုသူတွေ၊ ဘာသာရေး ၀တ်ရုံခြုံထားသူတွေက မိမိတို့ကိုယ်ကျိုးအတွက် မိမိတို့တီထွင်ထားတဲ့ တရားသစ်တွေ ကို မိမိတို့ကိုယ်ကျိုးအတွက် ဘာသာဝင်တွေ ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်ပြီး၊ ဘာသာတရားတွေ အကြား အမုန်းပွားအောင် ဖန်တီးနေကြ ပါတယ်။
ဒါကြောင့် ဒီကနေ့ ကမ္ဘာပေါ်မှာ လူသားတို့အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနဲ့ငြိမ်းချမ်းတဲ့ ပုံဖော်မှုတွေ ဆုံးရှုံးနေကြပြီး၊ ဘာသာတရားတစ်ခုနဲ့ တစ်ခုကြား ဂုဏ်ပေးလေးစားမှု ပျောက်ဆုံး၍ အငြင်းပွားမှုများ၊ ပြိုင်ဆိုင်မှုများ၊ ရန်လိုမှုများ၊ စော်ကားမှုများ၊ နှိမ်ချမှုများ၊ နှိပ်ကွပ်မှုများနဲ့ အမုန်းတရားများ ပေါ်ပေါက်လာရပြီး ဘာသာမတူညီ ကွဲပြားမှုသည်ပင်လျှင် လူ့အဖွဲ့အစည်းအတွင်း ပြဿနာတစ်ရပ်လို ဖြစ်ပေါ်နေ ပါတော့တယ်။
အမှန်တော့ ဘာသာတရားဆိုတာ လောကုတ္တရာရေး သက်သက်မဟုတ်ဘဲ၊ လောကီရေးအတွက်ပါ လမ်းညွှန်ထားခြင်းဖြစ်ပြီး လူ့အဖွဲ့အစည်းတစ်ခုလုံး၊
လူသား အသိုက်အမြုံတစ်ခုလုံးအတွက် ငြိမ်းချမ်းသာယာတဲ့ လူ့ဘောင်တစ်ရပ်ဖြစ်ဖို့ ၊ လူသားပီသဖို့ လမ်းညွှန်မှုသာဖြစ်ပါတယ်။
(ကျွန်ုပ်၏ ပုဂ္ဂလိကအမြင်သာ ဖြစ်ပါသည်)
____________________________________
m y O e w y n n _ 0 3 . 1 1 . 2 0 1 4