မြန်မာ့ အဘိဓါန်မှာ ထပ်ပေါင်းသင့်သော "မျက်ကန်းမျိုးချစ်" ဟူသော စကားလုံး အသစ်တစ်ခု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် အပြုအမူလက္ခဏာ အဆင့်အဆင့်ကို စဉ်းစားမိသလောက် ချရေးလိုက်ပါတယ်။ ဖြည့်စွက်လိုသူများ ကျိုးကြောင်းပြ၍ ဖြည့်စွက်နိုင်ပါတယ်။
မျက်ကန်း မျိုးချစ် ဆိုတာ ... လိုအပ်အပ် မလိုအပ်အပ် တစ်စုံ တစ်ယောက်ယောက်က အမျိုးသားရေး၊ သာသနာရေး ဆိုတဲ့ နာမည်တပ်ပေးလိုက်တာနဲ့ သူများကို သတ်ဖို့၊ ကိုယ်တိုင် အသေခံဖို့ ဆိုတဲ့ စကားလုံး ခပ်ကြီးကြီးတွေနဲ့ ... (လူတောင့်မှ) အုပ်စုဖွဲ့ အနိုင်ကျင့်တဲ့ ခပ်ချာချာ လူမိုက် နောက်လိုက်အဆင့်တွေကို မျက်ကန်း မျိုးချစ်များလို့ အဓိပ္ပါယ် ဖွင့်ဆိုပါတယ်။
မျက်ကန်းမျိုးချစ်များ၏ လက္ခဏာများကတော့ ... ကောလဟာလများနှင့် ဒဏ္ဍာရီဆန်ဆန် ပုံပြင်ဆန်ဆန်တွေကို ဟုတ်သလား မဟုတ်သလား မစဉ်းစားဘဲ ယုံခြင်းပဲ ဖြစ်ပါတယ်။
အစွန်းရောက်ကာ မျက်ကန်းမျိုးချစ် ရောဂါကြွမ်းနေသူများရဲ့ လက္ခဏာများကတော့ ... ဘုရားဟော တရားဓမ္မများ၏ အခြေခံများကို သွေဖီပြီး ... တရားတော်များ၊ ဆုံးမ စကားများကို မိမိတို့ လိုရာများကို ဆွဲယူ ယုံကြည်ခြင်း၊ တစုံတစ်ခုခု အတွက် အမှတ်အသားများကို အားကိုးခြင်း၊ လူအုပ်တောင့်လျှင် သူတပါးကို တိုက်ခိုက်ရဲခြင်း (တစ်ဦးခြင်း သတ္တိကတော့ မသေချာ)၊ အမျိုးသားရေး သီချင်းများ၊ နိုင်ငံတော် သီချင်းများ၊ ဘာသာ သာသနာ ကာကွယ်သော သီချင်းများ ဆို၍ .. အကြမ်းဖက်မှုများကို ကျူးလွန်ခြင်း၊ ဥပဒေကို မထေမဲ့မြင်ပြု၍ မိမိတို့ကပဲ ဥပဒေလို့ ထင်မြင်ခြင်း၊ ဆဲရေးခြင်း၊ စိတ်ကြီးဝင် ဘဝမြင့်ခြင်း၊ ရိုင်းစိုင်းခြင်း၊ ... အထက်ပါ အပြုအမှုများကို မလုပ်ဖို့ တားမြစ်သူများကို ရန်သူဟု ထင်မြင်ကာ ... နှုတ်သီးကောင်းလျှာပါး ရန်တွေ့ခြင်း၊ အမျိုးမချစ်သူများဟု စွပ်စွဲခြင်း၊ မကောင်းတာ မလုပ်ဖို့ တားမြစ်သူများကို (အထောက်အထား တစ်စုံ တရာမရှိဘဲ) အကျိုးအမြတ်ရယူနေသူများဟု စွပ်စွဲခြင်း၊ မိမိတို့မှ မကာကွယ်လျှင် .. တိုင်းပြည်၊ လူမျိုးနှင့် သာသနာတော်ကြီးသည် မနက်ဖြန်တွင် ကွယ်တော့မယောင် ထင်မြင်ပြီး ကိုယ့်ကိုကိုယ် ကယ်ထင်ရှင်များဟု ထင်မှတ် ဘဝင်မြင့်နေခြင်း ... စတဲ့ လက္ခဏာတွေကို အထင်အရှား တွေ့မြင်နိုင်ပါတယ်။
(ကိုထိုက်)
Credit to: Ko Htike