နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်လို့ နိုင်ငံတကာမှာ ပြောဆိုလေ့ရှိတဲ့ စကားတစ်ခွန်းကို ဖော်ပြချင်ပါတယ်။ နိုင်ငံ ဖွံ့ဖြိုးတိုးတက်တယ် ဆိုတာ ဆင်းရဲသားတွေ ကိုယ်ပိုင်ကားစီးနိုင်တာကို ဆိုလိုတာ မဟုတ်ဘဲ ချမ်းသာကြွယ်ဝတဲ့သူတွေပါ Public Transport (ဘတ်စ်ကားတွေ၊ မြို့ပတ် ရထားတွေ) ကိုအသုံးပြုတဲ့ အခြေအနေကို ဆိုလိုတာပါတဲ့။ ဒီစကားလေးက အပေါ်ယံကြည့်ရင် ဘာမှမဟုတ်သလို ထင်ရပေမယ့် သေသေချာချာ စဉ်းစားလေ နက်နဲလေ၊ အဓိပ္ပာယ်ရှိလေ ဆိုတာ တွေ့ရပါတယ်။
သာမန်အားဖြင့် ကြည့်ရင် မိသားစုတိုင်း ကားပိုင်ဝယ်စီးနိုင်တဲ့ အနေအထားကို ရောက်ရင် တိုင်းပြည်ချမ်းသာပြီလို့ ထင်ရပါတယ်။ ကားဝယ် စီးနိုင်ပြီဆိုတာ ကြွယ်ဝချမ်းသာတဲ့ သင်္ကေတလို့ ထင်ရပါတယ်။ ဒါပေမဲ့ တိုင်းပြည်တစ်ပြည် အမှန်တကယ် ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ အဲဒီတိုင်းပြည်က လူထုတစ်ရပ်လုံးရဲ့ အသိတရား၊ လူ့အဖွဲ့အစည်းအပေါ် တာဝန်ကျေမှု၊ ယဉ်ကျေးမှုမြင့်မားမှု စတာတွေနဲ့သာ တိုင်းတာလို့ရမယ် ဆိုတာ အထက်ဖော်ပြပါ စကားရပ်လေးက ဖော်ပြနေပါတယ်။
လူတွေ တာဝန်သိတတ်တဲ့အခါ၊ ယဉ်ကျေးမှု မြင့်မားတဲ့အခါ လူ့အဖွဲ့အစည်းနဲ့ ပတ်သက်လို့ လူတိုင်းမှာ ရှိကိုရှိရမယ့် အသိတရားတွေ ပြည့်ဝသွားတဲ့အခါမှာ အဲဒီတိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်ပြီလို့ ပြောလို့ရနိုင်ပြီး အဲဒီဖွံ့ဖြိုးတိုးတက်မှု ဟာလည်း ရေရှည် တည်တံ့ခိုင်မြဲနိုင်မှာ ဖြစ်ပါတယ်။ အသိတရား အဆင့်အတန်း (အထက်တန်းကျကျ) ပြည့်မီတဲ့ လူ့အဖွဲ့အစည်းတွေမှာ ချမ်းသာကြွယ်ဝသူတွေ ကလည်း ငါတော့ချမ်းသာတာပဲ၊ ငါ့ငွေ ငါသုံးချင်သလိုသုံးမယ်၊ ငါ့ဘာသာ စည်းစိမ်ခံတာ ဘယ်သူ့ဂရုစိုက်ရမလဲ ဆိုတဲ့ အတွေးအခေါ်မျိုးတွေ မရှိသလောက် နည်းပါးသွားလေ့ရှိပါတယ်။ ကိုယ်ပိုင်ကားကို စီးမယ့်အစား ချမ်းသာဆင်းရဲမရွေး ဘတ်စ်ကားတွေ၊ ရထားတွေ စီးရကောင်း မှန်းသိကြပါတယ်။
ငါ့ကားနဲ့ ကိုယ်တိုင်မောင်းသွားရင် ငါတစ်ယောက်စာနဲ့ လမ်းပေါ်မှာ ကားတစ်စီးတိုးမှာ ဆိုတော့ လမ်းပိတ်ဆို့အောင် လုပ်သလိုဖြစ်မယ်။ ဆီလည်းကုန်တော့ ငါ့ဘတ်ဂျက်လည်း ထိခိုက်မယ်။ ငါ့ကား အိပ်ဇောပိုက်က ကာဘွန်ဒိုင်အောက်ဆိုဒ် ထွက်ရင် အိုဇုန်းလွှာပျက်စီးအောင် လုပ်သလိုဖြစ်ပြီး ငါသေတဲ့အခါ နောက်ပိုင်းလူလုပ်မယ့် မျိုးဆက်တွေအတွက် ဒုက္ခပေးသလို ဖြစ်မယ်။ ဘတ်စ်နဲ့ သွားရင် တွက်ခြေလည်းကိုက်တယ် လမ်းပေါ်မှာ ငါ့ကားတစ်စီးလျော့သွားတော့ အများပြည်သူ သွားလာနေတဲ့ ဘတ်စ်တွေ ပိုခရီးတွင်လို့ လူ့အဖွဲ့အစည်းကို ကူညီရာလည်းရောက်မယ်။ ငါ ဆီဖိုး အကုန်သက်သာသလို နိုင်ငံခြားက ဆီဝယ်ရတာလည်း သက်သာသွားမယ်။ တတ်နိုင်သလောက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာလည်းရောက်မယ် စသဖြင့် တွေးတဲ့လူချမ်းသာတွေ များလာ ပါတယ်။ အဲဒီအခြေအနေကို ရောက်အောင် အသိတရား ဖွံ့ဖြိုးတိုးတက်ခြင်းကသာ ဖန်တီး တည်ဆောက် ပေးနိုင်တာပါ။
ကိုယ်ပိုင်ကား ရှိတာချင်းအတူတူ ကားပိုကြီးတာချင်း၊ ဈေးပိုကြီးတာ ချင်းပြိုင်နေကြတဲ့ ရေပေါ်ဆီတွေပဲ ရှိနေသေးတဲ့ တစ်နည်းအားဖြင့် ယဉ်ကျေးမှုလည်းနိမ့်၊ လူ့အဖွဲ့အစည်းနဲ့ ပတ်သက်လို့ ကိုယ့်မှာရှိနေတဲ့ တာဝန်ကိုလည်း မသိကျိုးကျွန်ပြု၊ အသိတရားလည်း ခေါင်းပါးကြတဲ့ လူချမ်းသာမျိုးတွေသာ များနေသေးတဲ့ ကျွန်တော်တို့ တိုင်းပြည်မှာတော့ အခုကျွန်တော်ပြောနေတဲ့ အကြောင်းအရာတွေကို ရယ်စရာသက်သက်လို့ မြင်နေတဲ့သူတွေ များနေဦးမှာပါပဲ။ သေချာတာ ကတော့ အဲသလို ခပ်ညံ့ညံ့ သဘောထားရှိသူတွေ များနေသေးသရွေ့ အမှန်တကယ်ဖွံ့ဖြိုး တိုးတက်တဲ့ လူ့ဘောင်တစ်ခုကို ဘယ်တော့မှ ထူထောင်တည်ဆောက်လို့ မရနိုင်ဘူးဆိုတာပါပဲ။
ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကိုပဲ အဓိကထား လုပ်ဆောင်မယ် ဆိုလို့ကတော့ အသိတရားတွေ ချွတ်ခြုံကျနေသရွေ့ အဲဒီဖွံ့ဖြိုးမှုဟာ သေချာပေါက် ပြန်လည်ပျက်စီး ဆုံးရှုံးမှာပါပဲ။ အခု ကျွန်တော်တို့တိုင်းပြည်မှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာတော့ အမှန်ပါ။ နိုင်ငံရေး၊ စီးပွားရေး တိုးတက်ဖြစ်ထွန်းမှုတွေ ရှိတန်သလောက် ရှိလာပါပြီ။ တိုင်းပြည်ကို စိတ်ဝင်စားတဲ့ နိုင်ငံတွေ၊ နိုင်ငံတကာစီးပွားရေး ကော်ပိုရေးရှင်းကြီးတွေ ဆိုတာလည်း မယုံနိုင်လောက်အောင် များပြား လွန်းနေပြီး တိုင်းပြည်ရဲ့ ရေခံမြေခံကလည်း တအားကောင်းနေလေတော့ မကြာခင်မှာ စီးပွားရေး(ရုပ်ပိုင်းဆိုင်ရာ) ဖွံ့ဖြိုးတိုးတက်မှုတွေကို သေချာပေါက် မြင်တွေ့ရတော့မှာပါ။
ဒါပေမဲ့ စောစောက ကျွန်တော်ပြောတဲ့လူထုမှာ ရှိကိုရှိရမယ့် အသိတရားတွေ၊ ယဉ်ကျေးမှုတွေ၊ တာဝန်သိမှုတွေ ရှိလာအောင် လုပ်တဲ့နေရာမှာတော့ အားနည်းနေသေးတာ တွေ့ရပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေ လုပ်တော့မှပဲ အခြေအနေတွေက ပိုဆိုးလာလေသလားလို့ ခံစားမိပါတယ်။လမ်းတွေပေါ်မှာ ဘတ်စ်ကားဖြစ်ဖြစ်၊ ကိုယ်ပိုင်ကားဖြစ်ဖြစ်၊ တက္ကစီဖြစ်ဖြစ်၊ ဆိုက်ကားဖြစ်ဖြစ်၊ ဆိုင်ကယ်ဖြစ်ဖြစ် ပိုပြီးစည်းကမ်းပျက်လာပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အရင်ဦးအောင် ဆဲဆိုကြိမ်းမောင်းတဲ့ အသံတွေ ညံနေပါတယ်။ ကားကိုတရကြမ်းမောင်း၊ ယာဉ်တိုက်မှုဖြစ်တော့ ကားပေါ်ကဆင်းပြေးဆိုတဲ့ ယဉ်ကျေးမှုကလည်း ပိုခိုင်မာလာသလိုပါပဲ။ မော်တော်ယာဉ် စည်းကမ်းထိန်းသိမ်းရေး တာဝန်ယူထားသူ အပေါင်းကလည်း နေ့စဉ်ရတဲ့ ဆက်ကြေးကိုပဲ စိတဝင်စားနေကြတုန်းပါ။ စပယ်ယာတွေကလည်း ခရီးသည်ကို စော်ကားဖို့ နေ့စဉ်နဲ့အမျှ လက်တွေ့လေ့ကျင့်ခန်း ဆင်းနေကြဆဲပါ။
လူ့အဖွဲ့အစည်း အတွင်းမှာလည်း သည်းခံတဲ့ယဉ်ကျေးမှုက ပါးလျားလာပါပြီ။ ဆတ်ဆတ်ထိမခံ ဖြစ်လာသလိုပါပဲ။ ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းစဉ်ကြီးနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေဆဲပါ။ တစ်ယောက်နဲ့ တစ်ယောက် ရိုင်းပင်းရမယ့်အစား နည်းနည်းမှားရင် ဒုတ်ဆွဲ ဓားဆွဲ ပိုလုပ်လာပါတယ်။ အတ္တတွေလည်း ထူထဲလာသလို မြင်တွေ့နေရပါတယ်။ ကောင်းတူ ဆိုးဖက် ငြိမ်းချမ်းစွာ ခံစားစံစားကြမယ်ဆိုတဲ့အသိကို အားလုံးက သိဖို့ တော်တော်တော့ ခဲရာခဲဆစ် လုပ်ကြရပါလိမ့်ဦးမယ်။ လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ စိန်ခေါ်မှုတွေကို အားလုံးက တာဝန်သိသိ ယဉ်ယဉ်ကျေးကျေး ရင်ဆိုင်ကျော်လွှားဖို့ မလုပ်ကြဘဲနဲ့ ပြီးပြည့်စုံတဲ့၊ ခိုင်မာတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လုံးဝမျှော်မှန်းလို့ မရနိုင်ဘူး ဆိုတာ သတိပေးပါရစေ။ (ဒီမိုကရေစီ မရနိုင်ဘူးလို့ ဆိုလိုတာပါ။) တရားဥပဒေ စိုးမိုးရေးဆိုတာ အားလုံးက တည်ဆောက်ယူရမယ့် လုပ်ငန်းတာဝန် ဖြစ်ပါတယ်။ မတရားတဲ့ ဥပဒေတွေ ပပျောက်ရေး ဝိုင်းလုပ်ကြဖို့လိုသလို ဥပဒေများကို လေးစာလိုက်နာရေး ဟာလည်း လူထုမှာရှိရမယ့် အသိတရားရဲ့ အရေးပါတဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
ပညာရေး ပြုပြင်ပြောင်းလဲမှုကို လုပ်တဲ့နေရာမှာ ထိရောက်မှုမရှိသေးခြင်း၊ လူထုအသိပညာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်လို့ အလေးပေးဆောင်ရွက်နိုင်မှုမရှိသေးခြင်း စတာတွေက ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်နေတဲ့ အလုပ်တွေနဲ့ လိုက်လျောညီထွေမဖြစ်သေးတဲ့ အခြေအနေလို့ ဆိုရမယ်ဖြစ်ပါ တယ်။ လူ့အဖွဲ့အစည်းရဲ့ စိတ်ပိုင်းဆိုင်ရာစွမ်းအား (Mental Capacity) ကို တစ်ပြိုင်ထဲ တည်ဆောက်ဖို့ ပျက်ကွက်နေပါသေးတယ်။ ဒါဟာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်က အားသွန်ခွန်စိုက် ကြိုးစားနေပြီး တစ်ဖက် ကကျတော့ ချွတ်ခြုံကျမတတ်ဖြစ်နေတဲ့ စိတ်ပိုင်းဆိုင်ရာတန်ဖိုးတွေကို ပြန်လည်မြှင့်တင်ဖို့ နှေးကွေးနေခြင်းဟာ အဲဒီဖွံ့ဖြိုးတိုးတက်မှုကို တစ်ချိန်မှာ ပြိုကျပျက်စီးသွားအောင် လုပ်နေတာနဲ့ အတူတူပါပဲ။
ဖွံ့ဖြိုးတိုးတက်တဲ့လူ့ဘောင် တစ်နည်းအားဖြင့် ဒီမိုကရက်တစ်လူ့ဘောင်နဲ့ လိုက်လျောညီထွေတဲ့ အသိတရားတွေ အပြည့်အဝရှိတဲ့ လူထုဖြစ်အောင် အားလုံးက ဝိုင်းဝန်းကြိုးစား တည်ဆောက်ကြဖို့ ပျက်ကွက်နေ၊ နှောင့်နှေးနေကြမယ် ဆိုရင် ကျွန်တော်တို့လုပ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခြင်းက တစ်ချိန်မှာ သဲထဲရေသွန်ဖြစ်မှာ မုချပါ။ ဒီမိုကရေစီစရိုက် ပီပြင်တဲ့လူထု ဖြစ်အောင် တည်ဆောက်ပြုပြင်ဖို့က အစိုးရ များမှာလည်း တာဝန်ရှိသလို နိုင်ငံရေးပါတီ တွေမှာလည်း တာဝန်ရှိပါတယ်။ အရပ်ဘက်အဖွဲ့အစည်း တွေမှာ တာဝန်ရှိသလို လူထုကိုယ်တိုင်မှာလည်း လိုက်ပါပြောင်းလဲဖို့ တာဝန်ရှိပါတယ်။ ဒီမိုကရေစီ လူ့ဘောင် နဲ့ လိုက်လျောညီတွေတဲ့ အသိတရားများပြည်ဝတဲ့ လူထုကြီးဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့ ဆိုတဲ့အလုပ်က ရွေးကောက်ပွဲတွေထက် အရေးပိုကြီးပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့ထက် အများကြီး ပိုအရေးကြီးပါတယ်။ စိတ်ပိုင်းဆိုင်ရာ (အသိတရား) အဆင့်အတန်းပြည့်မီတဲ့ လူထုရှိမှ သာ တိုင်းပြည်ရဲ့ ကြွယ်ဝချမ်းသာမှုဟာ တည်တံ့နိုင်မယ်ဖြစ်ပြီး စဉ်ဆက်မပြတ်လည်း တိုးတက်နေနိုင်မယ် ဖြစ်ပါတယ်။ ဂုဏ်သိက္ခာနဲ့ပြည့်စုံတဲ့ ချမ်းသာကြွယ်ဝမှုလည်း ဖြစ်နိုင်မှာဖြစ်ပြီး တခြားနိုင်ငံများ အားလုံးရဲ့ အထင်ကြီးလေးစားမှု ကိုလည်း ရရှိနိုင်မယ် ဖြစ်ပါတယ်။
ဒီတော့ အသိတရားမြင့်မားပြီး တာဝန်သိတဲ့ လူထုကြီးဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းတဲ့ အလုပ်ကို မေ့လျော့ပေါ့ဆမနေဘဲ အထူးအလေးပေး ဆောင်ရွက်ကြဖို့၊ ဖြစ်နိုင်ရင် ရုပ်ပိုင်းဆိုင်ရာ ချမ်းသာကြွယ်ဝရေး ကြိုးစားလုပ်ဆောင်တာထက်၊ နိုင်ငံရေးကို အပြည့်အဝ ကောင်းမွန်ပြည့်စုံရေး ကြိုးစား လုပ်ဆောင်တာထက်၊ လူထုရဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းပကားများ ပြန်လည် ပြည့်မီ ကြွယ်ဝလာပြီး ဒီမိုကရေစီ အသိတရားများ ရင့်ကျက်စွာ ပြည့်စုံလာစေရေး ပိုမိုဦးစားပေး ကြိုးပမ်းကြစေလိုပါကြောင်း တိုက်တွန်းပြောကြား လိုက်ရပါတယ်။
(ပိုက်တင်)