Home

Wednesday, June 12, 2013

မ အ,ပါနဲ့။


ဒီကနေ့ထိ ကျွန်တော်တို့တိုင်းပြည်မှာ လူနည်းစုဘာသာခြားတွေကို အကြောင်းမဲ့
နိုင်ထက်စီးနင်းလုပ်ပြီး အသက်ကိုရန်ရှာ၊ အိုးအိမ်ကိုမီးရှို့၊ ဥစ္စာပစ္စည်းကိုလုယက် အုပ်စုဖွဲ့အနိုင်ကျင့်နေတာ....
လူနည်းစုဘာသာခြားတွေရဲ့ဝတ်ကျောင်းတော်တွေ၊ မိဘမဲ့ခလေးငယ်များစာသင်ကျောင်းတွေကို မီးလောင်တိုက်သွင်းနေတာ....

မွေးရပ်ဇာတိတွေမှာမနေနိုင်အောင် နည်းမျိုးစုံနဲ့မောင်းထုတ်နေတာ....
အာဏာပိုင်အဖွဲ့အစည်းအသီးသီးက ဘာကြောင့် မသိကျိုးကျွန်ပြုနေတာလဲ။
အတိုက်အခံပါတီကြီးတစ်ခုကကော ဘာကြောင့်နှုတ်ဆိတ်နေရတာလဲ။
လွှတ်တော်တွင်းရောက်နေတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ၊
ဒီမိုကရေစီနဲ့လူ့အခွင့်အရေးလို့ တွင်တွင်ဟစ်နေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ၊
ဗြဟ္မစိုရ်တရားထွန်းကားလှပါတယ်ဆိုတဲ့ ထေရ၀ါဒဗုဒ္ဓဘာသာဝင်သူတော်ကောင်း ပြည်သူတွေကကော
ဘာကြောင့်မဆန့်ကျင်ကြတာလဲ။
လူရိုသေ ရှင်ရိုသေ ကြည်ညိုခံနေရတဲ့ သံဃာတော်အရှင်သူမြတ်တို့ကကော ဘာကြောင့် အဓမ္မကို ဓမ္မနဲ့ မဆုံးမရတာလဲ။
မကောင်းမှု၊ မတရားမှုတွေကို စက်ဆုတ်ရွံရှာပါတယ်ဆိုတဲ့ လူတန်းစားအသီးသီးကကော ဘာကြောင့် မတားမြစ်တာလဲ။
စိတ်မ၀င်စားတာလား။ မယှဉ်ချင်တာလား။ အလိုတူ အလိုပါလား။ ကြိတ်ဝမ်းသာနေတာလား။ နောက်ကွယ်ကအားပေးနေတာလား။
အခုဖြစ်နေတာ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာဖြစ်နေတာမဟုတ်ဘူး။
ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေဖြစ်နေတာမဟုတ်ဘူး။
လူမျိုးရေးဘာသာရေးခုတုံးလုပ်ပြီး၊ အမျိုး ဘာသာ သာသနာ သည်းခြေကြိုက်စကားလုံးတွေသုံးပြီး
တစ်မြေတည်းနေ တစ်ရေတည်းသောက်အချင်းချင်း အိုးမဲသုတ်နေတာပါ။ အိမ်ကြက်ချင်း ခွပ်ခိုင်းနေတာပါ။
၂၀၁၅ မှာအမြတ်ထုတ်ဖို့ ကြံစည်နေသူတွေရဲ့ထောက်ချောက်ဆင်မှုတွေပါ။
တိုင်းပြည်ကိုချောက်ထဲကန်ချချင်သူတစ်စုရဲ့လှည့်ကွက်ပါ။
မ အ,ပါနဲ့။ အ,ရင်တော့ ကျွန်တော်တို့အသက်သွေးချွေးမြောက်မြားစွာ ရင်းနှီးရယူထားတဲ့ အခြေအနေတွေ သဲထဲရေသွန်ဖြစ်သွားပါလိမ့်မယ်။
mmw.rasu