Home

Thursday, June 6, 2013

လူ့ဂုဏ်သိက္ခာကိုလေးစား တန်ဖိုးထားခြင်း

လူ့အဖွဲ့အစည်းကြားမှာ အင်အား အထက်မြက်ဆုံးအရာက လူအချင်းချင်း ညီရင်းအစ်ကို စိတ်ထားရှိခြင်းနဲ့ တစ်ဦးကိုတစ်ဦး ချစ်ကြည်လေးစားမှုထားခြင်းဖြစ်တယ်။
ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေထိုင်ရေးဆိုတာ ရေးသားရုံ၊ အာဘောင်အာရင်းသန်သန် ဟောပြောနေရုံနဲ့ မဖြစ်နိုင်ပါ။
လူ့အဖွဲ့အစည်းစိတ်ဓာတ်၊ ကမ္ဘာ့မိသားစုစိတ်ဓာတ်၊ လူသားစိတ်ဓာတ်ကို လက်တွေ့ကျင့်သုံး အကောင်အထည်ဖော်မှသာ ဖြစ်နိုင်တယ်။
လူနဲ့လူကြားသွေးခွဲခြားမှု၊ မွေးဖွားရာဇာတိ၊ လူမျိုး ဘာသာ အသားအရောင်ခွဲခြားမှု၊ ယဉ်ကျေးမှု ဘာသာစကား အ၀တ်အစားခွဲခြားမှု၊ ဆင်းရဲ ချမ်းသာ အဆင့်အတန်းခွဲခြားမှုစတဲ့ အနိဌာရုံဆိုးတွေကို ဖျောက်ဖျက်လိုက်မှသာ လူအချင်းချင်းကြားမှာ လူ့အဖွဲ့အစည်းစိတ်ဓာတ်၊ ကမ္ဘာ့မိသားစုစိတ်ဓာတ်၊ လူသားစိတ်ဓာတ် အမှန်တကယ်ထွန်းကားလာမှာပါ။
လူ့အရည်အသွေးကောင်းခြင်း ဆိုးခြင်း၊ အကျင့်သီလကောင်းခြင်း ဆိုးခြင်း ၊ ယဉ်ကျေးမှုရှိခြင်း မရှိခြင်းတို့ကသာ လူချစ်လူခင်ပေါများမှု ဒါမှမဟုတ် လူမုန်းများမှုတွေ ဖြစ်စေနိုင်ပါတယ်။ လူလူချင်းကြား စံထားဂုဏ်တင်ပြောဆိုရမယ့်ကိစ္စက ယုံကြည်ချက်နဲ့ အသိပညာ၊ ဗဟုသုတ၊ အလိမ္မာ၊ စာနာတရား၊ ချစ်ခြင်းမေတ္တာနဲ့ အကျင့်သီလတွေသာဖြစ်တယ်။
လူမှုဘ၀တည်ဆောက်မှုမှာ အရေးကြီးဆုံအချက်ကတော့ လူ့ဂုဏ်သိက္ခာကိုလေးစား တန်ဖိုးထားခြင်းဖြစ်သလို အဓိကအကျဆုံးလည်းဖြစ်တယ်။
mmw.rasu