Home

Tuesday, August 20, 2013

အခြေခံဥပဒေ အသစ်ရေးဆွဲပြဌာန်းနိုင်ရန် ။

အခြေခံဥပဒေ ရေးဆွဲနေခဲ့တဲ့အချိန် ( အမျိုးသားညီလာခံ ကျင်းပခဲ့တဲ့ အချိန်) တုန်းကနိုင်ငံရေးနယ်ပယ်မှာ ငြင်းခုန်စရာတွေရှိခဲ့သလိုနိုင်ငံရေးမုန်တိုင်းတွေလည်း ပြင်းထန်ခဲ့တာအမှတ်ရကြမယ်လို့ ယူဆပါတယ်။ အမျိုးသားညီလာခံ လမ်းကြောင်းကတစ်ဆင့်လက်ရှိကျင့်သုံးနေတဲ့အခြေခံဥပဒေ အမြန်ပေါ်ပေါက်ပြီး နိုင်ငံရေးလမ်းကြောင်းပြောင်းလဲလာတဲ့အခါ အခြေအနေသစ်ပေါ်မှာရပ်တည်ပြီး
ဒီမိုကရေစီဖြစ်ထွန်းရေးအတွက် ဆက်လက်ကြိုးပမ်းလိုသူ ( အနည်းစု ) နဲ့အမျိုးသားညီလာခံကို ဆန့်ကျင်ပြီး ဒီမိုကရေစီစနစ်နဲ့မကိုက်ညီတဲ့ အခြေခံဥပဒေတစ်ခု ပေါ်ပေါက်မလာဖို့နိုင်ငံရေးအရ ဟန့်တားလိုသူ( အများစု ) တို့အကြား သဘောထားကွဲလွဲမှုများ ပေါ်ပေါက်ခဲ့ပါတယ်။ (ကျွန်တော်ကလက်ရှိအခြေခံဥပဒေကို မနှစ်သက်ပေမယ့် အမျိုးသားညီလာခံ အမြန်ဆုံးသတ်ပြီးရွေးကောက်ပွဲများ အမြန်ကျင်းပနိုင်ရေးနိုင်ငံရေးဝန်းကျင်သစ် ပေါ်ထွန်းရေးကိုလက်တွေကျတဲ့ နိုင်ငံရေးလို့ရှုမြင်တဲ့ လူနည်းစုထဲမှာပါဝင်တဲ့အတွက်နိုင်ငံရေး သစ္စာဖောက်၊ စစ်တပ်အလိုတော်ရိလို့ ကင်ပွန်းတပ်ခံခဲ့ရတဲ့အထဲမှာပါဝင်ပါတယ်။ အဲဒီအချိန်တုန်းကနိုင်ငံရေးမှာ Dialogue ဆိုတဲ့ စကားလုံးက လူကြိုက်များခဲ့ပြီး စစ်အစိုးရ၊အတိုက်အခံ (အထူးသဖြင့် )ဒေါ်စုနဲ့ တိုင်းရင်းသားခေါင်းဆောင်များသုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးနိုင်ဖို့ presure and compromise ဆိုတဲ့နိုင်ငံရေးနည်းဗျူဟာကို သုံးစွဲခဲ့ကြပါတယ်။ အတွင်းအပြင် ညှပ်ပူးညှပ်ပိတ် အစိုးရကိုအကျပ်အတည်းတွေဖြစ်ပေါ်စေခြင်းအားဖြင့်နောက်ဆုံးတစ်နေ့ တွေ့ဆုံဆွေးနွေးရေးသေချာပေါက်ဖြစ်ရမယ်ဆိုတဲ့အယူအဆကို အများစုက လက်ခံခဲ့ကြတာပါ။

တပ်ရဲ့ အနေအထားကို လျှော့တွက်ခဲ့ပြီး တပ်မှာ နိုင်ငံရေးဆန္ဒလုံးဝမရှိနိုင်တဲ့အတွက် တပ်ကိုနိုင်ငံရေးနယ်ပယ်ကနေ
လုံးဝ ဖယ်ပစ်ရမယ်ဆို တဲ့အယူအဆပါ။ ဒါပေမယ့် အတိုက်အခံတို့ဘက်မှာ လုံလောက်တဲ့အင်အားမရှိတာရယ်၊လက်တွေ့ကျတဲ့ alternative strategy မရှိတာရယ်ကြောင့် နိုင်ငံရေးအရ ထိပ်တိုက်တွေ့မှုတွေဖြစ်ခဲ့ရပြီး
အစိုးရ၊လူထုနဲ့ အတိုက်အခံတို့အားလုံးအထိနာခဲ့ရပါတယ်။(လုံလောက်တဲ့ အင်အားမရှိဘူးဆိုတာက စစ်တပ်ကို
ပြန်မတိုက်နိုင်တာကိုပြောချင်တာမဟုတ်ပါဘူး။အဲဒီအချိန်က နိုင်ငံရေးစနစ်ကိုအလျင်အမြန်အပြောင်းအလဲလုပ်နိုင်လောက်တဲ့အင်အားမရှိတာကိုဆိုလိုတာသာဖြစ်ပါတယ်။

ဒါဟာ အတိုက်အခံတွေ လုံးဝအရည်အချင်းမရှိဘူးဆိုတဲ့အဓိပ္ပါယ်သက်ရောက်မှုမရှိပါ။)တစ်နည်းအားဖြင့် တိုင်းပြည် အထိနာခဲ့ရပါတယ်။အချိန်ကာလလည်းကြာသင့်တာထက်အများကြီးပိုကြခဲ့ရပါတယ်။ တိုင်းပြည်ကို ထူထောင်နိုင်ဖို့
နေနေသာသာ တစ်နေ့တခြားဆိုးရွားလာတဲ့ နိုင်ငံရေး၊ စီးပွားရေးအခြေအနေဆိုးတွေကို လူထုကခါးဆည်းခံ့ခဲ့ကြရပါတယ်။နိုင်ငံရေး အင်အားတွေလည်း လေလွင့်ဆုံးရှုံးခဲ့ရပါတယ်။ နိုင်ငံရေးအင်အားစုများရဲ့ စေတနာမှန်ကန်ခဲ့ပေမယ့် လုပ်နည်းလုပ်ဟန်က လက်တွေ့နဲ့ကင်းကွာခဲ့မှုကြောင့် နိုင်ငံရေးအပြောင်းအလဲများ နှောင့်နှေးခဲ့ရပါတယ်။
နောက်ဆုံးတော့ အမျိုးသားညီလာခံက ရေးဆွဲပြဌာန်းတဲ့ အခြေခံဥပဒေပဲလက်တွေ့မှာပေါ်ပေါက်လာခဲ့တယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။

နိုင်ငံရေးမှာ စေတနာအမှားမှန်သမျှ ဟာ နိုင်ငံရေးသင်ခန်းစာများသာဖြစ်ပြီးအမှားတွေအတွက် ဘယ်သူ့ဘယ်သူမှ အပြစ်တင်လို့မရပါဘူး။ အားလုံးဟာ ကိုယ့်နိုင်ငံတိုးတက်ကောင်းမွန်စေလိုတဲ့စေတနာအရင်းခံကြတာချည်းပါပဲ။ ကျွန်တော့်သဘောထားကို ပြောရရင်လည်းလက်ရှိအခြေခံဥပဒေကို မကြိုက်ပါဘူး။ တပ်က နိုင်ငံရေးမှာ
အရေးပါတဲ့နေရာယူထားတာကို ကြည့်ရုံနဲ့ဒီမိုကရေစီစံနှုန်းတွေနဲ့ကိုက်ညီမှုမရှိဘူးဆိုတာ ပြောစရာမလိုပါဘူး။ အစိုးရကလည်း ဒီမိုကရေစီဖြစ်ပြီလို့ မပြောဘဲဒီမိုကရေစီတည်ဆောက်ဖို့လိုတယ်လို့သာ ပြောဆိုတာဖြစ်ပါတယ်။
(ရှင်းရှင်းပြောရရင်အခြေခံဥပဒေပြဌာန်းနိုင်ဖို့လူထုဆန္ဒခံယူပွဲကျင်းပတုန်းက အဖြေကိုသိနေပြီးသားမို့ ခြေညောင်းခံပြီးမဲတောင်သွားမထည့်ခဲ့ပါဘူး။)

လက်ရှိအခြေခံဥပဒေက ခုနက ပြောသလိုပဲ ဒီမိုကရေစီမကျသေးဘူးလို့ဆိုပေမယ့် ဒီမိုကရေစီစနစ်ကို တဖြည်းဖြည်း
လက်တွေ့ကျကျ ထူထောင်ဖို့အခြေခံအချက်အလက်တော်တော်များများတော့ပါဝင်နေတာကို သေသေချာချာလေ့လာရင်
သိနိုင်ပါတယ်။ လက်တွေ့မှာလည်း အခြေခံဥပဒေစတင်အသက်ဝင်တာနဲ့ (ရွေးကောက်ပွဲတွေ ကျင်းပပြီးလို့ အစိုးရသစ်ဖွဲ့ပြီးတာနဲ့ )သင့်တင့်လျောက်ပတ်တဲ့ လွတ်လပ်ခွင့်တွေ တစတစ ရလာတာကို မငြင်းနိုင်ပါဘူး။
မပြည့်စုံပေမယ့် နိုင်ငံရေးနယ်ပယ် ကျယ်လာပါတယ်။ အစိုးရနဲ့အတိုက်အခံတို့ရင်းနှီးမှုရလာပါတယ်။

ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာပါတယ်။ စီးပွားဖွံ့ဖြိုးတိုးတက်ရေးမျှော်လင့်လို့ ရလာပါတယ်။လက်တွေ့ကျကျ စိတ်ရှည်လက်ရှည်နဲ့ အားထုတ်ကြမယ်ဆိုရင် ဒီမိုကရေစီပန်းတိုင်ကို အရောက်လှမ်းနိုင်ကြမယ်ဆိုတာ ယုံကြည်လို့ရလာပါတယ်။

အခုလောလောဆယ်မှာ အခြေခံဥပဒေ ဖျက်သိမ်းပြီး အသစ်ရေးဆွဲပြဌာန်းရေးဆိုတဲ့ ယူဆချက်ကအခြေခံဥပဒေပြင်ဆင်ရေး ၊၂၀၁၅ ရွေးကောက်ပွဲအနိုင်ရရေး တို့နဲ့အတူ ထွက်ပေါ်လာပါတယ်။
အမျိုးသားညီလာခံကို ဆန့်ကျင်ခဲ့သလိုပဲအခြေခံဥပဒေအသစ်ပေါ်ပေါက်ရေးဟာလည်းလက်တွေ့နဲ့ကင်းကွာတဲ့အယူအဆဆိုတာ ဒီနေရာကနေ အတိအလင်းပြောချင်ပါတယ်။တိုင်းပြည်နောက်တစ်ခါ မနာတော့ဘဲ
အချိန်တွေ အင်အားတွေ ထပ်ပြီးအလဟသ မဖြစ်တော့ဘဲ ဒီမိုကရေစီစနစ်ကိုတည်တည်ငြိမ်ငြိမ်ခိုင်ခိုင်မာမာ
ပေါ်ပေါက်စေလိုတဲ့ ရည်ရွယ်ရင်းဖြစ်ပါတယ်။လက်ရှိအချိန်မှာ အခြေခံဥပဒေကိုအားလုံးသဘောတူ ပြင်ဆင်ဖို့ကြိုးစားခြင်းကလက်တွေ့မှာ ဖြစ်နိုင်ချေရှိပါတယ်။ တပ်ကလည်း တဖြည်းဖြည်းပြင်ဆင်တာကို
သဘောတူမှာသေချာပါတယ်။

( လက်ရှိအခြေခံဥပဒေကို ကျွန်တော်လည်းလုံးဝမကြိုက်တဲ့အကြောင်းပြောပြီးပါပြီ။ ) တပ်က နှစ်ပေါင်းများစွာ
အချိန်ယူရေးဆွဲထားတဲ့အခြေခံဥပဒေဖြစ်ရုံမျှမက တပ်ရဲ့ လောလောဆယ်ပဓါနအကျဆုံးတာဝန်ဟာ အခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ရေးနဲ့ဒီမိုကရေစီထူထောင်ရေးမှာတပ်က ပါဝင်ရေး ဆိုတာ သတိပြုရပါလိမ့်မယ်။ ( ဒါဟာ တပ်ရဲ့ ယူဆချက်သာဖြစ်ပြီးမှန်တယ်မှားတယ်မပြောလိုပါဘူး။လက်တွေ့ကျကျ နိုင်ငံရေးကို ချဉ်းကပ်ကြမှသာ
လုပ်သမျှအရာထင်ပြီးတိုင်းပြည်အကျိုးရှိမယ့်အကြောင်းပြောလိုရင်းဖြစ်ပါတယ်။)လက်ရှိအခြေခံဥပဒေကိုဗိုလ်ချုပ်ကြီးတွေရဲ့ အကျိုးစီးပွားတွေ ကာကွယ်ဖို့ စနစ်တကျရေးထားတာဆိုတဲ့အယူအဆတွေ ပြောစကားတွေက လူပြိန်းဆန်ပါတယ်။ အဆင့်မီတဲ့ ဘယ်နိုင်ငံရေးသမားမှ နောက်ကြောင်းပြန်လှန်ဖို့စိတ်မဝင်စားပါဘူး။ တိုင်းပြည်ထူထောင်ရေးကို ဘေးချိတ်ပြီးလက်စားချေဖို့မလုပ်ကြပါဘူး။

အခြေခံဥပဒေကို ဖျက်သိမ်းပြီးအသစ်ရေးဆွဲဖို့ကြိုးပမ်းတဲ့ အလုပ်မှန်သမျှဟာတပ်နဲ့ ဆန့်ကျင်ဘက်အသွင်ဆောင်နေပါတယ်။လက်ရှိအခြေခံဥပဒေဟာ ( လက်ရှိကာလမှာ )တပ်ကလုံးဝ ကာကွယ်ထားမယ့် ဥပဒေဆိုတာ
လက်ခံထားဖို့လိုအပ်ပါတယ်။
(ပြင်ဖို့တော့လုပ်လို့ရပါတယ်။ဖျက်သိမ်းဖို့ မကြိုးစားသင့်တဲ့အကြောင်းဆိုလိုချင်တာပါ။) ဒီလိုလုပ်ရတဲ့
တပ်ရဲ့ရည်ရွယ်ချယ်ကို တစ်ခွန်းထဲနဲ့ ပြည့်စုံအောင်ပြောရင်တိုင်းပြည်တည်တည်ငြိမ်ငြိမ်နဲ့ တိုးတက်ဖွံ့ဖြိုးရေးဖြစ်ပါတယ်။

ဒါလည်း အရပ်ဘက်နဲ့မတူတဲ့ တပ်ရဲ့ နိုင်ငံရေးခံယူချက်ပါ။ တပ်ကဒီလိုယူဆနေရတဲ့ အခြေခံအကြောင်းတရားတွေအများကြီးရှိတယ်ဆိုတာနိုင်ငံရေးကို ( တစ်ကယ် )လုပ်နေသူတိုင်း က အခုဆိုရင် သိရှိနားလည်နေကြပါပြီ။

အခြေခံဥပဒေကို အချိန်ကိုက် ပြင်ဆင်ဖို့ အားထုတ်ခြင်းကသာလက်တွေ့နိုင်ငံရေးဖြစ်ပါတယ်။
( ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံ ခဲ့ ( ရ )သလိုပါပဲ။ ) ရာနှုန်းပြည့်ဒီမိုကရေစီကို လူတိုင်းကလိုချင်ကြပေမယ့် အခုဆိုရင် အချိန်ယူရမယ်ဆိုတာ လက်ခံတဲ့ဘက်က အများစုဖြစ်လာပါပြီ။အခုအတိုင်းရှေ့ကို ရွေ့နေဖို့လိုပါတယ်၊ ဒီမိုကရေစီ ရပါလိမ့်မယ်။
တပ်ဘက်နဲ့အရပ်ဘက် နိုင်ငံရေးအရနှစ်ဘက်လက်ခံနိုင်တဲ့ ဆုံမှတ်က လက်ရှိအခြေခံဥပဒေသာဖြစ်နိုင်ပြီး
အဲဒီဆုံမှတ်ကနေသာအတူတကွ ရှေ့ကို တိုးနိုင်ပါလိမ့်မယ်။ အခြေခံဥပဒေကို ပြင်ဆင်ဖို့ မူအားဖြင့် တပ်က သဘောတူပြီးသားပါ။ ဘယ်လိုပြင်မလဲ ဘယ်တော့ပြင်မလဲဆိုတာက အချိန်အခါနဲ့လုံးဝမဆိုင်ပါဘူး။

(အချိန်ဘယ်လောက်ယူရမလဲဆိုတာ သတ်မှတ်မထားပါဘူး။) အခြေအနေနဲ့သာလုံးဝသက်ဆိုင်ပါတယ်။
အဲဒီအခြေအနေဆိုတာconfidence building ပါပဲ။mutual trust building ပါပဲ။နှစ်ဘက် ယုံကြည်မှု အပြည့်အဝ
တည်ဆောက်နိုင်တဲ့အခြေအနေရောက်တာနဲ့ ဒီမိုကရေစီနဲ့အပြည့်အဝကိုက်ညီတဲ့အခြေခံဥပဒေဟာ သေချာပေါက်ပေါ်ထွက်လာပြီး ဒီမိုကရေစီလည်းအပြည့်အဝရပါလိမ့်မယ်။ယုံကြည်မှု အပြည့်အဝတည်ဆောက်ရရှိနိုင်ဖို့ ကို တပ်ဘက် အရပ်ဘက် နှစ်ဘက်စလုံးက ကြိုးပမ်းကြဖို့ရာကတော့ သမိုင်းပေးတာဝန်ပါ။ယုံကြည်မှုတည်ဆောက်ရေးအတွက်ဘာတွေလုပ်ဖို့လိုတယ်ဆိုတာကိုတော့ဒီဆောင်းပါးရဲ့ မူရင်းရည်ရွယ်ချက်မဟုတ်လို့ တစ်ကြောင်း၊ဖြတ်သန်းထားပြီးတဲ့အတွေ့အကြုံတွေအရ အားလုံးကလည်း သိပြီးဖြစ်မှာမို့ တစ်ကြောင်းကြောင့် ဒီနေရာမှာမပြောလိုတော့ပါ။ယုံကြည်မှုကို အပြည့်အဝ တည်ဆောက်နိုင်တာနေ့ဟာတပ်ရဲ့စိုးရိမ်ပူပန်မှုဖြစ်သောနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိစ္စကိုလည်း (တပ်ဘက်ကရော အရပ်ဘက်ကပါ )အပြည့်အဝ စိတ်ချလို့ ရနိုင်တဲ့နေ့ ဖြစ်လာမှာဖြစ်ပါတယ်။

ယုံကြည်မှုအပြည့်အဝတည်ဆောက်နိုင်တာနဲ့ပြည်ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး စတာတွေကို အထူးတလည်
အားစိုက်ထုတ်နေစရာမလိုဘဲ အရာရာပြည့်စုံသွားမှာလည်းဖြစ်ပါတယ်။
( လက်တွေမဖြစ်သေးတာထားလို့ အခု ဒေါ်စု သမ္မတရာထူးယှဉ်ပြိုင်ခွင့်ရနိုင်အောင် အခြေခံဥပဒေပြင်ပေးမယ်ဆိုတဲ့စကားမျိုးကြားလာရတာ၊ ဖက်ဒရယ်ကို လက်ခံပြောဆိုလာတာတွေဟာအဲဒီ ယုံကြည်မှု အတိုင်းအတာတစ်ခုအထိ မြင့်မားလာလို့သာဖြစ်ပါတယ်။ နိုင်ငံရေးမှာ မဖြစ်နိုင်တာမရှိပါဘူး။ နိုင်ငံရေးဆိုတာ မဖြစ်နိုင်တာကို ဖြစ်နိုင်အောင်လုပ်ရတဲ့အလုပ်ပါ။ Politics means making the impossible possible ဖြစ်ပါတယ်။
လက်တွေ့ကျကျချဉ်းကပ်လုပ်ဆောင်နိုင်ဖို့သာ လိုအပ်ပါတယ်။

နှစ်ဘက်ယုံကြည်မှုအပြည့်အဝတည်ဆောက်နိုင်တဲ့တစ်နေ့မှာ ပေါ်ထွက်လာတဲ့ အခြေခံဥပဒေဟာ လက်ရှိအခြေခံဥပဒေကို ဒီမိုကရေစီနဲ့ စံနှုန်းပြည့်ကိုက်ညီအောင်အကောင်းဆုံပြင်ဆင်ထားတာလည်း
ဖြစ်နိုင်သလို သန်းခြောက်ဆယ်လည်းအပြည့်အဝသဘောကျလက်ခံတဲ့တပ်မတော်ကလည်း သန်းခြောက်ဆယ်နဲ့ ထပ်တူတပ်မျှ အပြည့်အဝသဘောတူလက်ခံတဲ့အသစ်စက်စက်ရေးဆွဲပြဌာန်းသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်လည်း အမှန်တစ်ကယ် ဖြစ်နိုင်ပါကြောင်းယုံကြည်တဲ့အတိုင်း ရိုးသားစွတြင်ပြလိုက်ပါတယ် ။ ။

ပိုက်တင်