Home

Thursday, August 29, 2013

Potential နှင့် Skill

နိုင်ငံတစ်ခုရဲ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ရင် potentialထက် skill က အများကြီးပိုပြီးအရေးပါ အများကြီးပိုပြီး ပဓါနကျတဲ့အကြောင်းဆွေးနွေးချင်ပါတယ်။potential ဆိုတာကို အလုံးစုံ ခြုံငုံမိအောင် ပြောရင် ဖြစ်နိုင်ခြေများအလားအလာများရှိနေတဲ့ စွမ်းအားလို့ ဆိုနိုင်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ potential တော်တော်ကောင်းကောင်းနဲ့များများရှိနေတယ်လို့ ဆိုရမှာပါ။ပထဝီအနေအထားကောင်း၊ သဘာဝအရင်းအမြစ် ကောင်း ၊ရာသီဥတုကောင်း၊ လူသားအရင်းအမြစ်ကလည်း လုံလုံလောက်လောက် potential နဲ့ပတ်သက်လို့ ပြောစရာမရှိအောင် ကောင်းမွန်ပြည့်စုံလှပါတယ်။
ဒါပေမယ့်လောလောဆယ်မှာ ကျွန်တော်တို့အလွန်တရာ ဆင်းရဲမွဲတေနေပြီး ဆင်းရဲတွင်းက လွတ်မြောက်ဖို့နည်းလမ်းတွေ ရှာကြံနေကြရဆဲဖြစ်ပါတယ်။potential သက်သက်နဲ့ တော့ ဘယ်တော့မှ ဆင်းရဲတွင်းကလည်းမလွတ်မြောက်နိုင်သလို ဘယ်တော့မှလည်း တိုးတက်ဖွံ့ဖြိုးနိုင်မှာမဟုတ်ပါဘူး။
potential များ သက်ဝင်လှုပ်ရှားလာဖို့ ခလုပ်နှိပ်ပေးနိုင်တာကတော့ skill ဖြစ်ပါတယ်။ skill ဆိုတာကပညာကိုအခြေခံပါတယ်။skillဆိုတာ တိုင်းပြည်ပြန်လည်ထူထောင်တဲ့ကာလမှာ သူ့ရဲ့မူလအဓိပ္ပါယ်သတ်မှတ်ချက်ဖြစ်တဲ့ သက်ဆိုင်ရာကဏ္ဍအလိုက်
ကျွမ်းကျင်ပိုင်နိုင်ခြင်းဆိုတာထက် အများကြီး ပိုမိုကျယ်ဝန်းတဲ့ ဖွင့်ဆိုချက်ရှိပါတယ်။ပညာ( education )ချည်းပဲလည်းမဟုတ်ဘဲကိုယ်ကျင့်တရားဆိုင်ရာတန်ဖိုးများ ( ethical values ) ၊ဥာဏ်ပညာအမြော်အမြင် ( wisdom )၊ တွေးခေါ်မြော်မြင်မှု အဆင့်အတန်း( standard of philoshphy )၊အတ္တ စံနှုန်းများ ( norms of ego )စတာတွေ အကြုံးဝင်ပါတယ်။

ကိုယ်ကျင့်တရားဆိုင်ရာတန်ဖိုးများဆိုတာကတော့ အထူးသဖြင့် မိမိနဲ့ သက်ဆိုင်တဲ့လူ့ဘောင်အဖွဲ့အစည်းပေါ် တည့်မတ်မှန်ကန်တဲ့သဘောထားဟာမိမိရဲ့အလုပ်အကိုင်( အသက်မွေးဝမ်းကျောင်း)အပေါ်မှာထားတဲ့ ကောင်းမွန်တဲ့သဘောထားနဲ့ထပ်တူ လူတိုင်းရဲ့ အသိတရားမှာမှာ ဖြစ်တည်ကိန်းဝပ်နေဖို့ကို ရည်ညွှန်းပါတယ်။
အလုပ်ကို အရည်အချင်းရှိသလောက် အပြည့်အဝလုပ်ကိုင်ခြင်း၊ အချိန်မှန်အလုပ်ခွင်သို့ ရောက်ရှိခြင်းစတာတွေနဲ့အတူ ရပ်ကျိုးရွာကျိုး တတ်စွမ်းသမျှ သယ်ပိုလိုစိတ်ရှိခြင်း၊မိမိဝန်းကျင်ရှိ တခြားသူများအပေါ် စာနာစိတ်ရှိခြင်း စတာတွေဟာ လူတိုင်းမှာ အမှန်တစ်ကယ်ရှိနေရမှာဖြစ်ပါတယ်။
ဥာဏ်ပညာအမြော်အမြင်ကတော့ အများကြီး ကျယ်ဝန်းလေးနက်ပါတယ်။အကျဉ်းချုပ်ပြောရရင် နိုင်ငံရေးဖြစ်စဉ်များကို နိုင်ငံသားတစ်ယောက်သိသင့်တဲ့ အတိုင်းအတာအတိုင်းသိမြင်နားလည်ဖို့နဲ့ ပါဝင်ဆောင်ရွက်ရမယ့် အတိုင်းအတာကို သိမြင်ပြီး မခိုမကပ်ဆောင်ရွက်လိုစိတ်ရှိခြင်းစတာတွေပါဝင်ပါတယ်။မိမိအကျိုးနဲ့ ဝန်းကျင်အကျိုးကို သဟဇာတဖြစ်အောင် စဉ်းစားလုပ်ဆောင်နိုင်စွမ်း လူတိုင်းမှာ ရှိရပါမယ်။တွေးခေါ်မြော်မြင်မှုအဆင့်အတန်းအနေနဲ့နိုင်ငံသားတို့ထံမှာ အနာဂါတ်ကိုအတိုင်းအတာတစ်ခုအထိ ကြိုတင်ခန့်မှန်းနိုင်စွမ်းရှိဖို့လိုပါတယ်။လူ့အဖွဲ့အစည်းက တာဝန်ယူဆောင်ရွက်ရမယ့်အပိုင်းတွေမှာထိထိရောက်ရောက် စွမ်းဆောင်နိုင်ကြဖို့ လိုအပ်ပါတယ်။ ဥပမာ အချိန်မှန် ကျင်းပတဲ့ ရွေးကောက်ပွဲများမှာလူမှန်နေရာမှန် ရွေးချယ်တာဝန်ပေးနိုင်ဖို့ အမြော်အမြင်ကောင်းတဲ့လူထုက စွမ်းဆောင်လို့ရပါတယ်။

အတ္တစံနှုန်း ဆိုတာကတော့ တစ်ကိုယ်စာ ကောင်းစားဖို့ စဉ်းစားနေတဲ့ သူတွေ များနေသေးသရွေ့ လူ့အဖွဲ့အစည်းကို
ဘယ်လို နိုင်ငံရေး စီးပွားရေးစနစ်မျိုးနဲ့မှ ကောင်းအောင် ထူထောင်လို့မရပါဘူး။
အတ္တ ပရ မျှတတဲ့ ခံယူချက်များလိုအပ်ပါတယ်။ လူ့အဖွဲ့အစည်းနဲ့ လူတစ်ဦးချင်း အပြန်အလှန်
မှီတွယ်နေရတယ်ဆိုတာကို နားလည်ကြဖို့လိုအပ်ပါတယ်။ လူ့ဘောင်တစ်ခုလုံးမြင့်မားလာရင် မိမိအပါအဝင် လူတစ်ဦးချင်းဘဝလည်းသေချာပေါက်မြင့်မားလာမယ်ဆိုတဲ့ အသရှိဖို့ လိုအပ်ပါတယ်။

တိုင်းပြည်ကို စီးပွားရေးအရ ခိုင်မာတဲ့ တိုးတက်ဖွံ့ဖြိုးမှုရရှိနိုင်အောင် ပိုင်ပိုင်နိုင်နိုင် တည်ဆောက်ထူထောင်ဖို့ဆိုရင်
skill ကို သေသေချာချာ မြှင့်တင်မှသာ ဖြစ်နိုင်ပါတယ်။

လွန်ခဲ့တဲ့ ရာစုနှစ် နှစ်ခုခန့်အထိ ( ၁၈၀၀ ခုနှစ်ခန့်အထိ ) တစ်ကမ္ဘာလုံးမှာ ဆင်းရဲချမ်းသာကွာဟမှု
ကြီးကြီးမားမားမရှိခဲ့သေးပါဘူး။အေဒီ ၁ ခုနှစ်မှာ ကမ္ဘာ့ လူဦးရေဟာ သန်း၂၃၀ခန့်မျှသာရှိရာကအေဒီ ၁၀၀၀ခုနှစ်မှာ သန်း၂၇၀ ခန့်အထိသာရှိခဲ့ပြီး ၁၈၀၀ခုနှစ်မှာ သန်း၉၀၀ပဲရှိခဲ့ပါတယ်။ စီးပွားရေးအရ အကြီးအကျယ်ဖွံ့ဖြိုးတိုးတက်မှုမရှိခဲ့ပါဘူး။ ကမ္ဘာတစ်လွှားအုပ်ချုပ်သူများနဲ့မြေယာပိုင်ဆိုင်သူများ
အနည်းငယ်ကလွဲရင်အားလုံးဆင်းရဲမွဲတေပါတယ်။လွန်ခဲ့တဲ့ ရာစုနှစ် နှစ်ခုအတွင်း ( ၁၈၀၀ခုနှစ်မှ
၂၀၀၀ ခုနှစ်အတွင်း ) မှာ ကမ္ဘာ့ လူဦးရေ ခြောက်ဆခန့်တိုးတက်လာမှုနဲ့အတူစီးပွားရေးတိုးတက်မှုလည်းအံ့မခန်းစတင်ဖြစ်ထွန်းလာပါတယ်။ခေတ်သစ်စီးပွားဖွံ့ဖြိုးတိုးတက်မှုသမိုင်း( history of modern economic growth )ဟာ
၁၈၂၀ ခုနှစ်လောက်မှာမှ ပီပီပြင်ပြင်စတင်ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

(၂၀၀၀ခုနှစ်တွင် လူဦးရေ ၆.၁ ဘီလီယံခန့်ရှိလာခဲ့ပါတယ်။ ) skill ဆိုတဲ့ အရာဟာ civilization မြင့်မားမှုနဲ့အတူ
စတင် မြင့်မားလာခဲ့တဲ့ ၁၈၂၀ ခုနှစ်ခန့်ကစလို့ အဲဒီကာလက စီးပွားရေးစကောင်းလာခဲ့တဲ့ ဗြိတိန်ရဲ့ အနေအထားက
ကမ္ဘာ့ အဆင်းရဲဆုံးဒေသဖြစ်တဲ့ အာဖရိကထက် လေးဆ စီးပွားတက်လာပါတယ်။ ၁၈၂၀ မှ ၂၀၀၀ခုနှစ်အတွင်း
( ဒီကနေ့ ထိပ်တန်းဆိုတဲ့ )အမေရိကန်ပြည်ထောင်စုရဲ့စီးပွားရေးက ၂၅ဆ ၊ အနောက်ဥရောပစီးပွားရေးက အရင်ထက်
၁၅ဆလောက်တိုးတက်လာခဲ့ပါတယ်။ ဒီနေရာမှာ သေသေချာချာအာရုံစိုက်လေ့လာရင် potential ဆိုတာ
နဂိုကတည်းကရှိတဲ့ စွမ်းအားဖြစ်ပေမယ့် skill ကောင်းလာတဲ့အခါမှစီးပွားဖြစ်လာနိုင်တယ်ဆိုတာအထင်အရှားသိမြင်နိုင်ပါတယ်။industrialization လို့ခေါ်တဲ့ စက်မှုတော်လှန်ရေးနောက်ပိုင်း skillတက်လာတဲ့ နေရာတွေ( နိုင်ငံတွေ)ကြီးပွားချမ်းသာလာခဲ့ခြင်းဖြစ်ပါတယ်။

စီးပွားရေးအရ ဆင်းရဲချမ်းသာကွာမှု ကြီးမားရခြင်းက ချမ်းသာနေတဲ့နိုင်ငံများ ( အနောက်ဥရောပနဲ့ အမေရိကား ) တို့က ကိုလိုနီခေတ်နောက်ပိုင်းမှာ စစ်ရေး နိုင်ငံရေးအင်အားများကိုသုံးပြီးဆင်းရဲတဲ့နိုင်ငံတွေထံမှ အရင်းအမြစ်များကို ရယူခဲ့ခြင်းကြောင့်ဖြစ်ကြောင်းပြောဆိုယူဆခဲ့ကြဖူးပေမယ့် အခုအခါမှတော့စီးပွားဖွံ့ဖြိုးတိုးတက်မှုရဲ့ အဓိက အရင်းခံ အကြောင်းရင်းဟာ နည်းပညာ technology ဖြစ်ကြောင်း

အားလုံးလက်ခံထားကြပြီဖြစ်ပါတယ်။( technology ဆိုတာ skill နဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ )
ဂျပန်နိုင်ငံဟာ ပြာပုံထဲကနေ ပြန်လည်နိုးထပြီး အာရှရဲ့ ရှေ့ဆောင်ဖြစ်ခဲ့ရတာ ၊ ကိုးရီးယား စင်ကာပူ စတဲ့ နိုင်ငံများ
တရှိန်ထိုးတိုးတက်ဖွံ့ဖြိုးလာတာဟာ skill ကြောင့်သာဖြစ်ကြောင်းသိသာပါတယ်။ သူတို့မှာ Potential က
ကျွန်တော်တို့ထက် အများကြီးအားနည်းခဲ့တာ ဖြစ်လေတော့ တိုင်းပြည်ဟာ potential မရှိရင်တောင်မှ
skill ကောင်းကောင်းရှိရင် သေချာပေါက် တိုးတက်ကြီးပွားနိုင်တယ်ဆိုတာ ငြင်းလို့မရတဲ့အချက်ပါ။

ဒီတော့ ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဓိက ပြသနာက skill ဆိုတာ ထင်ရှားနေပါပြီ။
skill ကောင်းဖို့ ၁။ ပညာရေးကို အမြန်ဆုံးပြန်လည်ထူထောင်ရပါမယ်။ (ဘာမှ မလုပ်ရသေးသလောက်ရှိပါတယ်။
နိုင်ငံရေး အပြောင်းအလဲထက် ပညာရေး ပြုပြင်ပြောင်းလဲမှုက အများကြီးနောက်ကျနေပါသေးတယ်။)
၂။နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုအကြောင်း ပြောရင် အရင်းအနှီးတွေစီးဝင်လာဖို့ ပဲ အရင်စဉ်းစားမိတတ်ကြပေမယ့် technology ကို အဓိက ဦးစားပေးပြီး အရယူဖို့လိုပါတယ်။ဒီနေ့ခေတ်မှာ နည်းပညာတွေကိုရယူခွင့်မရှိအောင် ဘယ်ဒေသ ဘယ်နိုင်ငံကိုမှ ကန့်သတ်ထားလို့မရတော့ဘူးဆိုတဲ့အချက်က ကျွန်တော်တို့ နိုင်ငံအပါအဝင် ဆင်းရဲတဲ့ နိုင်ငံများရဲ့ မျှော်လင့်ချက်ဖြစ်ပါတယ်။တစ်ကမ္ဘာလုံးဟာ တပြေးညီ ချမ်းသာခွင့်ရှိနေပါပြီ။

တစ်နိုင်ငံဆင်းရဲမှ တစ်နိုင်ငံကချမ်းသာမယ်ဆိုတဲ့ zero sum game ခေတ် မဟုတ်တော့ပါဘူး။Everybody in the whole world can win . ဖြစ်နေပါပြီ။ မလုပ်ရင်တော့ ဘယ်တော့မှမရပါဘူး။ ကိုယ့်ရွေးချယ်မှု၊ အားထုတ်မှု တို့နဲ့သာသက်ဆိုင်ပါတော့တယ်။၃။တစ်နိုင်ငံလုံးက လူထု တစ်ရပ်လုံးရဲ့mindset တွေ လုံးဝ ပြောင်းလဲပစ်ရပါမယ်။နိုင်ငံထူထောင်ရေးမှာ ပါဝင်ရပါမယ်။ နိုင်ငံရေးအသိ ရှိကြရပါမယ်။

ဒါတွေလုပ်နိုင်ရင် potential သိပ်ကောင်းတဲ့ ကျွန်တော်တို့နိုင်ငံဟာ skill ကောင်းလာမှာဖြစ်ပြီးဘယ်နိုင်ငံကမှ လိုက်လို့မမီလောက်အောင် တိုးတက်ကြီးပွားမှာ အသေအချာဖြစ်ပါတယ်။ skill ကို ကောင်းအောင်မလုပ်နိုင်ခဲ့ရင်တော့ potential ဟာလည်း နိုင်ငံနဲ့ လူထု အတွက် ကျိန်စာတစ်ခုမျှသာ ဖြစ်နေဦးမယ်လို့ ယုံကြည်မိပါကြောင်း ။       ။

ပိုက်တင်


Reposted by:www.newmoekaungkin.blogspot.com