မိမိဒေသ၊ မိမိလူမျိုး ၊ မိမိဘာသာ၊ မိမိယုံကြည်မှု၊ မိမိအယူအဆ၊ မိမိရည်ရွယ်ချက်၊ မိမိခံယူချက်၊ မိမိယဉ်ကျေးမှု၊ မိမိဆန္ဒ၊ မိမိအစွဲ၊ မိမိလိုလားမှု၊ မိမိလိုအပ်မှု၊ မိမိ ဘာသာစကား၊ မိမိအသားအရောင်နဲ့ မိမိဝတ်စားဆင်ယင်မှု စတာတွေကိုသာ အလေးထားပြီး၊ တစ်ခြားသူတို့ရဲ့ ဒေသ၊ လူမျိုး ၊ ဘာသာ၊ ယုံကြည်မှု၊ အယူအဆ၊ ရည်ရွယ်ချက်၊ ခံယူချက်၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ အသားအရောင်၊ ၀တ်စားဆင်ယင်မှု၊ ဆန္ဒ၊ လိုလားမှု၊ လိုအပ်မှု စတာတွေ သိအောင်မကြိုးစားဘဲ၊ ထည့်မတွက်ဘဲ၊ ဖိနှိပ် စော်ကား အနိုင်ကျင့် နှိမ်ချ မင်းမဲ့စရိုက်ဆန်ဆန် ဖျက်လိုဖျက်ဆီး လုပ်နေသမျှတော့ စနစ်တွေ ဘယ်လောက်ပြောင်းပြောင်း၊ မူတွေဘယ်လောက်ပြောင်းပြောင်း နိုင်ငံရေးကို အောင်မြင်အောင် ဘယ်တော့မှ မလုပ်နိုင်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည် ပြောသလို '' ဒီနိုင်ငံမှာ ပဋိပက္ခပေါင်းများစွာရှိတယ်ဆိုတာ အများသိပြီးသားဖြစ်ပါတယ် ။ ပဋိပက္ခ ဖြေရှင်းရေးအခြေခံက တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားဖို့ ဖြစ်တယ်။ ကိုယ်နဲ့မတူတဲ့ အတွေးခေါ်တွေကို မလေးစားနိုင်ရင် ကိုယ်နဲ့မတူတဲ့ အတွေးအခေါ်တွေကို နားလည်မှုမပေးနိုင်ရင် ကျွန်မတို့ဟာ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ မထူထောင်နိုင်ပါဘူး''
စံနစ်တွေပြောင်းသလို၊ မူတွေပြောင်းသလို လူတွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာ မြင့်မြတ်ဖို့လိုတယ်။ခေတ်ဟောင်း စနစ်ဟောင်းကစိတ်ဓာတ်တွေ၊ အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေပြောင်းဖို့လိုတယ်။
တည်ငြိမ်အေးချမ်းပြီး တည်တံ့ခိုင်မြဲတဲ့ ဒီမိုကရေစီနိုင်ငံတည်ဆောက်ချင်တယ်ဆိုရင် ဒီမိုကရေစီစနစ်မှာ လွတ်လပ်စွာကွဲလွဲခွင့်ရှိတယ်ဆိုတာကို လက်ခံရလိမ့်မယ်။ နေထိုင်ရာနယ်မြေဒေသ ကွဲလွဲတာလည်းရှိမယ်။ လူမျိုးမတူ ဘာသာကွဲပြားတာတွေရှိမယ်။ ယုံကြည်မှု၊ အယူအဆ၊ ရည်ရွယ်ချက်၊ခံယူချက်၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ အသားအရောင်၊ ၀တ်စားဆင်ယင်မှု စတာတွေ မတူကွဲပြားတာတွေလည်းရှိမယ်။
အဲဒီ မတူကွဲပြားမှုတွေကို နားလည်နိုင်အောင်ကြိုးစားရမယ်။ သိအောင်ကြိုးစားရမယ်။ အဲဒီ မတူကွဲပြားမှုတွေကို ထည့်တွက်နိုင်အောင်ကြိုးစားရမယ်။ အခြေအနေ အနေအထားမတူတာတွေ၊ သဘောထားမတိုက်ဆိုင်တာတွေ၊ ငြင်းခုံတာတွေဟာ ဒီမိုကရေစီရဲ့အလေ့အထဆိုတာ နားလည်သည်းခံကြဖို့ လိုပါတယ်။ တူညီတာတွေစုစည်း၊ မတူညီတာတွေညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်ကြဖို့လိုပါတယ်။ ဆန္ဒစွဲတွေဘေးဖယ်ပြီးတော့ စည်းစည်းလုံးလုံးနဲ့ လုပ်ဖို့တော့လိုပါတယ်။ ကိုယ်ကပဲမှန်တယ်၊ တစ်ခြားသူကိုတော့မှားတယ်ဆိုတဲ့ အယူအဆမျိုးတွေ၊ ခံယူချက်မျိုးတွေရှိနေသေးရင်တော့ စွန့်လွှတ်လိုက်ရမယ်။ တွေးခေါ်မှုဆိုင်ရာ ဒဿနအမြင်နဲ့ လူကျင့်ဝတ်ပိုင်းဆိုင်ရာ အခြေခံရှုထောင့်နှစ်ခုဖြင့် ရှုမြင်သင့်တယ်။ လူ့တန်ဖိုးနဲ့ လူတိုင်းတွင်ရရှိခံစားအပ်သည့် လူအခွင့်အရေး လူဂုဏ်သိက္ခာများကိုလည်း လေးစားလိုက်နာရန်အထူးလိုအပ်လှပါတယ်။
ဆရာတော် အရှင်ဥာဏိဿရက ဟောကြားတော်မူတယ်။ ‘‘ မိမိရဲ့ယုတ်ညံမှုတွေကို မိမိကိုယ်တိုင် သန့်ရှင်းအောင်လုပ်ရပါတယ်။ မိမိစိတ်ဓါတ်ရဲ့ တိုးတက်ဖွံ့ဖြိုးမှုကို မိမိကိုယ်တိုင် ကြိုးစားယူရတယ်။''သို့မှသာလျှင် လူတိုင်းက လေးစား တန်းဖိုးထားသူများအဖြစ်
ကမ္ဘာအလည်တွင်ရပ်တည်နိုင်မှာဖြစ်ပါတယ်။
လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ် ၁၈ လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ် ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်နိုင်ခွင့် နှင့် လွတ်လပ်စွာ သက်ဝင် ကိုးကွယ်နိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ မိမိကိုးကွယ်သည့် ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ ပြောင်းလဲနိုင်ခွင့် ပါဝင်သည့် အပြင် မိမိတစ်ယောက် ချင်းဖြစ်စေ၊ အခြားသူများနှင့် စုပေါင်း၍ဖြစ်စေ၊ ပြည်သူအများ ရှေ့မှောက်တွင် သော်လည်းကောင်း၊ ရှေ့မှောက်တွင် မဟုတ်ဘဲ သော်လည်းကောင်း၊ မိမိ ကိုးကွယ်သော ဘာသာကို သို့တည်းမဟုတ် သက်ဝင် ယုံကြည်ချက်ကို လွတ်လပ်စွာ သင်ပြနိုင်ခွင့်၊ ကျင့်သုံးနိုင်ခွင့်၊ ဝတ်ပြုကိုးကွယ်နိုင်ခွင့်နှင့် ဆောက်တည် နိုင်ခွင့်တို့လည်း ပါဝင်ပါတယ်။
“လူမျိုးဆိုသည်မှာ သုခ၊ ဒုက္ခ အတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ တစ်မျိုးတစ်စားတည်းပင်ဟု စိတ်ထားရှိသူတို့ကို တစ်စုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာဖြစ်ပေသည်။ အမျိုးအနွယ်၊ ကိုးကွယ်သည့် ဘာသာတရား၊ပာုဆိုသည့် ဘာသာစကားတို့ကို အရေးထားရမည်ဖြစ်သော်လည်း စင်စစ်မှာအးအတူ ပူအမျှ၊ ကောင်းတူဆိုးဖက် ပူးပေါင်းလျက် နေလိုသော အစဉ်အလာ ဆန္ဒပေါ်တွင် ဝံသာနု ရက္ခိတ တရားသည် တည်နေပေသည်။” “သွေးတူခြင်းထက် စိတ်ကူးတူခြင်း ရှေးဟောင်းနှောင်းခေတ်တွင် ဒိုးတူဘောင်ဘက် ပြုဖူးသည်များကို မှတ်မိခြင်းတို့က အမျိုးသားစိတ်ကို ပိုမိုဖန်တီးလေသည်။” လို့ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခဲ့ဘူးတာလည်း ကျွန်တော်တို့ အမှတ်ရ နေသင့်ပါတယ်။
မိမိတို့နိုင်ငံအတွင်းမှာ ဘယ်ဒေသမှာပဲနေနေ၊ ဘာလူမျိုးပဲဖြစ်ဖြစ်၊ ဘယ်ဘာသာပဲဖြစ်ဖြစ် နိုင်ငံသားမှန်ရင် နိုင်ငံသားအားလုံးကို ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ပေးဖို့လိုမယ်။ တန်းတူအခွင့်အရေးရရှိဖို့လိုမယ်။ သို့မှသာ လူမျိုး၊ဘာသာ၊ယုံကြည်မှု၊ အယူအဆ၊ ရည်ရွယ်ချက်၊ ခံယူချက်၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ အသားအရောင်၊ ၀တ်စားဆင်ယင်မှုစတာတွေ မတူကွဲပြားနေပေမဲ့ နိုင်ငံသားတို့ရဲ့ရပိုင်ခွင့်တွေကို အတူတကွမျှဝေခံစားနိုင်မှာဖြစ်သည့်အပြင် လွတ်လပ်တရားမျှတတဲ့၊ ဒီမိုကရေစီထွန်းကားတဲ့၊ လူ့အခွင့်အရေး အပြည့်အ၀ရှိတဲ့ တည်ငြိမ်ခိုင်မာတဲ့၊ သာယာဝပြောမှုနဲ့ပြည့်စုံတဲ့ ခေတ်သစ်စနစ်သစ်ကိုတည်ဆောက်နိုင်မှာဖြစ်တယ်။
မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)
www.newmoekaungkin.blogspot.com