လူတွေကို ဘာသာတရား နဲ့ ခွဲခြားရှုမြင်ခြင်းထက် " မင်းဟာ အကြမ်းဖက်မှုကို ထောက်ခံသူလား၊ အကြမ်းမဖက်မှုကို လိုလားသူလား" ဆိုတဲ့ လူ့ယဉ်ကျေးမှု ပေတံနဲ့ ပထမဆုံး တိုင်းတာသင့်ပါတယ်။လွတ်လပ်တဲ့ အာရှအသံရဲ့ ဂျူလိုင် (၂၇) ညပိုင်းမှာ တင်ဆက်ခဲ့တဲ့ဆောင်းပါးလေးပါ။မကြာသေးခင်ရက်များအတွင်းက ကုလသမဂ္ဂညီလာခံမှာ ပါကစ္စတန်နိုင်ငံ စွက်ချိုင့်ဝှမ်းဆီက အစ္စလာမ်အမျိုးသမီးငယ် မာလာလာ ရဲ့ မိန့်ခွန်းကို နားထောင်မိကြပါလိမ့်မယ်။
သူမဟာ အမျိုးသမီးတွေ၊ ကလေးတွေအတွက် ပညာသင်ကြားရေးကို လှုံ့ဆော်ခဲ့တာကြောင့် တာလီဘန်အစွန်းရောက်တွေရဲ့ သေနတ်နဲ့ ပစ်ခတ်ခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ သူမရဲ့ အိပ်မက်တွေ၊ သတ္တိတွေကတော့ သေဆုံးမသွားခဲ့ပါဘူး။ " အကြမ်းဖက်သမားတွေဟာ ပညာရေးနဲ့ အမျိုးသမီးတွေရဲ့ အသံတွေကို ကြောက်ရွံ့ကြပါတယ်။ စာမတတ်မြောက်မှု၊ ဆင်းရဲမွဲတေမှု နဲ့ အကြမ်းဖက်မှုတွေကို ဂလိုဘယ် လှုပ်ရှားမှုအဖြစ် ဆန့်ကျင်ကြပါစို့။ ပညာရေး သည်သာ အဖြေ ဖြစ်တယ်" ဆိုတဲ့ စကားလုံးတွေ နဲ့ ပရိဿတ်ကို လှုံ့ဆော်ရင်း သူမရဲ့ မိန့်ခွန်းကို အဆုံးသတ်ခဲ့ပါတယ်။ သူမရဲ့ မိန့်ခွန်းအဆိုအရ သူမဘဝကို ဂန္ဒီ၊ မာသာထရီဇာ နဲ့ ဘက်ရှာခန် တို့ရဲ့ အကြမ်းမဖက်လှုပ်ရှားမှုတွေကို လေးစားအားကျခဲ့တယ် လို့ ဆိုပါတယ်။ ဒီ တပတ်မှာတော့ မာလာလာ ရည်ညွှန်းခဲ့တဲ့ ဘက်ချာခန် အကြောင်းလေ့လာကြည့်ကြရအောင်ပါ။ခန် ဆိုတဲ့ဝေါဟာကို အင်္ဂလိပ်ဝေါဟာရမှာတော့ ဘုရင် အဖြစ်သိရှိကြပါတယ်။ ဘက်ချာခန် ရဲ့ မိဘတွေ ဟာ သူတို့ဒေသမှာ လေးစားအားကိုးဘွယ် အစ္စလာမ်ဘာသာဝင် ကျေးရွာခေါင်းဆောင်တွေဖြစ်တဲ့အပြင် ဘက်ချာခန် ဟာ ပွတ်ရှတွန်မျိုးချစ်ဝါဒ ထွန်းကားလာအောင် လုပ်ခဲ့တာကြောင့် အာဖဂန် ရဲ့ ဂုဏ် အဖြစ် လူသိများခဲ့ပါတယ်။ ဗြိတိသျှ လက်အောက်မှာ ကျရောက်နေတဲ့ အိန္ဒိယ နိုင်ငံ ကို " အို ပေသန် သားတို့- မင်းတို့ရဲ့ အိမ်တွေဟာ ပျက်ဆီးကျဆုံးနေပြီ။ နိုးထကြလော့။ ပြန်လည်တည်ဆောက်ကြလော့။ မင်းတို့ရဲ့ မျိုးရိုးဗီဇ ဘာလဲ ဆိုတာကို အမှတ်ရကြလော့ " ဆိုတဲ့လှုံ့ဆော်သံတွေ နဲ့ စည်းရုံးလေ့ရှိပါတယ်။သူနေထိုင်တဲ့ အူတမန်ဆိုင် မြို့ကလေးက စတင် ပြီး စာသင်ကျောင်းတခုတည်ဆောက်ကာ ပညာရေးဆိုတာ တည်ဆောက်သင်ကြားခြင်းသာမက သူပုန်ထဖို့လည်းအသင့်ဖြစ်နေရမယ် ဆိုတဲ့အတွေးအခေါ်ကို သင်ကြားခဲ့သူတဦးဖြစ်ပါတယ်။ ဒါပေမဲ့ ဘက်ချာခန် မွေးဖွားကြီးပြင်းခဲ့တဲ့ ဒေသလေးဟာ လက်စားချေမှုတွေ၊ အကြမ်းဖက်မှုတွေကို အားသန်တဲ့မြို့ကလေးဖြစ်ပါတယ်။ဒါကြောင့်လည်း သူ့ရဲ့ အယူအဆတွေရှင်သန်ဖို့အတွက် အတိုက်အခံပေါင်းများစွာကို ကြုံရလေ့ရှိပါတယ်။ ဘက်ရှာခန် ကတော့ မဟ္တမ ဂန္ဒီ ရဲ့ အကြမ်းမဖက်လှုပ်ရှားမှု နဲ့ တသားတည်းဖြစ်လေ့ရှိတာကြောင့် သူ့ကို ဂန္ဒီကြီးနဲ့အတူ တွဲဘက်သိလေ့ရှိပါတယ်။၁၉၁၉ ခုနှစ်မှာ ဘက်ချာခန်ဟာ ဂန္ဒီကြီးနဲ့တွေ့အပြီးမှာတော့ ဘုရားသခင်၏အစေခံများ လို့ အမည်ရတဲ့ "ခူဒိုင်းခေတ်မက်ဂါ" ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ သူရဲ့ အဖွဲ့ဝင်တွေကို ရှပ်နီ များအဖြစ် လူသိများခဲ့ပြီး သူတို့ဟာ ပွတ်ရှတွန်သားတွေရဲ့ ပညာရေးနဲ့လူမှုရေးကို မြှင့်တင်မဲ့ လူမှုလုပ်ငန်းတွေကို စတင်ကြပါတယ်။ ဒါပေမဲ့ ၁၉၃၀ ဝန်းကျင်မှာတော့ နိုင်ငံရေးလှုပ်ရှားမှုဘက်ကို ပိုမိုဇောင်းပေးလာခဲ့ပါတယ်။ ပညာရေးလက်နက်မှ တဆင့် လူမျိုးစုတွေခွဲထွက်မဲ့အဖြစ်အပျက်ကို ရှောင်ရှားဖို့၊ ညီညွတ်သော အိန္ဒိယနိုင်ငံမှ တဆင့် ဗြိတိသျှ အစိုးရကို အာခံကြဖို့ လှုံ့ဆော်ခဲ့ကြပါတယ်။ ဘက်ချာခန်ရဲ့ စာသင်ကျောင်းဟာ သူ့ရဲ့ ရှပ်နီ လူငယ်များကို စံနစ်တကျလေ့ကျင့်သင်ကြားပေးလေ့ရှိပါတယ်။ အကြမ်းမဖက်လှုပ်ရှားမှုကို လုပ်တဲ့အခါ ဗြိတိသျှ အစိုးရက တုန့်ပြန်နိုင်တဲ့ ပစ်ခပ်ဖြိုခွဲမှုကို ဘယ်လိုရင်စီးခံကြမလဲ ဆိုတဲ့ ပြင်ဆင်မှုတွေကို ကြိုတင်တွက်ချက်လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း မဟ္တမဂန္ဒီ နဲ့ အတူ အာဏာဖီဆန်ရေးလုပ်ငန်းတွေကို တွဲဘက်လုပ်ဆောင်ကြတဲ့အခါ ဗြိတိသျှ အစိုးရဟာ ဘာချာခန်ရဲ့ ရှပ်နီတွေကို ထိတ်လန့်တကြားရင်ဆိုင်ခဲ့ရပါတယ်။ အိန္ဒိယပြည်သူတွေက ဗြိတိသျှအစိုးရအပေါ် အခွန်မပေးဆောင်ရေးသပိတ်ကို ဆင်နွဲခဲ့ကြတဲ့အခါ ဗြိတိသျှအစိုးရကလည်း ရာပေါင်းများစွာကို ပစ်ခပ်နှိပ်နှင်းသတ်ဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ရှပ်နီလူငယ်တွေဟာ နောက်ဆုတ်သွားခြင်းမရှိတဲ့အတွက် ဗြိတိသျှစစ်တပ်ရဲ့ တပ်ခွဲနှစ်ခွဲဟာ ဆက်လက်မပစ်နိုင်တော့ပဲ အံ့သြတသင့်ရပ်တန့်ခဲ့သည်အထိဖြစ်ခဲ့ရပါတယ်။အိန္ဒိယကွန်ဂယက်ဟာ ဘာချာခန်ကို ပါတီရဲ့ သမ္မတရာထူးအဖြစ်ကမ်းလှမ်းခဲ့ပေမဲ့ ဘာချာခန်ကတော့ သူဟာ သာမန်စစ်သားတယောက်သာဖြစ်တယ်။ အမှန်တရားရဲ့ အင်အားစုတွေကို ကြီးထွားအောင် လုပ်ဖို့သာ အဓိကဖြစ်တယ်၊ ကိုယ်တိုင်ဦးဆောင်တိုက်ပွဲဝင်ရမယ် ဆိုတဲ့အကြောင်းပြချက်နဲ့ငြင်းပယ်ခဲ့ပါတယ်။ တဘက်မှာတော့ ဂန္ဒီနဲ့ အိန္ဒိယ ကွန်ဂယက်ကြားမှာ သဘောထားကွဲလွဲတဲ့အခါတိုင်း ဂန္ဒီကြီးဘက်က ခိုင်မြဲစွာရပ်ခဲ့ပါတယ်။ အစ္စလာမ်ဘာသာဝင်တဦးဖြစ်တဲ့ ဘာချာခန် ရဲ့ သမိုင်းမှာ အထူးခြားဆုံးကတော့ သူဟာ ပါကစ္စတန်နိုင်ငံရဲ့ သီးခြားခွဲထောင်မှုကို အပြင်းအထန်ဆန့်ကျင်ခဲ့သူတဦးဖြစ်တယ်။ ဂန္ဒီကြီး နဲ့ အိန္ဒိယကွန်ဂယက်က ပါကစ္စတန်နိုင်ငံခွဲထွက်မှုကို သဘောတူညီတဲ့ဆုံးဖြတ်ချက်ချလိုက်တဲ့အခါမှာတော့" မင်းဟာ ငါတို့ ကို ဝံပလွေတွေရဲ့ သားရဲတွင်းထဲ ပစ်ချထားခဲ့ပြီ " လို့ ဝန်းနည်းပက်လက် မှတ်ချက်ချခဲ့ပါတယ်။တကယ်တော့ ဘာချာခန် မှတ်ချက်ချခဲ့သလိုပါပဲ။ ပါကစ္စတန်အစိုးရဟာ ဘာချာခန်ရဲ့ ရှပ်နီတွေကို နည်းပေါင်းစုံဟန့်တားနှောက်ရှက်ခဲ့၊ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ အဖွဲ့အစည်းကို ပိတ်ပင်တားဆီးသည်အထိပြုလုပ်လာခဲ့ပါတယ်။ " အင်္ဂလိပ်အစိုးရလက်အောက်မှာတုံးက ထောင်ခဏခဏ ကျခဲ့ဘူးတယ်။ ဒါပေမဲ့သူတို့လက်အောက်မှာ စိတ်ရှည်သည်းခံမှုတွေ၊ ယဉ်ကျေးမှုတွေကို တွေ့ခဲ့ရတယ်။ ဒါပေမဲ့ ဟော့ဒီ အစ္စလာမ်နိုင်ငံတခုလက်အောက်မှာ ထောင်ကျရတာကတော့ ဘာစကားမှ မပြောချင်တော့လောက်အောင်ပါပဲ လို့ မှတ်ချက်ချခဲ့ဘူးပါတယ်။ ဘာချာခန်ဟာ ဘာသာရေးအစွန်းရောက်တွေ၊ အလီဘူတို လို အာဏာရှင်ဆန်တဲ့ ပါကစ္စတန်အစိုးရကို ဝေဖန်ရှုတ်ချပြီး အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေအတွက် မနားတမ်း တိုက်ပွဲဝင်ခဲ့တဲ့အတွက် သူ့ရဲ့ မိခင်နိုင်ငံမှာ ထောင်အကြိမ်ကြိမ်ကျ၊ ပြည်ပြေးဘဝတွေကို ဖြတ်သန်းခဲ့ရပါတော့တယ်။ သောတရှင်များခင်ဗျား၁၉၈၈ ဆိုတာ ဆိုဗီယက်တွေ အာဖကန်နစ္စတန်ကို ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ ဆယ်နှစ်မြောက်ကာလပဲဖြစ်ပါတယ်။ ပါကစ္စတန် အနောက်မြောက်ဘက်က စွက် ချိုင့်ဝှမ်းဒေသဆီမှာတော့ မူဂျာဟာဒင်းလွတ်မြောက်ရေးသမားတွေ နဲ့ ဆိုဗီယက်ပြည်ထောင်စုက တပ်နီတော်ဟာ ထိပ်တိုက်ရင်ဆိုင်နေရချိန်ဖြစ်ပါတယ်။ အဲ့ဒီကာလမှာ ပါကစ္စတန်အစိုးရရဲ့ နေအိမ်အကျယ်ချုပ် ဘဝမှာနေထိုင်နေရတဲ့ ဘာချာခန်ဟာ ကွယ်လွန်သွားခဲ့ပါတယ်။ ပြည်သူတွေတင်သာမက မူဂျာဟာဒင်းလွတ်မြောက်ရေးသမားတွေနဲ့ ဆိုဗီယက်တပ်နီတော်ဟာ အာဖကန်စစ်ပွဲဆီကို အာရုံမရောက်တော့ပါဘူး။ ဘာချာခန် ကို နောက်ဆုံးဦးညွတ်အလေးပြုနေကြတဲ့ သိန်းချီနေတဲ့လူအုပ်ကြီးဆီမှာသာ အာရုံရောက်နေပါတယ်။ ဘက်နှစ်ဘက်လုံးက အပစ်အခပ်ရပ်ဆဲထားလိုက်ကြပါတယ်။ ဒီ အဖြစ်အပျက်တွေက ဆယ်စုနှစ် (၃) စုလောက်ရှိခဲ့ပါပြီ။ ဘာချာခန် ရဲ့ ဝိညာဉ်တွေက မာလာလာ လို မျိုးဆက်သစ်တွေရဲ့ ရင်ထဲအထိ ပူးကပ်လှုပ်နိုးလို့နေပါတယ်။" ကလေးတိုင်းဟာ စာအုပ်တအုပ်ရှိရမယ်။ ဘောပင်တချောင်းပိုင်ရမယ်။ ဆင်းရဲမွဲတေမှု၊ စာမတတ်မြောက်မှု၊ အကြမ်းဖက်မှုတွေကို ဂလိုဘယ်လှုပ်ရှားမှုအဖြစ် ဆန့်ကျင်ကြပါစို့" တဲ့။ ကုလသမဂ စင်မြင့်ပေါ်က အစ္စလာမ်အမျိုးသမီးငယ်လေးရဲ့ နှလုံးသားဆီက ယိုစိမ့်ပေါက်ကွဲလာတဲ့အသံတွေ သောတရှင်မြန်မာပြည်သူတွေ ခံစားနားလည်နိုင်ကြပါစေ။Credit to: Aung Moe Win