Home

Wednesday, August 14, 2013

နိုင်ငံတကာဥပဒေများနဲ့ ဖီလာဆန့်ကျင်


မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေခိုးဝင်လာပြီး လွှမ်းမိုးချယ်လှယ်မှာကို ဒီမြေမှာမွေး၊ ဒီမြေကရေကိုသောက်၊ ဒီမြေကဆန်ကိုစားပြီး၊ ဒီမြေကိုချစ်တဲ့ မြန်မာနိုင်ငံတွင်းက နိုင်ငံသားမြန်မာမုစ်လင်မ်တွေကလည်း ဘယ်နည်းနဲ့မှ သဘောမတူနိုင်သလို လက်ခံကြမှာလည်းမဟုတ်ပါဘူး။

မြန်မာပြည်တွင်းကို အနောက်တခါးကျိုးပေါက်ပြီး ဘင်္ဂလားဒေ့ရှ်က ဘင်္ဂလီတွေ တရားမ၀င် ခိုးဝင်နေတယ်ဆိုရင်လည်းနိုင်ငံသားဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေတို့နဲ့ သေသေချာချာ စိစစ်ပြီး ထိထိရောက်ရောက်ကိုင်တွယ် ဖမ်းဆီးပါ။ တားမြစ်ပိတ်ပင်ပါ။
နောက်နောင် တရားမ၀င် ခိုးဝင်မလာနိုင်အောင် ကြိုတင်ကာကွယ်တားဆီးပါ။ နိုင်ငံသားမြန်မာမုစ်လင်မ်တွေကလည်း ပူးပေါင်းပါဝင် ကူညီ ဖော်ထုတ် ပေးဖို့ ၀န်မလေးပါဘူး။
ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်က ဘင်္ဂလီတွေ တရားမ၀င် ခိုးဝင်နေတာအကြောင်းပြပြီး အမျိုးဘာသာ သာသနာ ကာကွယ်ရမယ်ဆိုကာ နိုင်ငံတွင်းမှာ တရားဝင် နေထိုင်နေတဲ့ နိုင်ငံသားမြန်မာမုစ်လင်မ်တွေရဲ့ သာသနိကအဆောက်အဦတွေ ဖျက်ဆီးတာ၊ အသက်အိုးအိမ်စည်းစိမ်ကို ရန်ရှာ၊ သတ်ဖြတ်၊ မီးရှို့၊ အကြမ်းဖက်နေတာတွေကတော့ တရားဥပဒေကို မျက်ကွယ်ပြုရာရောက်နေပါတယ်။ မင်းမဲ့စရိုက် ဆန်လွန်းနေပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကော နိုင်ငံတကာဥပဒေများနဲ့ပါ ဖီလာဆန့်ကျင်ဖြစ်နေပါတယ်။