Home

Wednesday, April 10, 2013

နိုင်ငံတော်သမ္မတ၊ လူထုခေါင်းဆောင်နှင့် ကျွန်တော်တို့၏ အနာဂတ်

သတိထားမိကြမလားတော့ မသိဘူး။ မြန်မာနိုင်ငံမှာ ထူးခြားတဲ့ သမိုင်းဝင် ဖြစ်ရပ်နှစ်ခု တိုက်တိုက်ဆိုင်ဆိုင် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေ ပါတယ်။

မြန်မာနိုင်ငံတော်သမ္မတ ဖြစ်သူက နိုင်ငံတကာကိုလှည့်လည် သွားရောက်ပြီး အာဏာရှင်ခေတ်တစ် လျှောက်လုံး မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတွေ ပျက်ယွင်းပြီး ခပ်စိမ်းစိမ်းဖြစ်နေခဲ့ပြီး လွန်ခဲ့တဲ့ ၂ နှစ် တာ ကာလအတွင်းမှာမှ ပြန်လည် အဆင်ပြေလာတဲ့ နိုင်ငံများနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေး ထူထောင်နိုင်ဖို့နဲ့
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးကို ကောင်းမွန်အောင် ပြန်လည်ထူထောင်တဲ့ လုပ်ငန်းစဉ်ကို ဆောင်ရွက်ရာမှာ ပိုမိုမြန်ဆန်ကောင်းမွန်စေဖို့ မိတ်ဘက်နိုင်ငံများ တိုးပွားလာပြီး လိုအပ်တဲ့ အကူအညီ အထောက် အပံ့များ ပိုမိုရရှိနိုင်အောင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် နေပါတယ်။ သမ္မတဟာ ဥရောပနိုင်ငံများရဲ့ ဖိတ်ကြားချက်အရ သွားရောက်လည်ပတ်ပြီး ပြန်လည် ရောက်ရှိလာတဲ့အခါ လုံးဝအနား မယူဘဲ နယူးဇီလန်နဲ့ သြစတြေးလျနိုင်ငံဆီ ချက်ချင်း ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။

အသက်အားဖြင့် ၆၀ ကျော် ၇၀ တန်းကို ရောက်ရှိနေပြီဖြစ်တဲ့ သမ္မတဟာ ပင်ပန်း နွမ်းနယ်နေတယ်ဆိုတာ အထူးပြောစရာ လိုမယ် မထင်ပါဘူး။ တိုင်းပြည်နဲ့လူထု အကျိုးစီးပွားအတွက် ကြိုးပမ်း အားထုတ်နေရခြင်းအတွက် သမ္မတဟာ ပင်ပန်းပေမယ့် လန်းဆန်း တက်ကြွနေပါတယ်။ ပင်ပန်းနေတဲ့ကြားက ပြုံးရွှင်နေတဲ့သူရဲ့ပုံရိပ်မှာ သူ့ရဲ့စေတနာက ထင်ဟပ် ပေါ်လွင်နေပါတယ်။

အာဏာရှင်ခေတ် စနစ်ဆိုးအောက်မှာ နှစ်ပေါင်းများစွာ ပြားပြားဝပ်နေခဲ့ရတဲ့ မြန်မာလူထုရဲ့ လွတ်လပ်ခွင့်၊ ငြိမ်းချမ်းခွင့် တိုးတက်ကြီးပွားခွင့် အတွက် ဘဝတစ်ခုလုံးကို မြှုပ်နှံပေးဆပ်ထားတဲ့ လူထုခေါင်းဆောင် ကတော့ သမ္မတရဲ့ နိုင်ငံခြားခရီးစဉ်များ သွားရောက်နေတဲ့ အချိန်နဲ့ တစ်ပြိုင်တည်းမှာ ပြည်တွင်းက ခက်ခဲကြီးမားတဲ့ အကျပ်အတည်းတစ်ခုကို ကြိုးစားဖြေရှင်းနေပါတယ်။

တခြားသူတစ်ယောက်သာဆိုရင် ပြေလည်အောင်ဖြေရှင်းဖို့ ခက်ခဲလှတဲ့ ပြဿနာတစ်ခုကို လူထုခေါင်းဆောင်ပီသစွာနဲ့ ရဲရဲဝံ့ဝံ့ တာဝန်ယူဖြေရှင်းနေတာ ဖြစ်ပြီး နိုင်ငံရေးလောကဓံရဲ့ အပြင်းထန်ဆုံး ရိုက်ခတ်မှုကိုလည်း ကြံ့ကြံ့ခံနေတာ အထင်အရှားမြင်တွေ့ နိုင်ပါတယ်။ နွေနေပူအောက်မှာ စိတ်ရောလူရော ပူလောင်နေပေမယ့် တိုင်းပြည်နဲ့ လူထုအတွက် အရေးကြုံနေတဲ့အတွက် ဘာကိုမှ ဂရုမထားနိုင်ဘဲ ရုန်းကန်လှုပ်ရှားနေတာ ဖြစ်ပါတယ်။ အညာဘက်ကနေ ပင်ပင်ပန်းပန်း ပြန်ရောက်လာတာနဲ့ အနားမယူဘဲ ချက်ချင်း မြန်မာ နိုင်ငံတောင်ဘက်စွန်းကို ချက်ချင်းခရီးဆက်ခဲ့တယ် ဆိုတာ ကြည့်ရုံနဲ့ လူထုခေါင်းဆောင်ရဲ့ စေတနာမေတ္တာကို အငြင်းပွားလို့ ရနိုင်မယ် မထင်ပါဘူး။ ဒီကြားထဲ ကိုယ်တိုင်က ဘာမှဝင်မကူဘဲနဲ့ စေတနာကိုတောင် မနာလိုဖြစ်ကြတဲ့ ဝေဖန်ကဲ့ရဲ့မှုတွေ၊ အတိတ်က အနစ်နာခံမှု တွေကို ချက်ချင်း မေ့လျော့ကုန်ကြပြီး စော်ကားမော်ကားပြုမူမှု တွေကိုပါ ဂရုမမူဘဲ သည်းခံခွင့်လွှတ်နေတာ တွေ့ရပါတယ်။

မျက်စိတစ်ဆုံးမကြည့်ဘဲ မျက်တောင်တစ်ဆုံးသာ ကြည့်တတ်သူတွေရဲ့ ဒေါသမာန်တွေကိုလည်း ရင်ဆိုင်နေရတာ တွေ့ရပါတယ်။
ဘာကိုမှဂရုမထားနိုင်ဘဲ ဇောနဲ့ကြိုးပမ်းနေတာ ဖြစ်ပေမယ့် သူ့ပုံရိပ်တွေကိုကြည့်ရင် အကြီးအကျယ် ပင်ပန်းနွမ်းနယ်နေတာ သိသာပါတယ်။

သမ္မတနဲ့ သက်တူရွယ်တူလောက် ရှိပြီး အသက်အရွယ်အားဖြင့် ကောင်းကောင်းအနားယူသင့်တဲ့ အရွယ်မှာ အညာနွေပူပူထဲ တောင်ကုန်းတွေပေါ် တစ်ကုန်းဆင်းတစ်ကုန်းတက် တစ်ရွာဝင်တစ်ရွာထွက် နဖူးကချွေးစက်တွေ အဝီစိအထိကျအောင် ပင်ပင်ပန်းပန်း အလုပ်လုပ်နေတဲ့ အဘွားအိုတစ်ယောက်ကို သနားစာနာညှာတာဖို့ အားလုံး သတိရနေကြမယ်လို့ မျှော်လင့်မိပါတယ်။ တခြားသူတွေကို တာဝန်ပေးရင် သူကိုယ်တိုင်ကိုယ်ကျ မဟုတ်တဲ့အတွက် အခုလောက် လွယ်လွယ်ကူကူ ပြေလည်အေးချမ်းဖို့ မဖြစ်နိုင်တာကို အမြော်အမြင် ရှိရှိ သိနားလည်တဲ့အလျောက် အသက်အရွယ်အားဖြင့်လည်း အိုမင်း နေရုံမက မိန်းမသားလည်းဖြစ်၊ လူတစ်ယောက်အတွက် တန်ဖိုးဖြတ်လို့ ဘယ်လိုမှမရနိုင်တဲ့ မိသားစုဘဝကို လုံးဝ စွန့်လွှတ်ထားခဲ့ပြီး တိုင်းပြည်နဲ့ လူထုအကျိုးစီးပွား အတွက် အသက်ကိုပါ ပေးအပ်ထားတဲ့ လူထုခေါင်းဆောင်ဟာ အခုရက်ပိုင်းအတွင်း စိတ်ရောလူပါ အကြီး အကျယ် ပင်ပန်းနွမ်းနယ်နေပြီ ဆိုတာ ကျွန်တော်တို့အားလုံး သတိ ထားမိကြမယ် ကရုဏာထားမိကြမယ်၊ စာနာမိကြမယ်လို့လည်း မျှော်လင့်မိပါတယ်။

တကယ်တော့ နိုင်ငံတော်သမ္မတနဲ့ လူထုခေါင်းဆောင်တို့ဟာ တိုင်ပင်ညှိနှိုင်း မထားဘဲ အခုလောလောဆယ် ဦးထမ်းပဲ့ထမ်း လုပ်ကိုင်ဆောင်ရွက်နေတဲ့ တိုင်းရေးပြည်ရာများဟာ သမိုင်းမှာ မော်ကွန်းတွင်ရစ်မယ့် ကိစ္စများဖြစ်ပါတယ်။ ဒီထက်ပိုပြီး ထူးခြားတာက မြန်မာနိုင်ငံမှာ ဝါးအစည်းပြေသလို ပျက်စီးဆုံးရှုံးခဲ့ရတဲ့ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်မှုကို ပြန်လည်ရရှိနိုင်ဖို့ လမ်းစပေါ်လာခြင်း ဟာလည်း အဲဒီ ခေါင်းဆောင်နှစ်ယောက် ပေါ်ထွက်လာခြင်း ကြောင့်သာ ပိုမိုအဆင်ပြေ လွယ်ကူသွားရခြင်း ဖြစ်ပါတယ်။ တပ်မတော်နဲ့ လူထုကြား ခိုင်မာနွေးထွေးတဲ့ စည်းလုံး ညီညွတ်မှုကို ပြန်လည်တည်ဆောက်နိုင်ဖို့ စစ်ဗိုလ်ချုပ်ကြီး တစ်ဖြစ်လဲ သမ္မတဟာ လူထုယုံကြည် ကိုးစားလောက်တဲ့ နိုင်ငံတည်ဆောက်သူ ခေါင်းဆောင်တစ်ယောက် ဖြစ်ကြောင်း ၂ နှစ်တာ ကာလအတွင်းမှာ အထင်အရှား ပြသနိုင်ခဲ့ပါတယ်။ အခုအခါမှာ တပ်မတော်သားများ အပါအဝင် လူထုတစ်ရပ်လုံးရဲ့ လေးစားကြည်ညိုမှုကို ရရှိခဲ့ပြီး တိုင်းပြည်ရဲ့ ဆိုးရွားခဲ့တဲ့ကံကြမ္မာကို တစ်ဆစ်ချိုး ပြောင်းလဲပစ်နိုင်ဖို့ တပ်မတော်ကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပါတယ်။

နိုင်ငံရေးအင်အားစုများအားလုံးနဲ့ လူထုတစ်ရပ်လုံးကို ဦးဆောင်ဦးရွက်ပြုကာ အာဏာရှင်စနစ် အဆုံးသတ်ပြီး ဒီမိုကရေစီစနစ် ပေါ်ထွန်းလာဖို့ ကမ္ဘာ့သမိုင်းမှာ အထင်ရှားဆုံး လူထုခေါင်းဆောင် ကိုလည်း မြန်မာနိုင်ငံနဲ့ မြန်မာလူထုက ရရှိပိုင်ဆိုင်ထားပါတယ်။ အမှန်တရားကို လုပ်ကိုင်ဖို့၊ ပြောဆိုဖို့အတွက်ဆိုရင် လူထုအကျိုးစီးပွား အတွက် ဆိုရင် အမုန်းခံ၊ အစော်ကားခံရတာကို မက ဘာကိုမှ ဂရုမထားဘဲ ရဲစွမ်းသတ္တိရှိရှိ၊ အမြော်အမြင်ရှိရှိ၊ စေတနာအပြည့်နဲ့ လက်တွေ့ ကျကျ ဆောင်ရွက်နေတဲ့ လူထုခေါင်းဆောင်ရဲ့ အခုလတ်တလော စွမ်းဆောင်ချက်တွေကနေ စစ်အုပ်ချုပ်ရေးက ဒီမိုကရေစီ အုပ်ချုပ်ရေး အသွင်ပြောင်းလဲ ပေါ်ပေါက်လာတဲ့ အစိုးရနဲ့ အတိုက်အခံ တို့အကြား နားလည်မှု၊ ယုံကြည်မှုများ တိုးပွားလာစေခဲ့ခြင်းက တိုင်းပြည်နဲ့ လူထုအတွက် အရှုံးထဲက အမြတ်လို့ ဆိုရမယ်ဖြစ်ပါတယ်။

လူထုခေါင်းဆောင်ဟာ အာဏာရှင်ခေတ်တုန်းက အစိုးရအပေါ် ဆန့်ကျင်မှုပြုခဲ့သမျှဟာ အမုန်းကြောင့် မကျေနပ်ချက်ကြောင့် မဟုတ်ဘဲ အမှန်တရားအတွက် ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ကြောင်း လက်တွေ့ပြသလိုက်သလို ဖြစ်ခဲ့ရပါတယ်။

လတ်တလော အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းရာမှာ နိုင်ငံရေးသမားအတွက် လိုအပ်တဲ့ လူထုထောက်ခံမှု ကျဆင်း သို့မဟုတ် ဆုံးရှုံးမှာကိုပင် မငဲ့ကွက်ဘဲ မှန်ရာကို ရဲရဲဆောင်ရွက် ခဲ့တာ အထင်အရှား မြင်တွေ့ရပါတယ်။ အစိုးရက အတိုက်အခံ ခေါင်းဆောင်အပေါ် နားလည်မှု ပိုမိုလာခြင်းက ဒီမိုကရေစီစနစ် ပေါ်ထွန်းဖို့ အခြေခံအကျဆုံးဖြစ်တဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ ရေးအတွက် ကြီးမားတဲ့ ရလဒ်တစ်ခုရရှိခဲ့ခြင်းလည်း ဖြစ်ပါတယ်။ သမ္မတနဲ့ လူထုခေါင်းဆောင်လို အားလုံးက လေးစားယုံကြည်တဲ့ ခေါင်းဆောင်တွေက ဦးဆောင်ပြီး ရင်ကြားစေ့မပေးဘဲ ခိုင်မာတဲ့ စည်းလုံးညီညွတ်မှုကို လုံးဝမရရှိနိုင်ဘူးဆိုတာ သတိပြုကြစေ ချင်ပါတယ်။ မညီညွတ်ဘဲ ဒီမိုကရေစီ မခိုင်မာနိုင်ပါဘူး။

လူထုဟာ ခါးသီးစက်ဆုတ်ဖွယ်ရာ ခေတ်ဆိုးစနစ်ဆိုးကြီး တွေကို ငရဲခန်းလို ဖြတ်သန်းခဲ့ကြရတာပါ။ အခုအခါ တပ်မတော်ထဲက ပေါ်ထွက်လာတဲ့ ခေါင်းဆောင်တစ်ယောက်နဲ့ လူထုရှေ့က မားမား မတ်မတ်ရပ်တည်ပြီး အာဏာရှင်များကို တွန်းလှန်ခဲ့တဲ့ လူထုခေါင်းဆောင် တစ်ယောက် ရရှိပိုင်ဆိုင်နေခြင်းကို လူထုတစ်ရပ်လုံးက အထူးတလည် တန်ဖိုးထားသင့်တယ်လို့ ယူဆပါတယ်။ လွတ်လပ်ရေးရပြီးတဲ့ အချိန်မှာ တိုင်းပြည်အတွက် ရှားပါးလှတဲ့ တန်ဖိုးရှိလှတဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်ဆုံးရှုံးခဲ့ရတဲ့ အတွက် နောက်ထပ် ခေါင်းဆောင်ကောင်းတွေ ပေါ်ပေါက်လာဖို့ အခြေအနေ မရှိခဲ့တဲ့အတွက် ဘယ်လောက်တောင် ဒုက္ခသုက္ခတွေနဲ့ ရင်ဆိုင်ခဲ့ကြရတယ် ဆိုတာ မေ့မပစ်သင့်ဘူးလို့ ယူဆမိပါတယ်။ ကျွန်တော်တို့ ဒီမိုကရေစီစနစ်ကို ထူထောင်နိုင်ဖို့ လက်ရှိအခြေအနေ အချိန်အခါမှာ ဒီခေါင်းဆောင်နှစ်ဦးမရှိရင် မဖြစ်တဲ့အနေအထားမှာ ရှိပါတယ်။ တိုင်းပြည်ကို ကောင်းမွန်အောင် တည်ဆောက်ခွင့်ကို ကျွန်တော်တို့ ဒီတစ်ကြိမ် ပြန်ဆုံးရှုံးရင် နာလံ ထူနိုင်တော့မှာ မဟုတ်ပါဘူး။

နောက်တစ်ခါ အခုလို အခြေအနေပေးဖို့ဆိုတာ လုံးဝမျှော်လင့်လို့ မရနိုင်တော့ပါဘူး။
အာဏာရှင်ခေတ်များမှာ ကျွန်တော်တို့ဟာ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးပျက်စီး ခဲ့ကြရပါတယ်။ လွတ်လပ်ခွင့် တွေလည်း ဆိတ်သုဉ်းပျောက်ကွယ် ခဲ့ကြရပါတယ်။ မြန်မာနိုင်ငံရဲ့ ဘယ်နေရာ ဘယ်ဒေသမှာပဲနေနေ၊ ဘယ်တိုင်းရင်းသားပဲဖြစ်ဖြစ်၊ ဘာအသက်မွေးဝမ်းကျောင်း အလုပ်ကိုပဲလုပ်လုပ် အားလုံး ဆုံးရှုံး နစ်နာခဲ့ကြရတာပါ။ အခုအခါမှာ ခေါင်းဆောင်ကောင်းတွေလည်း ရရှိပိုင်ဆိုင်ထားပြီး မျှော်လင့်ချက်တွေလည်း ရောင်နီသန်း လာခဲ့ပြီဖြစ်ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ၊ ကျွန်တော်တို့ လွတ်လပ်ခွင့်တွေ ပြန်လည်ရရှိပြီလို့ ပြောလို့မရသေးပါဘူး။အလွယ် တကူနဲ့ ကာလတိုကလေးအတွင်း လွတ်လပ်ခွင့်၊ တန်းတူညီမျှခွင့်၊တိုးတက်ကြီးပွားခွင့်တွေ အပြည့်အဝ ပြန်လည်ရရှိဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ကိစ္စပါ။ ရုန်းကန်ရင်ဆိုင်ကြရပါဦးမယ်။ လက်ရှိ ရှိနေတဲ့ မျိုးဆက်များဟာ မိမိတို့အခွင့်အရေးများကို ရရှိဖို့ဦးစားမပေးဘဲ သေချာတဲ့ ခိုင်မာတဲ့ အနာဂတ်တစ်ခုကို နောင်တစ်ချိန်လူလုပ်မယ့် မျိုးဆက်များအတွက် တည်ဆောက်ပေးခဲ့ဖို့ ဦးစားပေး စဉ်းစား ဆောင်ရွက်မှသာ အဓိပ္ပာယ်ရှိတဲ့ လက်တွေ့ကျတဲ့အလုပ်ဖြစ်နိုင်ပါလိမ့်မယ်။ လွတ်လပ်ခွင့်၊ တိုးတက်ကြီးပွားခွင့်နဲ့ ငြိမ်းချမ်းရေးတို့ အတွက် အာမခံချက်ရှိတဲ့ စနစ်ကောင်းကောင်းတစ်ခုကို နောက်လူ တွေအတွက် ဝိုင်းဝန်းကြိုးပမ်း တည်ဆောက်ဖို့ အနစ်နာခံကြရပါ လိမ့်မယ်။ လတ်တလော အကျိုးစီးပွားတွေကို လုပ်သင့်သလောက် လုပ်ပြီး မျက်ကွယ်ပြုသင့်သလောက် မျက်ကွယ်ပြုကြရ ပါလိမ့်မယ်။

ကျွန်တော်တို့ရှေ့က လူလုပ်သွားတဲ့ မျိုးဆက်တွေ တာဝန် မကျေခဲ့လို့၊ အမြော်အမြင်နည်းခဲ့လို့၊ နေသာသလိုနေခဲ့ကြလို့၊ ကိုယ်ကျိုးကြည့်ခဲ့ကြလို့ အခု ကျွန်တော်တို့ခေတ်မှာ ဆုတ်ယုတ် ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။ ဆုံးရှုံးနစ်နာခဲ့ရတာဖြစ်ပါတယ်။ ကျွန်တော်တို့က အမြော်အမြင်နည်းမယ်၊ အမှားတွေ ကျူးလွန်မယ်၊ ကိုယ့်အတ္တအတွက်ပဲ ကြည့်ကြမယ်ဆိုရင် အနာဂတ်မှာ လူလုပ်ကြမယ့် နောက်မျိုးဆက်သစ်တွေက ပြစ်တင်ရှုတ်ချတာ၊ ကဲ့ရဲ့အထင်သေးတာကို ကျွန်တော်တို့ အကြီးအကျယ်ခံကြရပါ လိမ့်မယ်။ လတ်တလောရရှိမယ့် အကျိုးစီးပွားကို ဦးစားပေးပြီး အမြော်အမြင်မဲ့ အဆင်ခြင်မဲ့ လုပ်ကြရင် ဒီမိုကရေစီ ဆိုတာလည်း အိပ်မက်အဖြစ်မှာပဲ ပျောက်ကွယ်သွားမှာ အသေအချာ ဖြစ်ပါတယ်။

ကံကောင်းထောက်မလို့ အကြောင်းတရားတွေ တိုက်ဆိုင်လို့ တပ်မတော်ထဲကနေ ပေါ်ပေါက်ရရှိလာတဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်နဲ့ လူထုရှေ့မှာ ဘဝတစ်ခုလုံးပေးပြီး ရပ်တည်နေတဲ့ ခေါင်းဆောင်တစ်ယောက် တစ်ပြိုင်နက်ရရှိနေတဲ့ အချိန်အခါမှာ အဲဒီ ခေါင်းဆောင်တွေရဲ့တန်ဖိုးကိုသိပြီး အခြေအနေကိုလည်း ကောင်းကောင်းသုံးသပ်မိမယ်၊ အဲဒီခေါင်းဆောင်တွေနဲ့ အတူ လူထု တစ်ရပ်လုံးက တက်ညီလက်ညီ အားသွန်ခွန်စိုက် ကြိုးစားရုန်းကန် မယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်ဟာ မကြာခင်အချိန်အတွင်းမှာ အာရှတိုက်တစ်ခုလုံးရဲ့ ရှေ့ဆုံးနေရာကို သေချာပေါက်ပြန်လည် ရောက်ရှိလာတော့မယ်ဆိုတာ ကျွန်တော်အခိုင်အမာ ပြောဝံ့ပါတယ်။

အာရှရဲ့ ထိပ်တန်းနိုင်ငံဘဝ ပြန်ရဖို့ အကြောင်းတရားတွေက များစွာရှိနေပါတယ်။ မြင်အောင်ကြည့်၊ သိအောင်လုပ်ပြီး ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ကြ စေချင်ပါတယ်။ တိုင်းပြည်ရဲ့ အခြေခံကောင်း တွေကိုလည်း တန်ဖိုးထားမယ်။ ခေါင်းဆောင်ကောင်း တွေကိုလည်း ဝန်တိုစိတ်မထားဘဲ လေးလေးစားစားတန်ဖိုးထား မယ်။ တစ်ဦးကိုတစ်ဦး၊ တစ်ဖွဲ့ကိုတစ်ဖွဲ့ သည်းခံခွင့်လွှတ် လေးစား ချစ်ခင်ကြမယ်။ အတိတ်က အမှားတွေကို ရိုးမယ်ဖွဲ့မနေဘဲ လက်ရှိ အချိန်ကို အနာဂါတ်အတွက် အထိရောက်ဆုံး အသုံးပြုပြီး ကိုယ်စွမ်း သလောက်လည်း စည်းစည်းလုံးလုံးနဲ့ တိုင်းကျိုးပြည်ကျိုး သယ်ပိုး ကြမယ်ဆိုရင် ဒီမိုကရေစီခရီးဟာ နီးသထက်နီးလာ ပါလိမ့်မယ်လို့ ပြောပါရစေ။
(ပိုက်တင်)