Home

Saturday, April 6, 2013

ဗုဒ္ဓဘာသာကြောင့်ဖြစ်တဲ့စစ်ပွဲတွေ မရှိဖူးဘူး

ရှင်တော်ဂေါတမဗုဒ္ဓရဲ့ဝါဒကတော့ လုံးဝအတ္တကင်းတဲ့ဝါဒပါ။ 
ဘာကြောင့်လဲဆိုတော့
သူ့ကိုသာလျှင် ကိုးကွယ်ရမယ်၊ ယုံကြည်ရမယ်လို့ လမ်းမညွှန်ခဲ့ဘူး။
ဒါကြောင့် သူဟာအနတ္တဝါဒီ တစ်ပါးပါ။

သူကျင့်ခဲ့တဲ့ ကျင့်စဉ်တွေအကြောင်းဟောတယ်။ သွန်သင်ဆုံးမတယ်။
သူလိုကျင့်ရင် သူလိုဖြစ်နိုင်မယ့် သတင်းပေးခဲ့တယ်။
သူနောက်ဆုံးကျင့်ခဲ့တဲ့ ကျင့်စဉ်က အလယ်အလတ်လမ်းစဉ်၊
ဒါကြောင့် သူဟာ မစ္ဇျိမပဋိပဒါ ဝါဒီ တစ်ပါးပါ။

သူက အကျိုး အပြစ်၊ အကောင်း အဆိုး၊ အမှန်အမှား ဆင်ခြင်ပိုင်းခြားနိုင်ခဲ့တယ်။
အငြိမ်းချမ်းဆုံးဘာသာတရားဖြစ်ခဲ့တယ်။ ဝေဖန်ပိုင်းခြား ဆင်ခြင်သုံးသပ်နိုင်တယ်။
ဒါကြောင့် သူဟာ ဝိဘစ္ဇဝါဒီ တစ်ပါးပါ။

ရှင်တော်ဂေါတမဗုဒ္ဓရဲ့တရားတော်တွေထဲမှာ ငြိမ်းချမ်းစွာနေနိုင်ရေးကို အလေးထားပြီး 
ဟောကြားခဲ့လို့ ကမ္ဘာမှာ ဗုဒ္ဓဘာသာကြောင့်ဖြစ်တဲ့စစ်ပွဲတွေမရှိဖူးဘူးလို့ နာမည်ကျော်ခဲ့တယ်။

အခုတော့ ကမ္ဘာ့အလည်မှာ မျက်နှာပျက်ရပြီ။
အိမ်ရှင်ဆိုတဲ့ အတ္တကြီးလွန်းနေလို့ အတ္တ၀ါဒီတွေလို့ သမုတ်ခံနေရပြီ။
လူမျိုးရေးဘာသာရေး အစွန်းရောက်လွန်းလို့ အစွန်းရောက်ဝါဒီတွေလို့ အမည်တွင်နေပြီ။ 
အတွေးအခေါ်မရှိ၊ အမြင်ကျယ်မှုမရှိ၊ ဆင်ခြင်တုံတရားမရှိလွန်းလို့ လူ့ဗာလ၊လူ့အန္မတွေလို့ အပြောခံနေရပြီ။
လူမျိုးမတူ ဘာသာခြားတွေကို နိုင်ငံတွင်းမှာ မနေလိုတဲ့အမြင်ကျဉ်းစိတ်နဲ့ 
မွေးရပ်ဒေသတွေကမောင်းထုတ်မှုတွေ၊ အသက်အိုးအိမ်စည်းစိမ်တွေကို မီးရှို့ဖျက်ဆီးနေမှုတွေ၊ 
ဒါးတ၀ံ့ဝံ့၊ ဒုတ်တ၀ံ့ဝံ့နဲ့ လူသားအချင်းချင်း အပိုင်းပိုင်းခုတ်သတ်မီးရှို့၊လက်စဖျောက်မှုတွေကြောင့်  
လူမျိုးတုန်းသတ်ဖြတ်မှုတွေလုပ်နေတဲ့ တိုင်းပြည်ရယ်လို့ သမိုင်းညစ်နွမ်းနေရပြီ။

ရှင်တော်ဂေါတမဗုဒ္ဓရဲ့မွန်မြတ်လှတဲ့ဝတ်ရုံခြုံ ခုတုံးလုပ်ပြီး၊ 
ကိုယ်တော်ဂေါတမဗုဒ္ဓရဲ့ အနတ္တလမ်းစဉ်၊ မစ္ဇျိမပဋိပဒါလမ်းစဉ်၊ ဝိဘစ္ဇလမ်းစဉ်တွေနဲ့ သွေဖီပြီး 
အသစ်တီထွင်ထားတဲ့ ၉၆၉ ၀ါဒမှိုင်းကြောင့် နေရာအနှံ့ မီးဟုန်းဟုန်းတောက်နေကြရတာ 
ရှင်တော်ဂေါတမဗုဒ္ဓရဲ့သိက္ခာတော်မြတ်ကို ထိခိုက်ပါတယ်။ 
ထေရ၀ါဒဗုဒ္ဓသာသနာတော်ကို ထိခိုက်ပါတယ်။ 
စစ်မှန်တဲ့သံဃာတော်အရှင်သူမြတ်တွေကိုထိခိုက်ပါတယ်။
နိုင်ငံတော်ရဲ့ဂုဏ်သိက္ခာညှိုးနွမ်းစေပါတယ်။

ဒါကြောင့် ဒီလုပ်ရပ်တွေရဲ့တရားခံတွေ၊ နောက်ကွယ်ကကြိုးကိုင်သူတွေကို 
အမြန်ဆုံးရှာဖွေပြီး၊ စုပေါင်းအားဖြင့် ချေမှုန်းလိုက်ကြပါစို့။
(mmw.rasu)