Home

Thursday, April 25, 2013

မဟာလူသားမြတ်တမန်တော်၏ အတုယူစရာ စံနမူနာ


လူသားတို့၏ မြင့်မြတ်မှု
အလ္လာဟ်အရှင်မြတ်ဟာအဆုံးအစမရှိတဲ့ စကြဝဠာကြီးကို ဖန်ဆင်းခဲ့တဲ့ ဖန်ဆင်းရှင်ဖြစ်ပါတယ်။ လူသားတွေ မသိတဲ့၊ မတွေ့မြင်ရတဲ့ အရာ အမြောက်အများကိုလည်း အလ္လာဟ်အရှင်မြတ်က ဖန်ဆင်းထားတယ်ဆိုဒါ ကျမ်းမြတ်ကုရ်အာန်က မီးမှောင်းထိုးပြထားပါတယ်။ဒီဖန်ဆင်းခံတွေအားလုံးအနက် လူသားဟာ အမြင့်မြတ်ဆုံး ဖြစ်ပါတယ်။ အခြားဖန်ဆင်းခံတွေနဲ့ အဓိကကွာခြားတဲ့ ထူးခြားချက်ကတော့ လူသားတွေကို စဉ်းစားဆင်ခြင်နိုင်စွမ်း
ရှိတဲ့ ဦးနှောက်အသိဉာဏ် ထည့်သွင်းပေးထားတဲ့အချက်ပဲ ဖြစ်ပါတယ်။

ကမ္ဘာဦးအစ ပထမဆုံးလူသားဖြစ်တဲ့ တမန်တော် အာဒန် (အလိုင်ဟေဝဆလာမ်) ဟာဉာဏ်ရည်အမြော်
အမြင်မင့်မားတဲ့အတွက် ဂျင်(နတ်-ဗြဟ္မာ) တွေကတောင် ဦးညွှတ်ခဲ့ကြရပါတယ်။ မြင့်မြတ်တဲ့ လူသားတွေအနေနဲ့ ဘယ်အရာကိုမဆိုဦးနှောက်နဲ့စဉ်းစား ချင့်ချိန်ကြရပါမယ်။ ကျိုးကြောင်းဆင်ခြင် သုံးသပ်ကြရမှာဖြစ်ပါတယ်။

မဟာလူသားမြတ်တမန်များ
လူသားတွေအနက် အချို့မဟာလူသားတွေကို အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင်ရွေးချယ်ပြီး ခေတ်အဆက်ဆက်မှာ လူမျိုးတိုင်းအတွက် တမန်တော်တွေအဖြစ် စေလွှတ်တော်မူခဲ့ပါတယ်။တမန်တော်တွေဟာ  လူ သားတွေကို လမ်းမှန်ကိုပြဖို့နဲ့ အကျိုးဆက်တွေကို သတိပေးဖို့ ဆိုတဲ့ အဓိကတာဝန်ကြီးနှစ်ရပ်ကို ထမ်းဆောင်ကြရပါတယ်။ ကျမ်းမြတ်ကိုရ်အာန်မှာ တမန်တော်(၂၅)ပါးကိုသာအမည်နာမတော်နဲ့တကွဖော်ပြထားပေမယ့်  လူသားတိုင်ရဲ့ ဖခင်ကြီးဖြစ်တဲ့အဒမ် (အလိုင်ဟေဝဆလာမ်) မှ တမန်တော်မြတ် မိုဟမ္မဒ်(ဆွလ္လာဟို့အလိုင်းဟေ ဝဆလာမ်) အထိ တမန်တော်ပေါင်း (၁၂၄၀၀၀)ကို အလ္လာဟ်အရှင်မြတ်ကစေလွှတ်တော်မူ ခဲ့ပါတယ်။ အစ္စလာမ်သာသနာကို အမှန်တကယ် ယုံကြည်သူ(အီမာန့်ရှင်) မှန်ရင် တမန်တော်တွေ အားလုံးကိုလည်း အကြွင်းမဲ့ ယုံကြည်ရမှာဖြစ်ပါတယ်။ ဒါကြောင့် အစ္စလာမ်သာသနာဝင်တွေအနေနဲ့ အခြားသူတွေ ကိုးကွယ်ကြတဲ့၊ ဦးထိပ်ထားကြတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တွေ၊ ဘာသာရေးဦးသျှောင်တွေကို ထိပါးစော်ကားခြင်းမပြုကြရဘူး။ စော်ကားနေကြမယ်ဆိုရင် အလ္လာဟ်အရှင်မြတ် စေလွတ်တော်မူခဲ့တဲ့တမန်တော်တွေကို ပြန်လည်စော်ကားမိသလို ဖြစ်ကောင်းဖြစ်နေလိမ့်မယ်။

ဖျက်ဆီးမှုကိုလက်မခံ
တမန်တော်မြတ်ကိုယ်တော်ကလည်းအခြားသာသနာကို မစော်ကားဖို့ တားမြစ်ခဲ့တဲ့အပြင် ဘာသာခြားတွေရဲ့ ဘာသာရေး အဆောက်အဦးတွေကို အကာအကွယ်ပေးခဲ့တဲ့ ဆောင်ရွက်မှုတွေ မြောက်များစွာ ရှိခဲ့တယ်ဆိုတာ လူသမိုင်းမှာ သက်သေ အထောက်ထားတွေ အခိုင်အမာရှိခဲ့ပြီးဖြစ်ပါတယ်။ ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို အကာအကွယ်ပေးဖို့ စာချုပ်ချုပ်ဆိုခဲ့တာ၊ဘာသာခြားများကို ၀ိုင်းပယ်ခြင်း မပြုခဲ့တာ၊ဘာသာခြားများကို မျှမျှတတ ဆက်ဆံခဲ့တာစတဲ့ လုပ်ရပ်တွေဟာ ထင်ရှားလှတဲ့ ဥပမာတွေပဲဖြစ်ပါတယ်။
 အလ္လာဟ်အရှင်မြတ်ဟာ အခြားသောတမန်တော်များကို သူတို့ခေတ်ကာလ၊သူတို့ဒေသ၊သူတို့လူမျိုးများအတွက်ဆိုတဲ့ ကန့်သတ်ချက်တွေနဲ့သာ လူ့လောကကို စေလွှတ်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် တမန်တော်မြတ်မိုဟမ္မဒ်(ဆွလ္လာဟို့အလိုင်းဟေ ဝဆလာမ်) ကိုတော့ နေရာဒေသတစ်ခု၊ခေတ်ကာလတစ်ခု၊လူမျိုးတစ်စုတည်း အတွက်သာမဟုတ်ဘဲ စကြဝဠာကြီး အေးငြိမ်း သာယာစေဖို့၊မေတ္တာတရာတွေ ထွန်းပွားစေဖို့အတွက် လူ့လောကကိုစေလွှတ်တော်မူခဲ့တာ ဖြစ်ပါတယ်။နေရာဒေသမရွေး ခေတ်ကာလတိုင်းကလူမျိုးစုံးလူသားတစ်ရပ်လုံးရဲ့ တစ်ဘ၀တစ်ခဏသာ အတွက်မက နှစ်ဘ၀နှစ်ဌာနစလုံးအတွက်ပါ နောက်ဆုံးတမန်တော်အဖြစ် စေလွှတ်ခဲ့တာပဲ ဖြစ်ပါတယ်။

တမန်တော်မြတ်ရဲ့ ကိုယ်ကျင့်တရား
အမှောင်ထုလွှမ်မိုးနေပြီး လူ့ကျင့်ဝတ်ပျက်ပြားနေတဲ့ကာလမှာ ဖွားမြင်ကြီးပြင်းတော်မူခဲ့တဲ့ တမန်တော်မြတ် မိုဟမ္မဒ် (ဆွလ္လာဟို့အလိုင်းဟေ ဝဆလာမ်) ဟာ ငယ်ရွယ်စဉ်ကတည်းက သီလသမာဓိနဲ့ပြည့်စုံတဲ့ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်ဖြစ်ခဲ့ပါတယ်။လူသားတစ်ရပ်လုံးအတွက်ဘ၀တည်ဆောက်မှုလမ်ညွှန်ကျမ်းဖြစ်တဲ့ ကျမ်းမြတ်ကိုရ်အာန်ကို တမန်တော်မြတ်ကလက်တွေ့ ရုပ်ဘ၀မှာ အကောင်အထည်ပြခဲ့ပါတယ်။တမန်တော်မြတ်ရဲ့ ဘ၀တည်ဆောက်မှု ပုံစံများအားလုံးနဲကိုယ်ကျင့်သိက္ခာဟာ မှဲ့တစ်ပေါက်စွန်းခြင်းမရှိရအောင် ထင်ရှားလှပါတယ်။ အစ္စလာမ်ဘာသာဝင်မဟုတ်တဲ့ပုဂ္ဂိုလ်တစ်ဦးကတမန်တော်မြတ်ကို “မဲမှောင်နေသော ကတ္တီပါပေါ်ကထင်ရှားထွန်းတောက်နေသောစိန်ပွင့်”လို့ တင်စားရေးသားခဲ့ပါတယ်။ တစ်ချိန်က တမန်တော်မြတ်ကို ဆန့်ကျင်ကြတဲ့ ကူရှိုက်လူမျိုးတွေဟာ အစ္စလာမ်ဘာသာဝင်တွေကို နည်းမျိုးစုံနဲ့ အန္တရာယ်ပြုခဲ့ပါတယ်။ ဒါကြောင့် တမန်တော်မြတ်ဟာ နောက်လိုက်တွေကို ခရစ်ယာန်ဘုရင်အုပ်စိုးတဲ့ အီသီယိုပီးယား နိုင်ငံကို ထွက်ပြေးတိမ်းရှောင် စေခဲ့တယ်။ ကူရှိုက်လူမျိုးတွေဟာ အီသီယိုပီးယားနိုင်ငံအထိ လိုက်သွားပြီးတော့ အစ္စလာမ်ဘာသာဝင်တွေကို သူတို့လက်ထဲအပ်နှံရန်တောင်းဆိုခဲ့တယ်။ တရားမျှတမှုရှိတဲ့ အီသီယိုပီးယားဘုရင်ဟာ နှစ်ဘက်စလုံးရဲ့ ထွက်ဆိုချက်တွေကို ဦးစွာနားထောင်ခဲ့တယ်။ တစ်ဘက်ပြောတာကိုပဲ မယုံမှတ်ခဲ့ပါဘူး။ ဒါကိုလည်း သာဓကတစ်ခုအနေနဲ့မှတ်ယူရပါမယ်။တစ်ဘက်တည်းကထွက်ဆိုချက်တွေကိုသာ အတည်ပြုယုံမှတ်မယ်ဆိုရင် မှန်ကန်တဲ့ကောက်ချက်ချနိုင်မှာမဟုတ်ပါဘူး။ စစ်ဆေးမှုတွေပြုလုပ်နေစဉ်မှာ ကူရှိုက်တွေကို “မိုဟမ္မဒ်ဆိုသူမှာ ဘာအပြစ်ရှိလဲ”လို့မေးတော့  သူတို့ရဲ့ ယုံကြည်ချက်နဲ့ ဆန့်ကျင့်ဘက်ဖြစ်တဲ့ တရားတွေကို ဟောပြောတာကလွဲရင် ကိုယ်တော့်မှာ ဘာအပြစ်မှမရှိတဲ့အပြင် ကိုယ်တော်ရဲ့ ကိုယ်ကျင့်သိက္ခာဟာ ထောက်ပြစရာမရှိဘဲ ချီးကျူးရလောက်အောင် ကောင်းမွန်ကြောင်းသူတို့က ဖြေကြားခဲ့တယ်။မျက်မြင်ကိုယ်တွေ့ တွေ့မြင်ဖူးကြတဲ့ ရန်သူတွေကတောင် ချီးကျူးရလောက်တဲ့ ကိုယ်တော်ရဲ့ကိုယ်ကျင့်တရားဟာ သမိုင်းမှာ သက်သေထူထားပြီးသားဖြစ်ပါတယ်။ ဒါကြောင့် ဖေ့စ်ဘွုတ်တွေပေါ်မှာ တမန်တော်မြတ်ကို နည်းမျိုးစုံနဲ့စော်ကားနေတာတွေကိုစိတ်ဒုက္ခခံစရာမလိုဘဲစိတ်လိုက်မာန်ပါတုန့်ပြန်ကြဖို့မလိုပါဘူး။ တချို့လူတွေက ဦးဆောင်ပြီး သိလျက်နဲ့ လုပ်ကြံဝါဒဖြန့်နေတာတွေရှိပေမယ့် နောက်လိုက်တွေကတော့ မသိနားမလည်လို့ သံယောင်လိုက်နေကြတာပါ။
ကျနော်တို့ အစ္စလာမ်သာသနာဝင်များဟာ မိမိတို့ဝန်းကျင်အေးငြိမ်းသာယာစေဖို့၊လမ်းမှား ရောက်နေကြတဲ့ မသမာသူတွေနဲ့ အဖျက်အင်းအားစုတွေရဲ့လုပ်ရပ်တွေကို ၎င်းတို့ရဲ့ လုပ်ရပ်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ မေတ္တာတရားနဲ အောင်မြင်စေဖို့ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။မည်သူမပြု မိမိမှုကြောင့် ရန်သူများရဲ့ ထောင်ချောက်ထဲကိုမ၀င်မိအောင် ကြိုးပမ်းကြ ရမှာ ဖြစ်ပါတယ်။

မေတ္တာတရား ရှေ့တန်းထား
မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်နေတဲ့အထဲမှာ half truth လို့ခေါ်တဲ့ တစ်ဝက်တစ်ပျက် မှန်ကန်တဲ့ လုပ်ကြံဝါဒဖြန့်မှု တွေကိုတော့ အထူးသတိထားရပါမယ်။ အန္တရာယ်လည်းရှိတယ်။ မှန်ကန်တဲ့အချို့အချက်လက်တွေကို ဆွဲသုံးပြီး လိုသလို ပုံသွင်းပြောဆိုနေကြပါတယ်။ လိုသလို ကောက်ချက်ချတယ်။ သတင်းအမှားတွေ၊ ကောလာဟလတွေဆိုတာ အခုမှ မဟုတ်ဘူး။ ဟိုးအရင် တမန်တော်မြတ်ခေတ်ကလည်း ရှိခဲ့တာပါပဲ။ ဥပမာအနေနဲ့ပြောရရင် တစ်ချိန်တုန်က အမေအိုတစ်ယောက်ဟာ သူ့မရဲ့နေအိမ်ထဲကပစ္စည်းတွေကို ထုတ်ယူနေခဲ့တယ်။ အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ အမေအိုကို ကူညီပေးမယ့်လူ မရှိတဲ့အတွက် သူ့ဟာသူပဲ ပစ္စည်းတွေကို သယ်ယူနေတယ်။ဒါကိုတမန်တော်မြတ်ကမြင်တွေ့တော့အမေအိုကို ဘာလုပ်နေသလဲလို့ မေးမြန်းလိုက်တယ်။ မိုဟမ္မဒ်ဆိုသူက ဆိုးသွမ်းသောင်းကျန်နေတယ်လို့ကြားတဲ့အတွက် ဒီအရပ်ဒေသမှာ မနေတော့ဘဲ အခြားဒေသကို ပြောင်းရွှေ့ဖို့ စီစဉ်နေတာလို့ အမေအိုကပြန်ဖြေပါတယ်။တမန်တော်မြတ်ဟာ အမေအိုကြီး သွားလိုရာကို ကိုယ်တိုင်ပဲ လိုက်ပို့ပေးခဲ့တယ်။ လမ်းတစ်လျှောက်လုံးမှာ အမေအိုဟာ သူကြားခဲ့တဲ့ မိုဟမ္မဒ်ဆိုတဲ့ ပုဂ္ဂိုလ်အကြောင်းကို ဖောက်သည်ချပြန်ပြောပြခဲ့တယ်။ အမေအို သွားလိုရာခရီးလမ်းဆုံး ရောက်တော့ တမန်တော်မြတ်ကို အခကြေးငွေပေးပါတယ်။ တမန်တော်မြတ်က အခကြေးငွေကြောင့်မဟုတ်ဘဲ သက်ကြီးရွယ်အို အမေအိုတစ်ယောက် အကူအညီလိုအပ်နေတာကိုတွေ့လို့ ကူညီပေးတာဖြစ်တယ် ဆိုပြီး အခကြေးငွေမယူခဲ့ပါဘူး။ဒါနဲ့ အမေအိုက သူ့ကို ကူညီပေးတဲ့လူရဲ့ နာမည်ကိုတော့ သိပါရစေလို့မေးတော့မှ တမန်တော်မြတ်ဟာ အမေအိုတစ်လမ်းလုံး လူဆိုးလို့ပြောနေခဲ့တဲ့ မိုဟမ္မဒ်ဆိုတာကျနော်ပါပဲလို့ပြန်ဖြေလိုက်တယ်။ ဒီတော့မှ အမေအိုဟာ သူကြားခဲ့တာတွေနဲ့ လက်တွေ့မတူကြောင်း သံဝေဂ ရခဲ့ပါတော့တယ်။ ဒီဥပမာကို ကြည့်ခြင်းအာဖြင့် မသမာသူများရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် ဘယ်လိုပဲ ကောလာဟလ သတင်းမှားတွေထွက်ပေါ်နေပါစေလက်တွေ့နဲ့ သက်သေပြတဲ့ခါမှာ ကောလာဟလအပုပ်ချတာတွေ ပပျောက်ပြီး အမြင်မှန်ကိုရလာကြလိမ့်မယ်ဆိုတာထင်ရှားနေပါတယ်။
တမန်တော်မြတ်ရဲ့ စိတ်နေသဘောထား မွန်မြတ်မှုနဲ့ပတ်သက်လို့ မွတ်စလင်အများသိထားကြတဲ့ ဥပမာတစ်ခုလည်းရှိပါတယ်။ တမန်တော်မြတ်ရဲ့ ဆွလာသ်ဝတ်ပြု တည်ဆောက်ဖို့အတွက်သွားရာလမ်းမှာ အမျိုးသမီး တစ်ယောက်ဟာ သူ့အိမ်ရှေ့မှာ အမှိုက်တွေနဲ့ စောင့်နေတတ်ပြီး တမန်တော်မြတ်ကို အမှိုက်တွေနဲ့ သွန်လောင်းလေ့ရှိတယ်။ နေ့စဉ်နေ့တိုင်း ကြုံတွေနေရတာကို တမန်တော်မြတ်ဟာ ဘာမှမပြောဘဲ ပြန်လည်သန့်စင်ပြီး ဆွလာသ်ဝတ်ပြုလေ့ရှိတယ်။ တစ်ရက်မှာ တမန်တော်မြတ်ဟာ အမြဲတမ်းအမှိုက်တွေနဲ့ သွန်လောင်းလေ့ရှိတဲ့ အမျိုးသမီး ထွက်လာတာမတွေ့တော့ လုပ်နေကြအလုပ်မလုပ်တဲ့ ဒီအမျိုးသမီး နေထိုင်မကောင်းဖြစ်နေလားလို့ စိုးရိမ်စိတ်နဲ့ သူမကို သွားတွေ့ပြီးမေးမြန်းခဲ့တယ်။ သည်းခံခွင့်လွတ်တဲ့အပြင် မေတ္တာ ကရုဏာထားတဲ့ တမန်တော်မြတ်ရဲ့ ဖြူစင်မှုကို အံ့အားသင့်စွာတွေ့မြင်ရပြီးတဲ့နောက်မှာ သူမဟာလည်း တမန်တော်မြတ်ကို ကြည်ညိုလေးစားသွားခဲ့တယ်။ နောက်တော့ အစ္စလာမ်သာသနာကိုပါ ယုံကြည်လက်ခံလိုက်ပါတယ်။ဒီဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် တမန်တော်မြတ်ဟာ ရန်သူကို ပင်လျှင်မေတ္တာတရားနဲ့ အောင်နိုင်ခဲ့ပါလားဆိုတဲ့ အသိတရားကို ကျနော်တို့ ရရှိကြမှာဖြစ်ပါတယ်။ ကျနော်တို့တွေဟာ ပတ်ဝန်းကျင်က လူတွေဘာပဲ ပြောပြော၊ ဘယ်လိုပဲ လုပ်လုပ် မသိနားမလည်လို့လုပ်ကြတာပါလားဆိုတဲ့ မေတ္တာတရား ရှေ့တန်းထားမယ်ဆိုရင် ကျနော်တို့ ကိုးကွယ်ယုံကြည်တဲ့ အစ္စလာမ်သာသနာရဲ့ ဖြူစင်သန့်ရှင်းမှုကိုလူတွေ သိနားလည်လာပါလိမ့်မယ်။ အလုပ်နဲ့ လက်တွေ့ပြဖို့လိုအပ်ပါတယ်။

အကောင်းသဘောနဲ့ တုံ့ပြန်
မြန်မာ့မြေပေါ်ကနေအစ္စလာမ်သာသနာဝင်တွေ ပပျောက်သွားအောင် လုပ်တဲ့ကိစ္စရပ်ကြီးဟာ တိရစ္ဆာန်ထက် ပိုမိုအောက်တန်းကျတဲ့လုပ်ရပ်ဖြစ်တယ်။ တိရစ္ဆာန်လောကမှာတောင်မှ rule of jungle လို့ခေါ်တဲ့ တောတွင်းဥပဒေသ ဆိုတာရှိပါတယ်။တိရစ္ဆာန် တွေတောင်မှ အမျိုးတစ်မျိုးကို ပျက်စီးစေဖို့ ကြံစည်သတ်ဖြတ်တာမရှိပါဘူး။ ဒါဟာ ဗုဒ္ဓဘာသာဝင်တွေလုပ်တာမဟုတ်ပါဘူး။ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာအကြားမှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခဆိုတာမဟုတ်ပါဘူး။နိုင်ငံရေး၊ စီးပွားရေးအကျိုးအမြတ်အတွက် လူတစ်စုက ရည်ရွယ်ချက်ရှိရှိ လုပ်ကိုင်နေတာပဲဖြစ်ပါတယ် ။ ဒီလုပ်ရပ်ကို နိုင်ငံတော်အစိုးရနဲ့ ဗုဒ္ဓဘာသာဝင် ဆရာသမားတွေက သိကြပါတယ်။ ဗုဒ္ဓဘာသာဝင်အများစုကလည်း ဒီလိုအကြမ်းဖက်မှုတွေကို မထောက်ခံတာတွေ ရှိပါတယ် ။  မြန်မာ့မြေပေါ်မှာ အစ္စလာမ်ဆန့်ကျင်ရေးကို ဆောင်ရွက်နေကြတဲ့အကြမ်းဖက်သူများရဲ့ လုပ်ရပ်ကြောင့် ၎င်းတို့နဲ့ကိုးကွယ်ရာဘာသာတူသူများဟာ ရှက်ဖွယ်အဖြစ်နဲ့ ခံစားနေကြရပါတယ်။ ဒီကိစ္စမျိုးကိုကိုင်တွယ်ဖြေရှင်းရာမှာ အကောင်းသဘောနဲ့ပဲ တုံ့ပြန်ရပါမယ်။  ‘ဆဘာရ်’ဆိုတာ သည်းခံခြင်းတရားဖြစ်တယ်။ တီးတိုင်းခံတဲ့ တီးခံခြင်းကို ဆိုလိုတာမဟုတ်ပါဘူး။ အစ္စလာမ်ဘာသာမှာလည်း ဖြေရှင်းတဲ့နည်းလမ်း အမျိုးမျိုးပြထားပါတယ်။ ပြန်လည်တုံ့ပြန်ဖို့လို့အပ်လာရင်လည်း သူရဲဘောကြောင်တဲ့ တုံ့ပြန်မှုမျိုး မဖြစ်ဖို့လို့ပါတယ်။ မှန်ကန်တဲ့ သတင်းအချက်အလက်တွေပေါ် မူတည်ပြီး မှန်ကန်တဲ့တုံ့ပြန်မှုမျိုးနဲ့သာ ပြန်လည်တုံ့ပြန်ကြရမှာဖြစ်ပါတယ်။
လူ့လောကမှာ တမန်တော်တစ်ပါးပွင့်တော်မူတော့မယ်ဆိုရင် ရှိုက်သွာန် မာန်နတ်က မျက်ရည်ကျရတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့အဖျက်လုပ်ငန်းကို ထိခိုက်စေလို့ဖြစ်တယ်။ ဒီလိုပဲ ကျနော်တို့တွေဟာ ဘာသာပေါင်းစုံ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူတကွ နေထိုင်ကြတယ်။ ချစ်ခင်ရင်းနှီးကြတယ်ဆိုတာကို အဖျက်သမားတွေမြင်တွေ့ပြီးသူတို့တွေ မျက်ရည်ကျသွားလောက်တဲ့ 
လုပ်ရပ်မျိုးတွေနဲ့ ပြန်လည်တုံ့ပြန်ကြရပါလိမ့်မယ်။

ပတ္တမြားစစ်ကြောင်းပြနိုင်ဖို့
အစ္စလာမ်သာသနာဟာ ငြိမ်းချမ်းကြောင်း၊ မှန်ကန်ကြောင်း တမန်တော်မြတ်ကိုယ်တော်စံနမူနာအနေနဲ့ ပြုကျင့်ခဲ့သလို ကျနော်တို့တွေ လိုက်နာကျင့်သုံးဖို့လိုအပ်ပါတယ်။ ပတ္တမြားစစ်ရင် နွံမနစ်ပါဘူး။ ပတ္တမြားဆိုတာ တိုက်လေပြောင်လေပါပဲ။ဒါပေမယ့် ပတ္တမြားစစ်ဖို့တော့လိုပါတယ်။
ပတ္တမြားစစ်ကြောင်း ပြနိုင်ဖို့အတွက် သန့်စင်မွန်မြတ်လှတဲ့ မဟာလူသားမြတ်တမန်တော်ရဲ့ ကာယကံ၊၀စီကံ၊မနောကံများကို အတုယူစရာ စံနမူနာများအဖြစ် လက်တွေ့ကျင့်သုံးကာဘ၀တည်ဆောက်မူလမ်းညွှန်ကျမ်းပါ မိန့်မာချက်များအားလုံးကို အစ္စလာမ်သာသနာဝင်များမှ ဆက်လက်အကောင်အထည်ဖော်ဆောက်ရွက်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါတယ်။   ။
Credit : Nay Sai
(အမေရိကန်နိုင်ငံကို ခေတ္တရောက်ရှိနေတဲ့မြန်မာနိုင်ငံ အစ္စလာမ့်ဓမ္မဗိမာန်ဦးဆောင်ဆော်သြရေးမှူးနှင့် ငြိမ်းချမ်းရေးဘာသာ
ပေါင်းစုံအဖွဲ့ချုပ်(မြန်မာနိုင်ငံအဖွဲ့ခွဲ)မှအမူဆောင်ဖြစ်သူဆရာကြီး ဟာဂျီဦးအေးလွင်ဟာ “မဟာလူသားမြတ်တမန် အစ္စလာမ့် ဓမ္မတရားပွဲ” ခေါင်းစဉ်နဲ့ အင်ဒီယားနား ပြည်နယ်၊ ဖို့ဝိုန်းမြို့မှာ အစ္စလာမ့်ဓမ္မငြိမ်းချမ်းရေးတရားတွေ ဟောပြောခဲ့ပါတယ်။ 
အဲ့ဒီ တရားပွဲမှာ တမန်တော်မြတ် မိုဟမ္မဒ်(ဆွလ္လာဟို့အလိုင်းဟေ၀ဆလာမ်)ရဲ့ မွန်မြတ်လှတဲ့ ရှေ့ဆောင်နည်းပြမူတွေကို တမန်တော်မြတ်ရဲ့ ဇာတိအမှန်ပကတိဖြစ်ရပ်မှန်တွေနဲ့သာဓကပြုပြီး မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ၊ ဘာသာရေး စော်ကားမှုတွေကိုနှိုင်းယှဉ်သုံးသပ် ဟောပြောသွားခဲ့တာတွေကို ဆောင်းပါးတစ်ပုဒ်အနေနဲ့အကျဉ်းချုပ်ပြန်လည်မျှဝေ
လိုက်ပါတယ်။)