ကျွန်တော်တို့တိုင်းပြည်မှာ အမျိုးသားရေးဆိုတဲ့ အင်မတန်နားထောင်လို့ကောင်းတဲ့ ခေါင်းစဉ်အောက်မှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ၊ ပြဿနာတွေ တစ်နေရာပြီး တစ်နေရာ ဆက်တိုက်ဖြစ်နေတာ တွေ့ရပါတယ်။ ပဋိပက္ခလို့ပြောနေကြပေမယ့် တစ်ကယ်တန်းပြန်ကြည့်ရင် တစ်ဖက်သတ်အကြမ်းဖက်မှုတွေဖြစ်နေတာတွေ့ရပါတယ်။ လူမျိုးမတူ ဘာသာကွဲပြားတာကို အကြောင်းပြုလို့ ခေတ်အဆက်ဆက် တစ်မြေတည်းနေတစ်ရေတည်းသောက်အတူယှဉ်
တွဲနေလာခဲ့ကြတဲ့သူတွေအချင်းချင်း ရန်လိုမုန်းတီးမှုတွေ၊ အနိုင်ကျင့်စော်ကားမှုတွေအပြင် အသက်အိုးအိမ်စည်းစိမ်ကိုပါ အန္တရာယ်ပေးလာကြတာ တွေ့ရပါတယ်။
အသက်ကိုရန်ရှာ၊ အိုးအိမ်တွေ မီးရှို့၊ ဥစ္စာပစ္စည်းတွေ မတရားသိမ်းပိုက်လာ
ကြတယ်။ ဒီမြေမှာမွေး၊ ဒီမြေမှာကြီးပြီး ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်အလုပ်လေးတွေနဲ့ နှစ်ပေါင်းများစွာ ခြိုးခြံချွေတာစုဆောင်းထားခဲ့သမျှမျက်စေ့တစ်မှိတ်အတွင်း ဆုံးရှုံးပျက်ဆီးကုန်ကြလို့ အခုတော့ ဒုက္ခသည်စခန်းတွေမှာ ရောက်နေကြပြီ။
အမျိုးသာရေးလို့ဆိုသော်လည်း လောဘ ဒေါသ မောဟတွေဖုံးလွှမ်းပြီး လူသတ် မီးရှို့စတဲ့စရိုက်ကြမ်းတွေကြောင့် အခုတော့ မီးလောင်ပြင်တွေဖြစ်လို့နေရပြီ။ မြို့ပျက်တွေလိုဖြစ်နေကြရပြီ။ မိသားစုတွေတချို့သေကွဲကွဲခဲ့ရပြီ။ တချို့ရှင်ကွဲနေကြပြီ။ အမိုးအကာမဲ့တဲ့ဟင်းလင်းပြင်မှာအလှူရှင်ကိုမျှော်လင့်ရင်းသောကတွေဗလောင်ဆူနေကြပြီ။ ရှေ့ဆက်ရမယ့် ဘ၀တွေအတွက် အပူတွေရင်မှာပိုက်ရင်း ငိုကြွေးသံတို့ ဘ၀ဂ်ညံနေကြပြီ။
လူသားဆိုတဲ့အသိ၊ လူ့ကျင့်ဝတ်၊ လူ့စည်းကမ်းဆိုတာတွေ ကန့်သတ်ဘောင်ကျော်ပြီး ကြမ်းချင်တိုင်းကြမ်း ရမ်းချင်တိုင်းရမ်းခဲ့ကြလေပြီ။ လူသားတွေအချင်းချင်းကြားမှာ ရှိသင့်တဲ့ မေတ္တာ၊ ကရုဏာ၊မုတိတာ၊ ဥပက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားတွေလည်း ခေါင်းပါးကုန်ကြပြီ။ ဗုဒ္ဒရဲ့လမ်းစဉ်နဲ့ သွေဖီခဲ့ကြလေပြီ။
အမျိုးသားရေးလို့ဆိုနိုင်ပါအုံးမလား။ ဘေးပယောဂတွေ ပူးဝင်နေကြတာလား။ လောဘကိုအခြေခံတော့ ဒေါသတွေပေါက်ကွဲ၊ အမှန်နဲ့အမှား မကွဲပြားတော့ဘဲ မောဟတွေဖုံးလွှမ်းကုန်ကြလေသလား။ ဗုဒ္ဒရဲ့လမ်းစဉ်ကိုကြောခိုင်းပြီး
အမျိုးသားရေးဆိုတာဖြစ်နိုင်ပါ့မလား။
အမျိုးသားရေးတွေ၊လူမျိုးရေးတွေထက် မိမိလက်ခံယုံကြည်ထားတဲ့ ဘာသာရေးက ပိုပြီးလေးနက်ပါတယ်။ အဓိကကျပါတယ်။ ဘာသာရေးဆိုတာ ဘယ်ဘာသာဖြစ်ဖြစ် လူသားတွေကောင်းကျိုးအတွက် ပေါ်ပေါက်လာတာပါ။ လူသားတွေကောင်းကျိုးကို ဆောင်နိုင်မှာသာ အဲဒီဘာသာတရားကို အမှန်တရားလို့ ဆိုလို့ရမှာဖြစ်ပါတယ်။ ကိုယ့်ဘာသာ၊ကိုယ့်လူမျိုးကိုတော့ ကောင်းကျိုးဆောင်မယ်။ တခြားဘာသာ တခြားလူမျိုးကိုတော့ ဆိုးကျိုးတွေပေးမယ်ဆိုရင်တော့ အမှန်တရားပျောက်ကွယ်သွားပါလိမ့်မယ်။ ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုး ကောင်းကျိုးရဖို့ တခြားဘာသာ တခြားလူမျိုးတွေကို နင်းချေ
ဖျက်ဆီးပြစ်မယ်၊ တခြားဘာသာဝင်တွေရဲ့ဘာသာရေးအဆောက်အဦးတွေ၊ ဘာသာရေးစာသင်ကျောင်းတွေကိုမီးရှို့ဖျက်ဆီးတာ၊ အသက်အိုးအိမ်စည်းစိမ်ကိုရန်ရှာတာ၊ ဥစ္စာပစ္စည်းတွေကို လောဘဇောတိုက်ပြီး မတရားသိမ်းပိုက်
တာတွေဟာ ဘာသာရေးအစစ်အမှန်လို့ ဆိုလို့မရပါဘူး။ အမျိုး ဘာသာ သာသနာ အတွက်လို့ပြောလို့မရပါဘူး။
မိမိတို့ရဲ့အမျိုး ဘာသာ သာသနာတိုးတက်စေချင်တယ်ဆိုရင် ကိုယ့်ခြံစည်းရိုး ကိုယ်လုံအောင်ကာဖို့လိုတယ်။ ကိုယ့်ခြံစည်းရိုးလုံချင်တာနဲ့ တခြားသူခြံစည်းရိုး ရိုက်ချိုးတာ ကျုးကျော်တာတွေတော့ မလုပ်သင့်ပါဘူး။ ကိုယ့်ဘာသာ ကိုယ့်လူမျိုးလည်းတိုးတက်ရမယ်၊ တခြားဘာသာ တစ်ခြားလူမျိုးတွေလည်း ငြိမ်းချမ်းရမယ်။ ဒါမှလူသားအားလုံးကောင်းကျိုးတွေခံစား ရမယ်။ လူသားအားလုံးကို ကောင်းကျိုးဆောင်ပေးနိုင်မှ ဘာသာရေး အစစ်အမှန်ဖြစ်တယ်။
ဘာသာတရားအားလုံးရဲ့အဆုံးအမတွေက ငြိမ်းချမ်းရေး၊ အကြမ်းမဖက်ရေး၊ မေတ္တာတရားထားရှိရေးတို့ကို အခြေခံပါတယ်။ လူသားအားလုံးကို ငြိမ်းချမ်းမှုတွေပေးနိုင်ရမယ်။ အကြမ်းဖက်မှုတွေကင်းဝေးစေရမယ်။ မေတ္တာတရားလွှမ်းခြုံပေးရမယ်။ လူသားအားလုံးကို လိုအပ်တာကူညီမှုပေးရမယ်။ ဘုရားရှင်ဟောတဲ့မေတ္တာ ၊ ကရုဏာမှာ အရောင်ဆိုးထားတာ၊ ကန့်သတ်ထားတွေမရှိဘူး။ ဘုရားရှင်ကိုယ်တိုင် သူတစ်ပါးကို နှိမ့်ချတာ၊ အနိုင်ကျင့်တာ၊ စော်ကားတာ၊ ချုပ်ချယ်တာမရှိဘဲ ကျင့်ကြံခဲ့လို့ ပါရမီမြောက်ကုသိုလ်တွေဖြစ်လာတာပါ။ ဒါကြောင့် ဘာသာရေး လူမျိုးရေးနဲ့ပတ်သက်ပြီး ပဋိပက္ခတွေ ၊ ပြဿနာတွေ ၊အကြမ်းဖက်မှုတွေဖြစ်တာ မိမိတို့ရဲ့ ဘာသာတရားအဆုံးအမနဲ့ လမ်းလွဲတာဖြစ်သလို ဘာသာ သာသနာ ဆုတ်ယုတ်ပျက်ဆီး

စေခြင်းရဲ့ အကြောင်းခံဖြစ်တယ်။
မိမိတို့နေထိုင်တဲ့နိုင်ငံမှာ လူမျိုး ဘာသာ အရောင်အသွေး မခွဲခြားဘဲ နိုင်ငံသားအားလုံး၊ လူသားအားလုံး ကောင်းကျိုးရှိနိုင်မယ့်
အရာတွေကို လိုက်နာပြီး၊ လူသားအားလုံး ဆိုးကျိုးဖြစ်နိုင်မယ့်အရာတွေကို မိမိအသိဥာဏ်နဲ့ဆင်ခြင်ကာ ရှောင်ကြဉ်ကြဖို့လိုပါတယ်။ ဘယ်သူဟောလို့၊ ဘယ်သူမိန့်လို့ ၊ဘယ်သူပြောလို့ဆိုတာထက် လက်တွေ့အခြေအနေမှာ ကောင်းကျိုးဆောင်နိုင် မဆောင်နိုင်၊ လိုက်နာသင့်မသင့် စဉ်းစားတွေးခေါ်ပြီး အကျိုးရှိရှိအသုံးချတတ်ဖို့ လိုပါတယ်။
ရည်ရွယ်ချက်ရှိရှိ ပဋိပက္ခဖန်တီးနေသူတွေရဲ့အစီအမံတွေ၊ အစွန်းရောက်ဖို့တွန်းပို့နေတဲ့ အဟော အပြောတွေကို သတိဝိရိယရှိရှိ ၊မျက်ခြေမပြတ်စောင့်ကြည့် ကာကွယ်ကြရမယ်။
မလိုလားအပ်တဲ့ပဋိပက္ခတွေဖြစ်လာရင်ဖန်တီးသူတွေဆင်ထားတဲ့ထောင်ချောက်ထဲတိုးမိသလိုဖြစ်မယ်။ ဖန်တီးသူတွေနောက်ကွယ်က လက်ခမောင်းခတ်နေကြမယ်။ လူမျိုးစုံ ဘာသာစုံ ရဟန်းသံဃာတော်များပါမကျန် စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ ပူးပေါင်းပြီး အသက်သွေးချွေးပေါင်းမြောက်မြားစွာရင်းနှီးရယူထားတဲ့ သွေးနုသားနု ဒီမိုကရေစီအလင်းတန်းလေး သဲထဲရေသွန်ဖြစ်သွားမှ ယူကြုံးမရဖြစ်နေကြရမယ်။ တိုင်းပြည်လည်းနစ်နာ၊ လူမျိုးလည်း ဂုဏ်သိက္ခာထိခိုက်မယ့်အဖြစ်ပါ။
အစွန်းရောက်မျိုးချစ်စိတ်၊ အစွန်းရောက်ဘာသာရေးစိတ်၊ အစွန်းရောက်အမျိုးသာရေးစိတ်တွေဟာ လူသားတိုင်းအတွက် ဒုက္ခပေးနိုင်ပါတယ်။ ဘယ်အစွန်းရောက်မှုမျိုးမှ လူသားတွေကို ကောင်းကျိုးမပေးပါဘူး။ အန္တရာယ်ကိုသာဖြစ်နိုင်ပါတယ်။
အမျိုးသားရေးဦးတည်ချက်ပေါင်းများစွာနဲ့ နှစ်ပေါင်း ၅၀ ကျော်ကျော် ကျွန်တော်တို့ ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးပါပြီ။ တိုင်းပြည်လည်းမွဲ၊ လူထုလည်း မွဲခဲ့ရပြီးပါပြီ။ ဒီသင်္ခန်းစာတွေကို နှလုံသွင်းရင်းအစွန်းရောက်မှုတွေကိုခ၀ါချလိုက်ကြပါ ။
ဘာသာတရားတိုင်းကလည်း ဘယ်အစွန်းရောက်မှုကိုမှ မချီးမွှမ်းခဲ့ပါဘူး။ မဇ္ဈိမပဋိပဋာ လမ်းစဉ်သာလျှင် လူသားကောင်းကျိုးသည်ပိုးနိုင်တာမို့ မိမိတို့ရဲ့ ဘာသာ သာသနာရောင်ဝါနဲ့ လူသားအားလုံးကို လင်းဝင်းမှု၊ အေးငြိမ်းမှုတွေ လွှမ်းခြုံပေးရင်း အေးချမ်းတည်ငြိမ်တဲ့ ကမ္ဘာ့မိသားစုအသိုက်အမြုံကို တည်ဆောက်ကြပါစို့။
မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)