Home

Friday, April 18, 2014

အမျိုးသားရေးဝါဒအတုအယောင်(သို့) အာဏာတည်မြဲရေး နောက်ဆုံးခံတပ်။

အာဏာကို ချုပ်ကိုင်ထားလိုတဲ့၊ အာဏာကို လက်မလွှတ်လိုတဲ့၊ အာဏာကို မတရားတဲ့နည်းနဲ့ သိမ်းပိုက်ထားလိုတဲ့ အာဏာရှင်အစိုးရတွေဟာ လူထုရဲ့အာရုံ သူတို့ဘက် လှည့်မလာဖို့အတွက် လူထုကို အချင်းချင်း သွေးခွဲ သပ်လျှို ရန်တိုက် ပေးထားလေ့ရှိတယ်။ လူထုကို သွေးခွဲ သပ်လျှို ရန်တိုက်ပေးဖို့အတွက် အာဏာရှင်တို့ ခေတ်အဆက်ဆက် လက်ကိုင်ထားအသုံးချလေ့ရှိတဲ့ နည်းစနစ်ကတော့ အမျိုး ဘာသာ သာသနာဆိုတဲ့ ခေါင်းစဉ်တတ်ထားတဲ့ အမျိုးသားရေးဝါဒဆိုတဲ့ လူထုသည်းခြေကြိုက် စကားလုံးပါပဲ။


လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက အမျိုးသားရေးရဲ့အဓိပ္ပာယ်ကို
'' အမျိုးသားရေးဝါဒသည် ကိုယ့်လူမျိုး နှင့် အခြားလူမျိုးများအား ချစ်မြတ်နိုးရေးကို အားပေးသမျှ ၊တစ်နည်းအားဖြင့် အခြားလူမျိုးများအား မုန်းတီးစိတ်မထားရန် အားပေးသမျှ ကျွန်တော်သည် လုံးဝ အမျိုးသားရေးဝါဒသမား တစ်ယောက် ဖြစ်ပါသည်။ အမျိုးသားရေးဝါဒသည် ကျွန်တော်တို့အား အမျိုးသားရေး တရားမျှတမှု ၊ လူမှုရေး တရားမျှတမှု တို့ကို သက်ဝင်ယုံကြည်စေလျက် ပြည်တွင်းမှာဖြစ်စေ ၊ ကမ္ဘာမှာဖြစ်စေ ၊ ဖိနှိပ်ချုပ်ချယ်သည်ဆိုသော စနစ်ကို ဆန့်ကျင်တိုက်ခိုက်ရန် တောင်းဆိုနေသမျှ ၊ ကျွန်တော်သည် လုံးဝ အမျိုးသားရေးဝါဒ သမားဖြစ်ပါသည်။ ကျွန်တော်သည် နယ်ချဲ့စနစ်ဆိုလျှင် ဗြိတိသျှနယ်ချဲ့စနစ်ကိုဖြစ်စေ ၊ ဂျပန်နယ်ချဲ့စနစ်ကိုဖြစ်စေ ၊ ဗမာနယ်ချဲ့ စနစ်ကို ဖြစ်စေ မုန်းတီးပါသည်။
ယနေ့အဖို့ ကမ္ဘာတစ်ဝှမ်းလုံးတွင် အမျိုးသားရေးဆိုသည့် စကားလုံး၏အဓိပ္ပာယ်ကို ကျဉ်းမြောင်းသည့် လူမျိုး၊ဘာသာ အစရှိသည့် ဘောင်နှင့်ခတ်ထား၍ မရတော့ပါ။''
လို့ ဖွင့်ဆိုပြခဲ့ပါသော်လည်း.........

အာဏာရှင်အစိုးရတွေကတော့ အမျိုးသားရေးဆိုတဲ့ ကြွေးကြော်သံ စကားလုံးကို အသံကောင်း ဟစ်ပြီး သူတို့အာဏာတည်မြဲဖို့အတွက် နောက်ဆုံးခံတပ်အဖြစ် အသုံးချလေ့ရှိတယ်။ လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးခွဲခြားမှုတွေဖြစ်အောင် အမုန်းမီး အာဃာတမီးမွှေး ပေးပြီး အခြေခံ လူထုလူတန်းစား အချင်းချင်းကြားမှာ ပြဿနာတွေ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကို ဖန်တီးပေးထားတတ်ကြတယ်။

အာဏာရှင်တို့ရဲ့ လက်ကိုင်ဒုတ်တွေ၊ အာဏာရှင်လက်ဝေခံတွေ၊ အမျိုးသားရေးဝါဒီ အမည်ခံ ဘာသာရေးခေါင်းဆောင်တွေ၊ လူရိုသေ ရှင်ရိုသေ အယောင်ဆောင် ပုဂ္ဂိုလ်တွေ၊ အစွန်းရောက် မျက်ကန်းမျိုးချစ်တွေ၊ အာဏာရှင်တို့ နောက်ကွယ်က ကြိုးကိုင်ချယ်လှယ်နေတဲ့ မီဒီယာတွေနဲ့ ပွဲလန့်ဖျာခင်း ချင်သူတွေက လူထုအချင်းချင်း ကြား၊ မတူညီတဲ့ လူမျိုးစုတွေကြားမှာ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားတွေ တိုးပွားလာအောင် နည်းမျိုးစုံနဲ့ စည်းရုံးသိမ်းသွင်း သွေးခွဲကြတယ်။

လူထုအတွင်းက ပညာမဲ့လူတန်းစားတွေ၊ စားဝတ်နေရေးကျပ်တည်းကြသူတွေ၊ အလုပ်လက်မဲ့တွေ၊ ရေသာခို အချောင်ရယူလိုသူတွေနဲ့ စဉ်းစားဆင်ခြင်မှုမရှိဘဲ
ပုဂ္ဂိုလ်ခင် တရားမင်သူတွေကလည်း အလွယ်တကူ ပူးပေါင်းပါဝင်လာတတ်ကြသလို ပညာတတ်လူတန်းစား၊ လူရိုသေရှင်ရိုသေ ပုဂ္ဂိုလ်များကလည်း အမှန်တရားဖက်မှာ ရပ်တည် ထုတ်ဖော်မပြောကြဘဲ အလိုတူအလိုပါ ရေငုံနှုတ်ပိတ်နေတတ်ကြတယ်။

ဒီလုပ်ရပ်တွေ အားလုံးက ဒီမိုကရေစီနဲ့ဆန့်ကျင်ဖက်တွေပါ။ ဒီမိုကရေစီရဲ့အနှစ်သာရ အဓိကကြောရိုးက လူကိုအခြေခံပါတယ်။ လူသားအချင်းချင်း အပြန်အလှန် နားလည်မှုနဲ့ လူမျိုးနွယ်စုအသီးသီးကြား အတူတကွ ပါဝင်ပတ်သက်ဆက်ဆံမှု ဖြစ်တယ်။ လူအချင်းချင်း တစ်ဦးကိုတစ်ဦး မခွဲခြားဘဲ၊ အမုန်းတွေ အာဃာတတွေ မထားဘဲ တစ်ဦးရဲ့ ဂုဏ်သိက္ခာကို တစ်ဦးက လေးစားတန်ဖိုးထားရမှာဖြစ်တယ်။ လူတိုင်းမှာ တူညီတဲ့ မွေးရာပါအခွင့်အရေးတွေရှိပါတယ်။ လူရယ်လို့ဖြစ်လာရင် လူကိုလူလိုမြင်ကြရပါမယ်။ ဒီမိုကရေစီစနစ်မှာ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ လူံခြုံခြင်းနဲ့ တန်းတူညီမျှခြင်းတွေရှိပါတယ်။ တစ်ဦးနဲ့တစ်ဦး လူမျိုးမတူလို့၊ဘာသာမတူ လို့၊ ယုံကြည်ချက်မတူလို့၊ ယဉ်ကျေးမှုမတူလို့၊ အသားအရောင်နဲ့ ဘာသာစကား စတာတွေ မတူလို့ ရန်သူလိုဆက်ဆံတာ၊ အကြမ်းဖက်တာ၊ ပြဿနာတွေ ပဋိပက္ခတွေဖန်တီးနေတယ်ဆိုတာ ဒီမိုကရေစီကျင့်စဉ်မဟုတ်ပါဘူး။ အရိုင်းဝါဒ၊ အရိုင်းစရိုက်တွေပါ။ ဒီမိုကရေစီကို အဟန့်အတားဖြစ်စေတဲ့ လုပ်ရပ်တွေပါ။ ဒီမိုကရေစီနဲ့ အလှမ်းဝေးနိုင်တဲ့ အပြုအမူတွေပါ။

အာဏာရှင်တို့ရဲ့ သက်တမ်းရှည်ဖို့ တွန်းအားတွေဖြစ်သလို အာဏာရှင်တို့ရဲ့ စိတ်ကြိုက်ဖန်တီးမှုတွေမှာ ၀ိုင်းဝန်းပုံဖော်ပေးကြတဲ့ သရုပ်ဆောင်တွေ၊ ပါဝင် အားဖြည့် ပးကြသူတွေအဖြစ် သမိုင်းတွင်ရစ်မှာဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့
ရန်သူတွေ အဖြစ်နောင်လာနောက်သားတွေက သတ်မှတ်ကြမှာဖြစ်တယ်။
ဒီမိုကရေစီ တော်လှန်ရေး မှာ ကျဆုံးသွားခဲ့တဲ့၊ အကျဉ်းကျခံဘ၀ပျက်ခဲ့တဲ့၊ ပြည်ပြေးဘ၀ရောက်ခဲ့ တဲ့သူတွေကို ကျေးစွပ်သူတွေအဖြစ် ကမ္ဗည်းထိုးခံရမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ စစ်မှန်တဲ့ ဒီမိုကရေစီကို ယုံကြည်တယ်၊ မျှော်လင့်တယ်၊ တည်ဆောက်ချင်တယ်ဆိုရင်တော့ အာဏာရှင်တို့ မီးမွှေးရန်တိုက်၊
သွေးခွဲသပ်လျှိုရေးလက်နက်အဖြစ် အသုံးချနေတဲ့ အာဏာရှင်အမျိုးသားရေးဝါဒကို ယဉ်ကျေးတဲ့၊ လူပီသတဲ့၊ ဒီမိုကရေစီကျင့်စဉ်ဖြစ်တဲ့ ဓလေ့စရိုက်တွေနဲ့ အစားထိုးပြုပြင်ပြီး ဒီမိုကရေစီနည်းကျ အသိတရားတွေ ပေါ်ထွန်းလာအောင် ၀ိုင်းဝန်းကြိုးပမ်းကြရပါမယ်။

လူမျိုးတူချင်းမို့၊ ဘာသာတူချင်းမို့ မှန်မှန် မှားမှား ထောက်ခံအားပေးတတ်တဲ့ ၀ါသနာတွေ၊ ရေငုံနှုတ်ပိတ်နေတတ်တဲ့ စိတ်ဓာတ်တွေ၊ နောက်ကွယ်က ကျေနပ်အားရနေတဲ့အကျင့်တွေ၊ ကိုယ်နဲ့မဆိုင်သလိုနေတတ်တဲ့ အပြုအမူတွေကို ရှောင်ရှားပြီး အမှန်တရားပေါ်မှာ မတရားမှုတွေကိုဆန့်ကျင်ရင်း သတ္တိရှိရှိ စည်းစည်းလုံးလုံး ရင်ဆိုင်ဖြေရှင်းကြရပါမယ်။ ဒါမှသာ အာဏာရှင်အစိုးရတွေရဲ့ သူတို့ဘက်မလှည့်အောင် ကြံစည်ထားတဲ့ အမျိုးသားရေးဝါဒ အတုအယောင် (သို့မဟုတ်) အာဏာတည်မြဲဖို့အတွက် နောက်ဆုံးခံတပ်ကို ဖြိုခွင်းနိုင်မှာ ဖြစ်ပါတော့တယ်။
_________________________________________
m y O e w y n n