ညီရင်းအကို စိတ်ဓာတ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေထိုင်ခြင်း ဆိုတာ ရေးသားရုံ၊ အာဘောင်အာရင်း သန်သန် ဟောပြောနေရုံနဲ့ မဖြစ်နိုင်ပါ။ လူ့အဖွဲ့အစည်းစိတ်ဓာတ်၊ ကမ္ဘာ့မိသားစုစိတ်ဓာတ်၊ လူသားစိတ်ဓာတ်ကို လက်တွေ့ ကျင့်သုံး အကောင်အထည်ဖော်နိုင်မှသာ စစ်မှန်တဲ့ ဒီမိုကရေစီ ဖြစ်နိုင်တယ်။
လူနဲ့လူကြားသွေးခွဲခြားမှု၊ လူမျိုး ဘာသာ အသားအရောင်ခွဲခြားမှု၊ ယဉ်ကျေးမှု ဘာသာစကား အ၀တ်အစားခွဲခြားမှု၊ ဆင်းရဲ ချမ်းသာ အဆင့်အတန်းခွဲခြားမှုစတဲ့ အနိဌာရုံဆိုးတွေကို ဖျောက်ဖျက်လိုက်ရမယ်။ ငါ့လူမျိုး၊ ငါ့ဘာသာ၊ ငါ့ယဉ်ကျေးမှုသာ အမှန်ဆိုတဲ့ အတ္တစွဲ၊ မျက်ကန်းမျိုးချစ်ဝါဒမှိုင်းတွေ ကင်းစင်မှ လူအချင်းချင်းကြားမှာ လူ့အဖွဲ့အစည်းစိတ်ဓာတ်၊ ကမ္ဘာ့မိသားစုစိတ်ဓာတ်၊ လူသားစိတ်ဓာတ်နဲ့ သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် အမှန်တကယ်ထွန်းကားလာမှာပါ။ သို့မှသာ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။
လူ့အရည်အသွေးကောင်းခြင်း ဆိုးခြင်း၊ အကျင့်သီလကောင်းခြင်း ဆိုးခြင်း ၊ ယဉ်ကျေးမှုရှိခြင်း မရှိခြင်း၊ သဘောထားကြီးခြင်း မကြီးခြင်း၊ အမြှော်အမြင်ရှိခြင်း မရှိခြင်းတို့ကသာ ဒီမိုကရေစီအတွက် အဆုံးအဖြတ်ဖြစ်သလို လူထုက သေသေ ချာချာ စဉ်းစားတတ်ရမယ်။ သဘောထားကြီးရမယ်၊ အမြင်ကျယ်ရမယ်။ ရေရှည်အမြင်ရှိရမယ်။ ဒီမိုကရေစီစနစ်မှာ လူလူချင်းကြား စံထားဂုဏ်တင် ကျင့်ကြံရမယ့်ကိစ္စတွေဟာ ယုံကြည်ချက်၊ အသိပညာ၊ ဗဟုသုတ၊ အလိမ္မာ၊ ကိုယ်ချင်းစာတရား၊ ချစ်ခြင်းမေတ္တာနဲ့ မြင့်မြတ်တဲ့ အကျင့်သီလတွေသာဖြစ်တယ်။
စစ်မှန်တဲ့ဒီမိုကရေစီကို ယုံကြည်တယ်၊ မြတ်နိုးတယ်၊ တန်ဖိုးထားတယ်၊ လေးစားတယ်ဆိုရင် လိုက်နာကျင့်ကြံသင့်တာကတော့ လူ့ဂုဏ်သိက္ခာကို လေးစား တန်ဖိုးထားရမယ်။ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ နေရာဒေသ၊ နိုင်ငံ၊ အသားအရောင်၊ ယောင်္ကျား၊ မိန်းမ စသည်ဖြင့် အပေါ်ယံအသွင်သဏ္ဌာန်အားဖြင့် ဘယ်လောက်ပဲ ကွဲပြားခြားနား နေပါစေ၊ လူသားအားလုံးကို တန်းတူရည်တူ တန်ဘိုးထားပြီး ကရုဏာထား မေတ္တာပွါးရမယ်။ ဘယ်သူမဆို လူရယ်လို့ဖြစ်လာရင် လူမျိုးဘာသာ မခွဲဘဲ အမှန်တရားဘက်က ရပ်တည် ကာကွယ်ပေးရပါမယ်။ ဘယ်ဘာသာ၊ ဘယ်လူမျိုးပဲ ဖြစ်နေပါစေ၊ နိုင်ငံသားတိုင်း ရသင့်တဲ့ အခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေ တန်းတူညီမျှ ခံစားခွင့်ရှိရမယ်ဆိုတဲ့အသိ လူတိုင်းမှာ ရှိနေရမယ်၊ ကိုယ့် အခွင့်အရေးကို တစ်ပါးသူက လေးစားဖို့အတွက် တစ်ပါးသူရဲ့ အခွင့်အရေး ကိုလည်း ကိုယ်က လေးစားတတ်ခြင်းဆိုတာ အဓိကအရေးကြီးဆုံးဖြစ်ပါတယ်။
အုပ်ချုပ်တဲ့သူတွေရဲ့တာဝန်ကလည်း
ဒီမိုကရေစီဆိုတာ ကျင့်စဉ်တစ်ရပ်ပါ။ လူနည်းစုကို လူများစုက ဖိနှိပ်စော်ကားနိုင်တဲ့ အခွင့်အရေး ဒီမိုကရေစီစနစ်မှာမရှိဘူး။ အင်အားကြီးသူက အင်အားနည်းသူကို ရိုင်းပြစော်ကားဖို့၊ အနိုင်ကျင့်ဖို့၊ အကြမ်းဖက်ဖို့၊ ခွဲခြားဆက်ဆံဖို့ ဒီမိုကရေစီစနစ်က လမ်းညွှန်ထားတာမရှိသလို၊ ဘယ်ဘာသာတရားကမှလည်း မသွန်သင်ထားပါဘူး။ ဒီမိုကရေစီဆိုတာ ဥပဒေမဲ့ ဗရမ်းဗတာ လက်လွတ်စပယ် လူမျိုးရေးခွဲခြားပြီး ဘာသာရေးစော်ကားမှုတွေလုပ်၊ လူသတ်၊ မီးရှို့ဖို့ မဟုတ်ဘူး။ မိမိတို့က လူများစုတွေမို့ တခြားဘာသာဝင် လူနည်းစုတွေကို အုပ်စုဖွဲ့ပြီး နှိပ်ကွပ်လိုက်မယ်၊ အနိုင်ကျင့်လိုက်မယ်၊ နေရပ်မှာ မနေနိုင်အောင် မောင်းထုတ်လိုက်မယ်၊ စီးပွားပျက်ပြီး ရပ်တည်လို့မရအောင် လုပ်လိုက်မယ်ဆိုတဲ့ စိတ်မျိုးထားနေကြမယ် ဆိုရင်တော့ အမုန်းသံသရာ ရှည်ပြီး ငြိမ်းချမ်းမှုနဲ့ ဝေးသည်ထက် ဝေးကြရပါလိမ့်မယ်။ တိုင်းပြည်တည်ငြိမ်မှုနဲ့လည်း ဝေးကြရပါလိမ့်မယ်။
ဒီလိုအခြေအနေမျိုးတွေဖြစ်လာပြီ ဆိုရင်တော့ ဒီမိုကရေစီဖော်ဆောင်ဖို့လည်း အလှမ်းကွာဝေးပြီး အာဏာကို လက်မလွှတ်တမ်း ဆုတ်ကိုင်ထားလိုသူတွေ၊ နောက်ကြောင်းမျှော်တွေ၊ နိုင်ငံတွင်းက ဖဲ့ထွက်လိုသူတွေနဲ့ တောကြောင်တွေ လက်ခမောင်း ထခတ်လိမ့်မယ် ဆိုတာတင်ပြရင်း၊ လူမျိုး ဘာသာမခွဲခြား တန်းတူညီမျှ ချစ်ကြည်ရင်းနှီးစွာ အေးအေးချမ်းချမ်းနေထိုင်နိုင်ပြ
______________________________
m y O e w y n n _ 1 0 . 0 4 . 2 0 1 4