Home

Friday, April 18, 2014

နိုင်ငံရေးကို ဘာသာရေးနဲ့ တွဲရောင်းတဲ့ဈေးကွက် ဖော်ဆောင်နေတာ။

နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသင့်ပါတယ်။ နိုင်ငံရေးမှာ အမြတ်ထုတ်လိုတာနဲ့ လူမျိုးရေး၊ ဘာသာရေးကို ခုတုံးလုပ် အမြတ်ထုတ်ဖို့ကြိုးစားနေတာ အင်မတန်သိက္ခာမဲ့တဲ့ နိုင်ငံရေးသမားတွေရဲ့ အတွေးအခေါ်နဲ့ လုပ်ရပ်ပါ။ နိုင်ငံရေးကို ဘာသာရေးနဲ့ တွဲရောင်းတဲ့ဈေးကွက် ဖော်ဆောင်နေတာတိုးတက်နေတဲ့ကမ္ဘာကြီးနဲ့ ဆန့်ကျင်ပြီး ခေတ်နောက်ပြန်ဆွဲချင်တဲ့ လူညံ့လူဖျင်းတွေ၊ အာဏာကို မသမာတဲ့နည်းလမ်းနဲ့ လက်မလွှတ်တမ်း ဆုတ်ကိုင်ထားချင်သူတွေရဲ့ အယူအဆဟောင်းတစ်ရပ်ပါ။
နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ လူမျိုးရေး ဘာသာရေးမှိုင်းတိုက်ပြီး အမြတ်ထုတ်မယ်ဆိုရင် နိုင်ငံတွင်းမှာ အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေနဲ့ နိုင်ငံတွင်းမတည်ငြိမ်မှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

လူမျိုးရေး၊ ဘာသာရေးမီး တောက်လောင်ကျယ်ပြန့်လာရင် တိုင်းပြည်လည်းသိက္ခာကျ၊
ဘာသာလည်း သိက္ခာကျရုံသာမက၊ အင်မတန် ဆိုးဝါးလှတဲ့ အဓိကရုဏ်းကြီးတွေ ဖြစ်တတ်ပါတယ်။
လူမျိုးရေး၊ ဘာသာရေးမီးဟာ ကူးစက်ပြန့်ပွားတာလွယ်သလောက် ငြိမ်းသတ်ဖို့ခက်ခဲပါတယ်။ သားစဉ်မြေးဆက် သန္ဓေတည်သွားနိုင်တဲ့ အန္တရာယ် အမုန်းမီးကိုဖြစ်စေပါတယ်။ တိုင်းပြည်အတွက်လည်း နစ်နာ၊ လူထုအတွက်လည်း အကျိုးမဖြစ်နိုင်တဲ့ ရလဒ်ဆိုးနဲ့ ရင်ဆိုင် ရနိုင်ပါတယ်။

လူမျိုးရေး၊ ဘာသာရေးဝါဒမှိုင်းဟာ အလွန်ထိလွယ်ရှလွယ်ပြီး၊ သွေးခွဲသပ်လျှိုလို့ အကောင်းဆုံးလက်နက်တစ်ခုပါ။ ဒါကြောင့်လည်း ကိုယ်ကျိုးရှာနိုင်ငံရေးသမားတွေနဲ့ အာဏာရှင်ခေါင်းဆောင်တွေဟာ ဒီနည်းလမ်းကို လက်စွဲထားကျင့်သုံးကြပါတယ်။
အာဏာရှင်တွေက သူတို့ရဲ့အာဏာတည်မြဲဖို့၊ အာဏာကိုလက်မလွှတ်ရဖို့အတွက်ဆိုရင် တိုင်းပြည်အကျိုး၊ ဘာသာအကျိုး၊ လူမျိုးမျက်နှာမထောက်ဘဲ အတိုက်အခံအင်အားစုမှန်သမျှကို သွေးခွဲဖို့၊ ဒီမိုကရေစီကို ဗရမ်းဗတာလို့ လူထုကမြင်လာစေဖို့ နိုင်ငံသားအချင်းချင်း သွေးခွဲသပ်လျှိုပြီး တိုင်းပြည်တည်ငြိမ်မှုပျက်ပြားအောင် အကြမ်းဖက်မှုတွေ ဖန်တီးနေတာသာဖြစ်တယ်။

အာဏာရှင်တွေဟာ မိမိလူမျိုးကိုချစ်လို့၊ မိမိ ဘာသာတရားကိုလေးစားတန်ဖိုးထားလို့မဟုတ်ဘဲ၊ လူထုသည်းခြေကြိုက်စကားလုံးတွေဖြစ်တဲ့ အမျိုး ဘာသာ သာသနာတို့၊ အမျိုးသားရေးတို့၊ မျိုးစောင့်ဥပဒေတို့ဆိုတဲ့စကားလုံးတွေကို လူပြိန်းကြိုက် တွင်တွင်သုံး ၀ါဒဖြန့်နေပေမယ့် တကယ့်လက်တွေ့မှာတော့ မိမိနိုင်ငံသားတွေ၊ မိမိလူမျိုးတွေ နေထိုင်ရာဒေသတွေကနေ အတင်းအဓမ္မမောင်းထုတ်နေတာ၊နေအိမ်တွေကို ဘူဒိုဇာထိုးဖျက်ဆီးနေတာ၊ သမီးကလေးကျေးရွာသားတွေကိုကယ်တင်ထားတဲ့ အောင်သိဒ္ဓိဘုန်တော်ကြီးကျောင်းကို ဖျက်ဆီးတာ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းက ဘုန်းကြီးကျောင်း ၂၄ကျောင်းကို ကျူးကျော်ဆိုပြီးဖျက်ပြီး ဘုန်းကြီးတွေကို ထောင်၆လချတာ၊ တရားလာ မရင်ဆိုင်တဲ့ ဘုန်းကြီး တွေကိုဝရမ်းပြေးလို့သတ်မှတ်တာ၊ သာသနာ့အောင်လံကျောင်း၊ ဓမ္မရက္ခိတကျောင်း၊ ဗုဒ္ဓရတနာကျောင်းတွေက ကျောင်းထိုင်ဘုန်းကြီး သုံးပါးကို လူဝတ်လဲပြီး ထောင်ဒဏ်ခြောက်လ သတ်မှတ်ခဲ့တာ၊ ဆရာတော်တွေကို စာမတတ်၊ ပေမတတ်လို့ ဖော်ပြနေတာ၊ ရွှေဝါရောင် တော်လှန်ရေးမှာ၊ လက်ပံတောင်းတောင် သပိတ်ဖြိုခွင်းရေးမှာ သံဃာတော်တို့အား ငရဲမကြောက်၊ သံသရာမကြောက် နှိပ်ကွပ်ခဲ့တာက အာဏာရှင်တို့ရဲ့ စိတ်ရင်းသဏ္ဍာန် အမှန်ပါ။
လယ်တီဆရာတော်ကြီးရဲ့ သမိုင်းဝင်သိမ်ကို မြေလှန်ဖျက်ဆီးနေတာ၊ ပီနန်ဆရာတော်ကြီးကို ကျောင်းတိုက်မှ ဖယ်ရှားပေးဖို့ ၀ရမ်းထုတ်တာ၊ ခေတ်အဆက်ဆက် သီတင်းသုံးနေထိုင်နေတဲ့ သံဃာတော်တွေရဲ့ကျောင်းတိုက်တွေကို ဆွေမျိုးပေါက်ဖော်တွေနဲ့ အာဏာရှင်မိသားစုဝင်တွေ
အကျိုးအတွက် ဖယ်ရှားနေတာတွေဟာ ဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်နေ တာလားဆိုတာ သံသယဖြစ်စရာပါ။

ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်း အနောက်ဖက်က လူလတ်ပိုင်း အလုပ်လက်မဲ့တွေကို သင်္ကန်းခြုံပေးပြီး အနယ်နယ်အရပ်ရပ်မှာ ဘုန်းကြီးကျောင်းတွေဆောက်လုပ်ပေးတယ်။ ပြီးတော့ အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခဖြစ်စဉ်တိုင်းမှာ အသုံးချနေတာဟာ ဗုဒ္ဓဘာသာနဲ့ သံဃာတော် အစစ်အမှန်တွေရဲ့ ပုံရိပ်ကို ညစ်နွမ်းအောင်ဖန်တီးပြီး စစ်မှန်တဲ့သံဃာတွေကို လူထုက အမြင်လွဲအောင်၊ စစ်မှန်တဲ့သံဃာတော်တွေနဲ့ လူထုကိုသွေးကွဲအောင်ဖန်တီးတယ်။
တစ်ဖက်မှာလည်း ဘာသာခြားတွေရဲ့ အထွဋ်အမြတ်ထားရာ ၀တ်ကျောင်းတော်တွေ၊ မိဘမဲ့ခလေးတွေရဲ့ စာသင်ကျောင်းတွေနဲ့ နေအိမ်တွေကိုဖျက်ဆီး၊ ဥစ္စာပစ္စည်းတွေကို လုယက်၊ လူသတ် မီးရှို့စတဲ့လုပ်ရပ်တွေမှာလည်း သင်္ကန်းခြုံပေးထားတဲ့ အနောက်သား အကြမ်းဖက်
သမားတွေကို အသုံးချပြီး ဘာသာရေးအသွင်ဆောင်အောင်၊ ဘာသာရေးပဋိပက္ခတွေ မဖြစ်ဖြစ်အောင် စီစဉ်ဖန်တီးနေတာပဲ မဟုတ်ပါလား။

ဖေ့စ်ဘွတ်ခ်လို အင်တာနက်စာမျက်နှာတွေပေါ်မှာလည်း သံဃာတော်အမည်သုံးထားပြီး သံဃာတော်အယောင်ဆောင်တွေ၊ဗမာလူမျိုးအမည်ခံထားပေမယ့် ဗမာ မဟုတ်တဲ့သူတွေ၊ မွတ်စလင်မ် အမည်သုံးထားပြီး မွတ်စလင်မ် အယောင်ဆောင်တွေက လူမျိုးရေး ဘာသာရေး
အမုန်းမီးပွားအောင် လှုံ့ဆော်နေကြသလို၊ လူထုခေါင်းဆောင်ကိုလည်း အမျိုးမျိုး စော်ကား နာမည်ဖျက် သမိုင်းသေအောင် ဖန်တီးနေကြတာတွေ အများစုဟာ အာဏာရှင်တွေ၊ အာဏာကို မသမာတဲ့ အောက်လမ်းနည်းနဲ့ ချုပ်ကိုင်ထားလိုသူတွေ၊ နိုင်ငံရဲ့စီးပွားရေးကို မိသားစုပိုင်အဖြစ် လက်ဝါးကြီးအုပ်လိုသူတွေ၊ အာဏာရှင်တွေရဲ့ လက်ဝေခံဒေါက်တိုင်တွေနဲ့ တိုင်းပြည်ထဲက
ဖဲ့ထွက်ပြီး တရုပ်သြဇာခံ အဖနိုင်ငံတော်ထူထောင်လိုသူတွေသာဖြစ်တယ်။

ဒါတွေ အားလုံးက အာဏာရှင်သက်တမ်းရှည်ဖို့ အတွက် အမျိုး ဘာသာ သာသနာကိုခုတုံးလုပ်ပြီး ရက်ရက်စက်စက် ယုတ်မာမှုတွေပဲဆိုတာ အသိ သတိနဲ့ယှဉ်ပြီး မြင်အောင်ကြည့်တတ်ကြဖို့လိုသလိုဒီမိုကရေစီကိုမြတ်နိုးတဲ့၊ ယုံကြည်တဲ့၊ တန်ဖိုးထားတဲ့၊ မျှော်လင့်တဲ့ နိုင်ငံသားတိုင်း လူမျိုး ဘာသာ မခွဲခြားဘဲ စည်းလုံးညီညွတ်စွာ အာဏာရှင်နဲ့ အာဏာရှင်စနစ်ဆိုးကို ပူးပေါင်း တွန်းလှန်ကြပါစို့။
_________________________________________
m y O e w y n n