Home

Sunday, April 13, 2014

လူထုအားလုံး တစ်သားတည်းဖြစ်ဖို့ အရေးတကြီးလိုအပ်ပါတယ်။

အာဏာရှင်တွေ၊ နိုင်ငံရေးအမြတ်ထုတ်ချင်သူတွေနဲ့ ပုဂ္ဂိုလ်ရေး ကျော်ကြားချင်သူတွေဟာ နိုင်ငံရေးလှုပ်ရှားမှုတွေကို များသောအားဖြင့် အမျိုးသားရေးနဲ့ ဘာသာရေးကို ခုတုံးလုပ်ပြီး မိမိတို့ ကိုယ်ကျိုးအတွက် အသုံးချကြတာတွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ 

အမျိုးသားရေးနဲ့ ဘာသာရေးကိစ္စတွေဟာ ထိလွယ်ရှလွယ်တာမို့ ခုတုံးလုပ် သွေးခွဲသပ်လျှိုတဲ့ နည်းလမ်းကို အသုံးချရတာ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး လက်နက်တစ်ခုဖြစ်လို့ပါပဲ။
လူထုကို အမျိုးသားရေး၊ ဘာသာရေးနဲ့ ၀ါဒမှိုင်းတိုက်ရင် လူထုကလည်း သွေးဆူလွယ်ပြီး မျိုးချစ်စိတ် ပြင်းထန်လွန်ကဲကြတော့ လှုံ့ဆော် ရန်တိုက် သွေးခွဲရတာ လွယ်ကူတယ်။ ဒါကြောင့် လူမျိုးကြီးဝါဒီတွေနဲ့ အာဏာရှင်တို့ရဲ့ အကျိုးစီးပွားနဲ့ အုပ်ချုပ်ရေး ယန္တရားဆက်လက်
တည်မြဲအောင် မဟာဗျူဟာမြောက် နည်းစနစ်အဖြစ် ဒီနည်းကိုသုံးလေ့ရှိတယ်။

လူထုက အမျိုးသားရေး၊ ဘာသာရေးဆိုတဲ့ အသံကြားလိုက်တာနဲ့ မျက်စေ့စုံမှိတ်ပြီး ဦးစားပေးကြမယ်ဆိုရင် အာဏာရှင်တွေ၊ နိုင်ငံရေးအမြတ်ထုတ်ချင်သူတွေနဲ့ ပုဂ္ဂိုလ်ရေးကျော်ကြားချင်သူတွေရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေမှာ အမျိုးသားရေး၊ ဘာသာရေးကို ခုတုံးလုပ်ပြီး အသုံးချရတာ လွယ်ကူအောင် ပံ့ပိုးပေးသလို ဖြစ်နိုင်ပါတယ်။

နောက်တစ်ချက်က အမျိုးသားရေး၊ ဘာသာရေးကိုခုတုံးလုပ် မှိုင်းတိုက်နေတဲ့ အစွန်းရောက်အယူဝါဒီတွေကို တိုင်းပြည်တွင်းမှာရှိတဲ့ လူများစုတွေက မိမိတို့နဲ့ လူမျိုး၊ဘာသာတူတာအကြောင်းပြုပြီး မသိသလို နှုတ်ပိတ် တိတ်ဆိတ်နေခြင်းကလည်း အစွန်းရောက် အမျိုးသားရေးဝါဒကို ခေါင်းထောင်လာစေပါတယ်။
လူနည်းစုတွေအပေါ် အကြမ်းဖက်မှုတွေကို တိုးပွားစေပြီး တိုင်းပြည်ရဲ့တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေပါတယ်။ တိုင်းပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားလူနည်းစုတွေနဲ့ မတူကွဲပြားလူမျိုးစု လူနည်းစုတွေရဲ့ ခါးသီးစွာ အကြမ်းဖက် ဖိနှိပ်ခံနေရမှုတွေကို စာနာမှု ကင်းမဲ့ရာ ရောက်ပါတယ်။
တိုင်းပြည်တွင်းမှာ တည်ငြိမ်မှု ပျက်ပြားနေတာ၊ ငြိမ်းချမ်းမှု ပျောက်ဆုံးနေတာ၊ အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေ ထူပြောနေတာတွေဟာ နိုင်ငံသားအားလုံးအတွက် အဖက်ဖက်က ထိခိုက်နစ်နာစေရုံသာမက စည်းလုံးမှု၊ ညီညွတ်မှုကိုလည်း ပျက်ပြားစေပါတယ်။

ယခုအချိန်ဟာ လူထုကလိုလားပြီး လူထုအကျိုးဖော်ဆောင်မယ့်၊ လူထုကိုယ်စားပြုခေါင်းဆောင် အုပ်ချုပ်တဲ့ ဒီမိုကရေစီစနစ်ဆီ ပြောင်းလဲ ဖော်ဆောင်ဖို့ ကြိုးစားနေတဲ့အချိန်၊ ခြေဥပြင်ဖို့တောင်းဆိုနေတဲ့အချိန်၊ တိုင်းပြည်ရဲ့အကျိုးစီးပွားတွေ တိုင်းတစ်ပါး လက်အောက်မရောက်ဖို့ ကြိုးပမ်းနေတဲ့အချိန်၊ ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်
လာနေချိန်ဖြစ်တဲ့အတွက် လုံးဝအတိမ်းအစောင်းမခံနိုင်တဲ့ အခြေအနေတွေဖြစ်ပါတယ်။
ဒီအချိန်မှာ ရည်ရွယ်ချက်၊ ဦးတည်ချက်နဲ့ ပန်းတိုင်ကို အရောက်လှမ်းဖို့အတွက် နိုင်ငံသားအားလုံး၊ လူထုအားလုံး တစ်သားတည်းဖြစ်ဖို့ အရေးတကြီးလိုအပ်ပါတယ်။

နိုင်ငံသားအားလုံးက အာဏာရှင်တွေ၊ နိုင်ငံရေးအမြတ်ထုတ်ချင်သူတွေနဲ့ ပုဂ္ဂိုလ်ရေး ကျော်ကြားချင်သူတွေရဲ့နိုင်ငံရေးလှည့်ကွက်ဖြစ်တဲ့ အမျိုးသားရေး၊ ဘာသာရေးဝါဒမှိုင်းမှာ အငိုက်မိမနေကြဘဲ၊ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ အယူအဆတွေဖျောက်ပြီး စည်းလုံးညီညွတ်ကြမှသာ မသမာတဲ့နည်းနဲ့ နိုင်ငံရေးအမြတ်ထုတ်ချင်သူတွေကို အောင်နိုင်မှာဖြစ်ပါတယ်။
_________________________________________
m y O e w y n n _ 0 9 . 0 4 . 2 0 1 4