Home

Sunday, February 17, 2013

ဒီမိုကရေစီကိုမျှော်လင့်ခြင်း

လူသားတိုင်း လူသားတိုင်းမှာ မျှော်လင့်ခြင်းဆိုတာ ရှိတယ်။ အုပ်ချုပ်သူဖြစ်စေ၊ အုပ်ချုပ်ခံဖြစ်စေ၊
သူဌေးဖြစ်စေ၊ဆင်းရဲသားဖြစ်စေ၊အလုပ်ရှင်ဖြစ်စေ၊အလုပ်သမားဖြစ်စေ၊လူဖြူဖြစ်စေ၊လူမဲဖြစ်စေ၊
မြို့သားဖြစ်စေ၊တောသားဖြစ်စေ၊ မျှော်လင့်ခြင်းဆိုတာရှိတယ်။
ဘယ်ဘာသာကိုးကွယ်ကိုးကွယ်၊ဘယ်ယုံကြည်ချက်ရှိရှိ၊ဘယ်နိုင်ငံ ဘယ်ဒေသမှာပဲနေနေ

မျှော်လင့်ခြင်းဆိုတာရှိတယ်။ 
လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတာပါ။ ကျွန်တော်ပြောချင်တဲ့ မျှော်လင့်ချက်ဆိုတာကလည်း 
တိုင်းပြည်အုပ်ချုပ်ဖို့၊ ခေါင်းဆောင်လုပ်ဖို့၊အာဏာရဖို့၊ ချမ်းသာဖို့၊ တိုက်ဆောက်ဖို့၊ ကားစီးဖို့ မဟုတ်ပါဘူး။
တိုင်းပြည်အေးချမ်းဖို့၊ မတူကွဲပြားမှုတွေအပေါ်မှာနားလည်ခွင့်လွှတ်နိုင်ဖို့၊ ပဋိပက္ခတွေ၊ပြည်တွင်းစစ်တွေ
ချုပ်ငြိမ်းဖို့၊အခြေခံလူတန်းစားတို့၏ဘဝတွေ အခြေခိုင်ပြီး စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ မျှော်လင့်တာပါ။
စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ဆိုရင် အုပ်ချုပ်ရေးအဖွဲ့တစ်ခုလုံးပြောင်းလဲလိုက်ယုံနဲ့လည်းဒီမိုကရေစီ
နိုင်ငံဖြစ်လာမှာမဟုတ်ဘူး၊စနစ်တစ်ခုလုံးပြောင်းလဲလိုက်ရုံနဲ့လည်း ဒီမိုကရေစီနိုင်ငံဖြစ်လာမှာမဟုတ်ပါဘူး။
မူတွေဘယ်လောက်ပြင်ပြင်၊စနစ်တွေဘယ်လိုပြောင်းပြောင်း လူတွေမပြင်မပြောင်းသေးသရွေ့နိုင်ငံပြောင်းလဲမှာ
မဟုတ်ပါဘူး။ 
ဒါကြောင့် ပြောင်းလဲရမှာ ကျွန်တော်တို့ပြည်သူတစ်ရပ်လုံး ပြောင်းလဲရမှာပါ။
ဒေါ်အောင်ဆန်းစုကြည်လည်း ပြောဖူးပါတယ်။ ဒီမိုကရေစီလိုချင်ရင် ပြည်သူတွေပြောင်းရမယ်တဲ့။ 
        အဲဒီတော့ ကျွန်တော်တို့ ဘယ်ကစပြီးပြောင်းကြမှာလဲ။ ဘာတွေကိုစပြီး ပြောင်းကြမှာလဲ။
ကျွန်တော့်အယူအဆကတော့ စိတ်ဓါတ်ကစပြီး ပြောင်းရလိမ့်မယ်ဘာကြောင့်လဲဆိုတော့ 
ကျွန်တော်တို့ရဲ့စိတ်ဓါတ်တွေပျက်စီးနေကြပြီ။ ယိုယွင်းနေပြီ။ နောက်ကျကျန်ရစ်နေပြီ။
ပျက်စီးရတဲ့၊ ယိုယွင်းရတဲ့၊နောက်ကျကျန်ရစ်ရတဲ့ အကြောင်းရင်းကလည်း ကျွန်တော်တို့သက်တမ်း
တစ်လျှောက်လုံးကအမှောင်ခေတ်မှာလူဖြစ်လာရတာဆိုတော့ကျွန်တော်တို့ ဥဏှောက်တွေအားလုံး 
အမှောင်ကျနေကြပြီ။ အမှောင်ခေတ်က ခေါင်းဆောင်တွေရဲ့ မှိုင်းတိုက်မှုတွေကြား၊ လှည့်ကွက်တွေကြား
ကြီးပြင်းလာရတော့ ကျွန်တော်တို့တတွေရဲ့အတွေးအခေါ်တွေမှိုင်းမိနေကြပြီ။ အရောင်တွေနဲ့ စွန်းထင်းနေပြီ။ 
ကျွန်တော်တို့ရဲ့အစွဲတွေနဲ့ လွဲနေခဲ့ကြပြီ။ ဒါတွေကို ကျွန်တော်တို့အရင်ပြင်ကြရလိမ့်မယ်။ 
ဒါတွေကို ကျွန်တော်တို့အရင်ဆေးကြောကြရလိမ့်မယ်။ ဒါတွေကို ကျွန်တော်တို့ ခဝါချလိုက်ရမယ်။
ဒီမိုကရေစီနဲ့ထိုက်တန်တဲ့ အတွေးအခေါ်တွေ၊ ဒီမိုကရေစီနဲ့ထိုက်တန်တဲ့ ယုံကြည်မှုတွေဘက်ပြောင်းရမယ်။ 
တစ်ချို့ကလည်း မျိုးချစ်စိတ်ဆိုတာကို မိမိစိတ်ကြိုက်ဘာသာပြန်ပြီး၊ ဥဏှောက်မဲ့ မျက်ကန်းမျိုးချစ်စိတ်အစွဲနဲ့။
တစ်ချို့ကလည်း ဒေသစွဲ၊လူမျိုးစွဲ၊ဘာသာစွဲ၊အယူအဆစွဲ၊လမ်းစဉ်စွဲ၊ဝါဒစွဲ၊ယုံကြည်မှုအစွဲ၊ဘာသာစကား အစွဲ၊
ဝတ်စားဆင်ယင်မှု အစွဲ၊အသားအရောင်အစွဲ စတဲ့ အစွဲရောင်စုံနဲ့ ခွဲခြားဆက်ဆံ စော်ကားနှိမ့်ချနေကြတာတွေဟာ
ဒီမိုကရေစီနီုင်ငံထူထောင်တဲ့နေရာမှာ အနှောက်အယှက် အဟန့်အတားတွေ ဖြစ်စေပါတယ်။       
ဘယ်ဒေသမှာပဲနေနေ၊ ဘယ်လူမျိုးပဲဖြစ်ဖြစ်၊ ဘယ်ဘာသာပဲကိုးကွယ်၊ ဘယ်ယုံကြည်မှု၊ ဘယ်ဝါဒ၊
ဘယ်လမ်းစဉ်၊ဘယ်အယူအဆပဲရှိရှိ မတူကွဲပြားမှုတွေကို ခွင့်လွှတ်နားလည်မှုအပြည့်နဲ့ စုစုစည်းစည်း ပူးပေါင်း ညှိနှိုင်း 
အဖြေရှာ လက်တွဲလုပ်ဆောင်သွားမယ်ဆိုရင် လျင်မြန်တဲ့အဟုန်နဲ့ ဒီမိုကရေစီနိုင်ငံကို တည်ဆောက်နိုင်မှာဖြစ်တယ်လို့ 
ယုံကြည်ပါတယ်။ 
နိုင်ငံတော်သမ္မတကြီးကလည်း စုစည်းအဖြေရှာမှုသည်ပင်လျှင် မိမိတို့လူ့အဖွဲ့အစည်း၏ နိုင်ငံရေးယဉ်ကျေးမှု 
စာမျက်နှာသစ်ဟု ဆိုရမည်ဖြစ်ပါသည်။ မတူညီသော အယူအဆများစုစည်း ရှင်သန်နိုင်သော ဗဟုဝါဒကိုဆွေးနွေးညှိနှိုင်း 
အဖြေရှာသည့်နည်းလမ်းသည်သာ မိမိတို့ လူ့အဖွဲ့အစည်းအတွက် အကောင်းဆုံးသောနည်းလမ်းဖြစ်သည်လို့ ညွှန်ကြားထားပါတယ်။
ဒီကနေ့ကျွန်တော်တို့တိုင်းပြည်ရဲ့အခြေအနေကဒီမိုကရေစီကိုစပြီးပြောင်းလဲအကောင်အထည်ဖော်လျှောက်လှမ်းနေတဲ့အခြေအနေပါ။
သွေးနုသားနုပဲရှိသေးတဲ့အခြေအနေပါ။ မတ်တတ်စမ်းခါစ ကလေးငယ်တစ်ယောက်လို လျှောက်လှမ်းနေတဲ့ အခြေအနေပါ။
မြေစမ်းခရမ်းပျိုးနေရတဲ့အချိန်အခါပါ။
        ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ကအစွဲတွေပြင်းထန်ပြီး၊မတူကွဲပြားမှုတွေကို နားလည်ခွင့်လွှတ်မှုမပေးနိုင်သေးသမျှ 
ကျွန်တော်တို့ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ဟာ အလှမ်းကွာဝေးနေဦးမှာပါ။
နိုင်ငံတော်ကို ဦးဆောင်နေတဲ့ နိုင်ငံခေါင်းဆောင်တွေက ဒီနေ့အချိန်အခါမှာ မတူကွဲပြားမှုတွေကို
ခွင့်လွှတ်နားလည်ပေးပြီးညှိနှိုင်းဆောင်ရွက်ဖို့လမ်းညွှန်နေတာတောင် ပြည်သူလူထုအနေနဲ့က
မတူကွဲပြားမှုတွေကို ခွင့်လွှတ်နားလည်မှု မပေးနိုင်သေးတာကတော့ လိုအပ်ချက်တစ်ရပ်၊ အားနည်းချက်တစ်ရပ်လိုဖြစ်နေပါတယ်။
 နိုင်ငံခေါင်းဆောင်တွေက နောက်ကြောင်းပြန်လှည့်လိုသူတွေကို ချန်ထားခဲ့ဖို့ ဆုံးဖြတ်ပြီးပြီ
ဆိုတာလည်း ကျွန်တော်တို့အသိပင် ဖြစ်ပါတယ်။
ဒီမိုကရေစီရဲ့အနှစ်သာရကိုက မတူကွဲပြားမှုကို အခြေခံပါတယ်။ ဒီမိုကရေစီဟာ အယူအဆတွေ၊
ယုံကြည်ချက်တွေကို အမြဲဖွင့်ပေးထားတယ်။ အထူးသဖြင့် သဘောထားကွဲကြတာတွေ၊ မတူကြတာတွေကို
ဖွင့်ပေးထားပါတယ်။ လူတိုင်းမှာ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်၊လွတ်လပ်စွာ ယုံကြည်နိုင်ခွင့်၊ လွတ်လပ်စွာ
ထုတ်ဖော်ပြောဆိုနိုင်ခွင့်နဲ့ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်တွေ ရှိပါတယ်။
        ပြည်သူလူထုဆိုတာကတော့ အားလုံးတစ်သဘောတည်း တစ်ဆန္ဒတည်း ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။
လူများစုရဲ့ဆန္ဒကို အားလုံးကလက်ခံအကောင်အထည်ဖော်ရမယ်။ လူနည်းစုရဲ့ဆန္ဒသဘောထားကို
လေးစားရမယ်၊ အားလုံးကို တစ်သဘောတည်းဖြစ်ရမယ်၊ တစ်ပုံစံတည်းဖြစ်ရမယ်လို့ မဆိုလိုပါဘူး၊
လူအားလုံးဟာ တူညီသောလူမျိုး၊ တူညီသောယဉ်ကျေးမှု၊ တူညီသောဘာသာတရား မရှိနိုင်ပါဘူး။
အားလုံး တစ်သွေးတစ်သံတစ်မိန့်ဖြစ်ရမယ်ဆိုရင်တော့ ဒါဟာဒီမိုကရေစီမဟုတ်တော့ဘူး။
တစ်ပါတီစနစ်ဟောင်းရဲ့အတွေးခေါ်ဘက်ပြန်လှည့်သွားလိမ့်မယ်။ အာဏာရှင်ဆန်သွားလိမ့်မယ်။
ဒီမိုကရေစီမှာ အတိုက်အခံရှိမယ်၊ သဘောထားမတူတာလည်းရှိမယ်၊ အတွေးအခေါ်အယူအဆ ကွဲပြားတာလည်းရှိမယ်။ 
လူမျိုးမတူ ဘာသာကွဲပြားတာလည်းရှိမယ်၊ ဒါကို နားလည်နိုင်ရမှာဖြစ်တယ်၊ ခွင့်လွှတ်နိုင်ရမှာဖြစ်တယ်။ 
အဲဒီအခွင့်အရေးတွေဟာ ဒီမိုကရေစီရဲ့အုတ်မြစ်တွေပဲဖြစ်တယ်။
မိမိတို့ယုံကြည်ရာ အယူဝါဒလမ်းစဉ်တွေပေါ်မှာ တယူသန်စွဲမနေဘဲ၊ တခြားသူတို့ရဲ့ယုံကြည်ရာ
အယူဝါဒလမ်းစဉ်တွေကိုလည်း လေးစားလိုက်နာပြီး ပူးပေါင်းညှိနှိုင်းအဖြေရှာ လက်တွဲဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
နယ်မြေလုမှုတွေ၊ လူမျိုးရေး ဘာသာရေး တိုက်ခိုက်မှုတွေကို ရပ်တန်းကရပ်ပြီး၊ ဒီမိုကရေစီလူဘောင်
ထူထောင်ရေးမှာ အမြင်ကျယ်ကျယ်၊ အတွေးအခေါ်ရင့်ကျက်စွာနဲ့ သဘောထားကြီးကြီးထားကာ အတူတကွ 
ပူးပေါင်းညှိနှိုင်းအဖြေရှာပြီး၊နောင်တက်လာမည့် မျိုးဆက်သစ်တို့အတွက် မျိုးစေ့ချပေးခဲ့ရမှာ ဖြစ်ပါတယ်။
ဒီကနေ့ပြည်နယ်တွေမှာဖြစ်နေတဲ့ ပဋိပက္ခတွေ၊စစ်ပွဲတွေကြောင့် ကျွန်တော်တို့တိုင်းပြည်ပြုပြင်
ပြောင်းလဲရေးကို နှောင့်နှေးကြန့် ကြာစေပါတယ်။
        ပဋိပက္ခတွေ၊စစ်ပွဲတွေကြားက ပြည်သူလူထုခံစားနေရတဲ့ဒုက္ခကလည်း ကျွန်တော်တို့တတွေရဲ့ဒုက္ခတွေပါ။  
သူတို့တစ်တွေရဲ့ဘဝမှာပျော်ရွှင်မှုတွေပျောက်ဆုံးနေရပြီ ။ ငြိမ်းချမ်းမှုဆုံးရှုံးနေကြပြီ။ အနာဂတ်တွေ မရေမရာနဲ့ ပျက်သုဉ်းနေရတဲ့ 
ကျွန်တော်တို့ ညီနောင်တွေ ကြုံတွေ့နေရတဲ့ မတရားပြုကျင့်ခံနေရမှု၊ နိုင်ထက်စီးနင်းပြုကျင့်ခံနေရမှု
အနိုင်ကျင့်ဗိုလ်ကျစိုးမိုးခံနေရမှု၊ နှိမ့်ချစော်ကားခံနေရမှု၊ ခွဲခြားဆက်ဆံခံနေရမှု၊ နှောက်ယှက်ဖျက်ဆီးခံနေရမှု၊ 
စစ်ပွဲတို့နှင့်ရင်ဆိုင်နေရမှု၊ ပြေးလွှားပုန်းရှောင်နေရမှု၊ စသည့် စသည့်ဘေးဒုက္ခအသီသီးနဲ့ကြုံတွေ့နေကြတာဟာ 
တကယ်တော့ အယူအဆကွဲလွဲမှုတွေကို နားလည်ပြီးတော့ စေ့စပ်ညှိနှိုင်းယူတဲ့အလေ့အထတွေ ဆိတ်သုဉ်းပျောက်ကွယ်နေကြလို့ပါ။ 
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခွင့်ကို အစဉ်အဆက်က ခွင့်မပြုခဲ့ကြလို့ပါ။ 
မတူကွဲပြားမှုတွေကို ဆန့်ကျင်နေခဲ့ကြလို့ပါ။ မတူကွဲပြားမှုတွေကို နားလည်မပေးနိုင်ခဲ့ကြလို့ပါ။
အမှန်တရားကိုမြတ်နိုးကြတယ်၊ ငြိမ်းချမ်းမှုကို လိုလားကြတယ်၊ပျော်ရွှင်ခြင်းကို မက်မောကြတယ်၊
တိုးတက်ဖွံ့ဖြိုးမှုကို လိုချင်တောင့်တကြတယ်၊လူသားချင်းစာနာ နားလည်မှုရှိကြတယ် ဆိုရင် 
အာဏာပိုင်၊ အတိုက်အခံ၊လူပုဂ္ဂိုလ်၊အဖွဲ့အစည်းအသီးသီးတို့က အစွဲနှင့်မတူညီမှုများကို
ဘေးဖယ်ထားပြီး၊ မိဘမဲ့နေကြတဲ့ လူမမယ်ကလေးတွေရဲ့ ငိုရှိုက်သံ၊ အိုးအိမ်မဲ့နေတဲ့ ဒုက္ခသည်တွေရဲ့ ညည်းညူသံ၊
ပြေးလွှား ပုန်းအောင်း နေရတဲ့မိသားစုတွေရဲ့မောဟိုက်သံ၊ စစ်ဘေးဒဏ်ခံနေရတဲ့ လူမျိုးစုတွေရဲ့ပင့်သက်ရှိုက်သံ၊
အနိုင်ကျင့်စော်ကားခံနေရတဲ့ လူနည်းစုတို့ရဲ့ အံကြိတ်သံ၊လင်သေသားဆုံး မုဆိုးမတွေရဲ့ ပူဆွေးသောကသံ၊
လူတန်းစေ့ မနေနိုင်ကြသေးတဲ့ အခြေခံ လူတန်းစားတွေရဲ့ ဘဝရင်မောသံ၊စိုးတထိတ်ထိတ် နေနေရသူတွေရဲ့ ရင်ခုံသံ၊
အဲဒီအသံတွေ အပါအဝင် ကျွန်တော်တို့ညီနောင်များ ကြုံတွေ့နေရတဲ့အခက်အခဲ၊ ဒုက္ခအသွယ်သွယ်ကို
ကျွန်တော်တို့ရဲ့ မျက်ဝန်းအစုံမှာ၊ ကျွန်တော်တို့ရဲ့ ဥဏှောက်ထဲမှာ၊ ကျွန်တော်တို့ရဲ့ရင်ထဲမှာ၊
ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ၊ကျွန်တော်တို့ရဲ့အသွေးအသားထဲမှာ ခံစားနားလည်နိုင်အောင် ကြိုးစားရမယ်။
ခံစားနားလည်တတ်အောင် လေ့ကျင့်ရမယ်။ခံစားနားလည်တတ်သည့် စိတ်ဓာတ်မွေးမြူရမယ်။
လူမျိုးစုတွေရဲ့ဒေသတွေဖွံ့ဖြိုးစည်ပင်ဖို့ ပြန်လည်တည်ဆောက်ရမဲ့အချိန် ၊  ပြန်လည်ရင်ကြားစေ့ရေးခရီး
လျှောက်လှမ်းရမဲ့အချိန်ဖြစ်ပါတယ်။
       အကြမ်းဖက်မှုတွေ၊ပဋိပက္ခတွေ၊စစ်ပွဲတွေရဲ့သားကောင် ဖြစ်နေရရှာတဲ့ လူသားတွေအချင်းချင်းကြား 
မတူကွဲပြားမှုတွေကို နားလည်လက်ခံဖို့ လိုအပ်နေကြလို့ပါ။ 
        ကျွန်တော်တို့ ညီနောင်တွေအတွက် အရေးပေါ်လူသားချင်းစာနာမှုတွေ လိုအပ်နေပါတယ်။
အိုးအိမ်ဆုံးရှုံးခဲ့ရသူတွေမှာ စားရေရိက္ခာတွေ လိုအပ်နေပါတယ်။ လူမျိုးကွဲ၊ဘာသာကွဲ၊ဒေသကွဲများအကြား စေ့စပ်ညှိနှိုင်းမှုများနှင့်
ပြန်လည်ရင်ကြားစေ့ရေးခရီးလျှောက်လှမ်းရမဲ့ အချိန်၊တစ်ဦးနှင့်တစ်ဦးဖေးမကူညီကြရမဲ့အချိန် ဖြစ်ပါတယ်။ 
ဒါတွေအပေါ်မှာလည်း ခံစားနားလည်နိုင်အောင်ကြိုးစားရမယ်။ ခံစားနားလည်တတ်အောင် လေ့ကျင့်ရမယ်။
အဲဒီတော့မှ ခွဲခြားနှိမ့်ချမှုတွေ၊ အနိုင်ကျင့်စော်ကားမှုတွေ၊ ဗိုလ်ကျစိုးမိုးမှုတွေ၊ နိုင်လိုမင်းထက်ပြုကျင့်မှုတွေ၊
မတရား နယ်မြေလုမှုတွေ၊ ဖျက်ဆီးမှုတွေ ကင်းဝေးပြီး ညီညွတ်မျှတ၊သဟဇာတဖြစ်တဲ့ ပတ်ဝန်းကျင်ကောင်းကိုတွေ့ရမယ်။ 
ငြိမ်းချမ်းသာယာ ချမ်းမြေ့တဲ့လူမှုဘဝကို ဖော်ဆောင်နိုင်မယ်။ 
        ပဋိပက္ခတွေကင်းဝေးတဲ့ လောကနိဗ္ဗာန်ကို တည်ဆောက်နိုင်မယ်။
ကျွန်တော်တို့ လျှောက်လှမ်းနေတဲ့၊ ကျွန်တော်တို့ လိုချင်တောင့်တနေတဲ့ ဒီမိုကရေစီစနစ်ကို အရောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ 
        ရေရှည်တည်တံ့ခိုင်မြဲမည့် ဒီမိုကရေစီဖော်ဆောင်နိုင်ရန်အပြန်အလှန်ထိန်းညှိလျှက် ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက် 
ဝိုင်းဝန်းဖြေရှင်းကြပါမယ်ဆိုရင် အနာဂတ်မှာငြိမ်းချမ်းလှပတဲ့နိုင်ငံတစ်ခု အနေနဲ့ ကမ္ဘာ့အလည်မှာ ထည်ထည်ဝါဝါနဲ့
ထွန်းကားပေါ်ပေါက်လာနိုင်မှာဖြစ်ပါတယ်။
        ငြိမ်းချမ်းတဲ့၊ ညီညွတ်တဲ့၊ တိုးတက်ဖွံ့ဖြိုးတဲ့၊ သာယာဝပြောတဲ့ နိုင်ငံသစ်တစ်ခုဟာ မပျောက်မပျက် 
ကမ္ဘာ့အလည်မှာ ထာဝရ တည်ရှိနေတော့မှာ ဖြစ်ပါတယ်။     ။
                                                                                                              မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)