Sunday, February 17, 2013
ဒီမိုကရေစီလိုချင်တာလား
မျက်ရည်တွေနဲ့ လူသားတွေ၊ ချွေးပင်လယ်ဝေနေတဲ့ လူသားတွေ၊
သွေးသံရဲရဲနဲ့ လူသားတွေ၊ ခြေကျိုး၊လက်ပြတ်ခန္ဓာချို့ယွင်းနေတဲ့ လူသားတွေ၊
အနှိပ်စက်ခံနေရတဲ့ လူသားတွေ၊ အနိုင်ကျင့်ခံနေရတဲ့ လူသားတွေ၊
နှိမ့်ချခံနေရတဲ့ လူသားတွေ၊ ခွဲခြားခံနေရတဲ့ လူသားတွေ၊
မောင်းထုတ်ခံနေရတဲ့ လူသားတွေ၊ နယ်နှင်ခံနေရတဲ့ လူသားတွေ၊
ဝိုင်းပယ်ခံနေရတဲ့ လူသားတွေ၊ မေ့လျော့ခံနေရတဲ့ လူသားတွေ၊
အိုးအိမ်မဲ့နေရတဲ့ လူသားတွေ၊ ပြေးလွှားနေရတဲ့ လူသားတွေ၊
ပုန်းရှောင်နေရတဲ့ လူသားတွေ၊ စစ်ဒဏ်ခံနေရတဲ့ လူသားတွေ၊
ကြောက်ရွံ့နေရတဲ့ လူသားတွေ၊ တကွဲတပြားဖြစ်နေတဲ့ မိသားစုတွေ၊
အိုမင်းမစွမ်း ဒုက္ခသည်တွေ၊ လင်ဆုံးသားရှုံး မိခင်တွေ၊
စော်ကားခံရတဲ့ အမျိုးသမီးတွေ၊ အမိအဖမဲ့နေတဲ့ ကလေးတွေ၊
အထွဋ်အမြတ်ထားရာ သာသနိကအဆောက်အဦတို့ ဖျက်ဆီးခံလိုက်ရတဲ့ လူမျိုးစုတွေ၊
အရှင်လတ်လတ်ဧည့်သည်ဖြစ်သွားတဲ့ တစ်မြေတည်းနေ တစ်ရေတည်းသောက်ညီနောင်တွေ
အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်စေဖို့၊
သောကတွေပြေပျောက်စေဖို့ ဆိုတဲ့ရည်ရွယ်ချက်၊ ခံစားချက်နဲ့။
အမုန်းတွေ၊ အာဃာတတွေ၊ ရန်ညှိုးတွေ ခ၀ါချမယ်ဆိုတဲ့ ခံယူချက်နဲ့။
လူမျိုးစုံ၊ ဘာသာတရားမျိုးစုံ၊ ယုံကြည်မှုမျိုးစုံ၊
အသားအရောင်မျိုးစုံ၊ ဘာသာစကားမျိုးစုံ ဖြန့်ကျက်ထားတဲ့
မတူကွဲပြားမှုတွေအပေါ်မှာ လူမျိုးရေးအစွဲတွေ၊ ဘာသာရေးအစွဲတွေ မခွဲခြားဘဲ၊
ကွဲပြားမှု၊ ကွဲလွဲမှုတွေအပေါ်ဖက်တွယ်မထားဘဲ၊
မှိုင်းမိနေတဲ့အတွေးအခေါ်တွေ၊ အကျင့်စရိုက်တွေ၊ အမုန်းတွေ၊
အာဃာတတွေ၊ မနာလိုမှုတွေ၊ အညှိုးအတေးတွေ၊ လက်စားချေလိုစိတ်တွေ၊
ငါ့နိုင်ငံ၊ ငါ့ဒေသ၊ ငါ့လူမျိုး၊ ငါ့ဘာသာ၊ ငါ ငါ ငါ ဆိုတဲ့ စိတ်ဓါတ်တွေ
ခေတ်ဟောင်း၊ စနစ်ဟောင်း မှာချန်ထားခဲ့ပြီး၊
မတူကွဲပြားမှုတွေအပေါ်မှာ အပြန်အလှန်လေးစားမှုနဲ့။
အားလုံးအကျိုးစီးပွားအတွက်ဆိုတဲ့ အနစ်နာခံနိုင်တဲ့စိတ်ဓါတ်နဲ့။
ရှေ့ဆက်ချီတက်ကြမှသာလျှင် ကျွန်ုပ်တို့မျှော်မှန်းတဲ့
စစ်မှန်သည့် ဒီမိုကရေစီလူ့ဘောင်ကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။
ပိုမိုကောင်းမွန်ပြည့်စုံတဲ့ အခြေအနေသစ်ကိုဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။
နောင်လာမယ့်မျိုးဆက်အတွက် စိတ်ချလက်ချထားခဲ့နိုင်မှာဖြစ်ပါတယ်။
မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)