ဒီအပိုင်းနှစ်ပိုင်းကြောင့်ပဲ လူသားဟာ အဖန်ဆင်းခံသတ္တ၀ါတွေထဲမှာ အမွန်မြတ်ဆုံး၊ အဖိုးတန်ဆုံး၊ အကောင်းမွန်ဆုံး၊ အဆင့်မြင့်ဆုံးဖြစ်နေတာဖြစ်တယ်။ ပထမအပိုင်းဖြစ်တဲ့ ကိုးကွယ်ယုံကြည်မှု၊ ဘာသာအယူဝါဒဆိုတာက အာရုံငါးပါးနဲ့ထိတွေ့လို့ရတဲ့အရာမဟုတ်။ နှလုံသားရဲ့အရေးဖြစ်တယ်။ အတွင်းသားရဲ့အခြေအနေဖြစ်တယ်။ နှလုံးသားရဲ့ထူးခြားတဲ့အခြေအနေ တစ်ရပ်သာဖြစ်တယ်။ ကိုးကွယ်ခံထိုက်သူနဲ့ ကိုးကွယ်ယုံကြည်သူတို့ရဲ့ဆက်သွယ်ရေးသာလျှင်ဖြစ်တယ်။ ဘယ်သူမဆို လွတ်လပ်စွာ ကိုးကွယ်နိုင်တယ်။ လွတ်လပ်စွာ ယုံကြည်နိုင်တယ်။ လွတ်လပ်စွာ ခံယူနိုင်တယ်။ ဘယ်သူက ဘယ်သူကိုမှ ဝေဖန်ပိုင်ခွင့်၊ တားဆီးပိုင်ခွင့်၊ ဟန့်တားပိုင်ခွင့်၊ ပိတ်ပင်ပိုင်ခွင့်၊ ဖိနှိပ်ပိုင်ခွင့်၊ ချုပ်ချယ်ပိုင်ခွင့်၊ နှောက်ယှက်ပိုင်ခွင့်၊ စော်ကားပိုင်ခွင့် လုံးဝမရှိပါ။ မိမိ၏မွေးရာပါ လွတ်လပ်တဲ့ သဘောဆန္ဒနဲ့ ၊ မိမိနှလုံးသားခံစားချက်နဲ့ ယုံကြည်နိုင်တယ်၊ ကိုးကွယ်နိုင်တယ်၊ ခံယူနိုင်တယ်။ ကိုးကွယ်ယုံကြည်မှု၊ ဘာသာအယူဝါဒ မတူကွဲပြားတာကိုအကြောင်းပြုကာ လူမျိုးရေးခွဲခြားဆက်ဆံတာ၊ ဖိနှိပ်ချု ပ်ချယ်တာ၊ စော်ကားအနိုင်ကျင့်တာတွေဟာ ဒုတိယတစ်ပိုင်းဖြစ်တဲ့ ကိုယ်ကျင့်တရားညံ့ဖျင်းမှု၊ အပြုအမူအောက်တန်းကျမှု၊ လူအသိုင်းအ၀ိုင်းနဲ့ပေါင်းသင်းဆက်ဆံရေး တစ်ဖက်စွန်းရောက်မှုတွေသာဖြစ်တယ်။ လူသားတစ်ဦး(သို့)လူ့အသိုင်းအ၀ိုင်းဖြစ်ပါလျှက် လူကိုလူလိုမမြင်၊ လူကိုလူလိုမဆက်ဆံ၊ လူကိုလူလို တန်ဖိုးမထား၊ လူသားတို့အကျိုးစီးပွားကို မငဲ့ကွက်ဘဲ မိမိဘ၀ရပ်တည်ဖို့ စားခြင်းသောက်ခြင်း၊ အိပ်ခြင်း၊ မိမိအလိုဆန္ဒတောင့်တမှုကိုသာ ဦးစားပေးနေရုံပဲဆိုရင် စကားပြောပြီး လှုပ်ရှားနေတဲ့အဆင့်မြင့် တိရိစ္ဆာန်ဘ၀ပါပဲ။ မိမိရွေးချယ်လိုက်တဲ့လမ်းကြောင်းဟာ မိမိရဲ့သမိုင်းအဖြစ်ကျန်ရစ်ခဲ့မယ်ဆိုတာကိုတော့ သတိကြီးစွာဆင်ခြင်ဖို့လိုပါတယ်။အတွေးအခေါ်တွေ၊ ကိုယ်ကျင့်တရားတွေ၊ အပြုအမူလုပ်ရပ်တွေ၊ လူတစ်ဦးချင်း(သို့) လူ့အသိုင်းအ၀ိုင်းနဲ့ ပေါင်းသင်းဆက်ဆံရေးတွေ ပြုပြင်ပြောင်းလဲဖို့လိုပါတယ်။ ဒါကြောင့် လူ့ပတ်ဝန်းကျင် လူ့အသိုင်းအ၀ိုင်းတွင် ကိုးကွယ်ယုံကြည်မှု၊ ဘာသာအယူဝါဒကို အခြေမခံဘဲ၊လူသားစင်စစ်ဖြစ်ခြင်းကို အကြောင်းခံ၍ လူသားအချင်းချင်း စာနာထောက်ထားကာ နားလည်မှုပေးပြီး၊ မတူကွဲပြားတဲ့ အရောင်အသွေးစုံ၊ လူမျိုးစုံ၊ ဘာသာစုံ၊ ယုံကြည်ချက် ခံယူချက် အတွေးအခေါ်စုံလင်မှုတွေကို အင်အားတစ်ရပ်အဖြစ်ပြောင်းလဲကာ ငြိမ်းချမ်းသာယာတဲ့ အနာဂတ်ကို အတူတကွ ညီတူညီမျှရယူခံစားနိုင်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖွံ့ဖြိုးတိုးတက်ဖို့ ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါစို့။
---------------- မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)