တစ်ပါးသူကို နေ့တိုင်းအပြစ်ထိုင်ပြော၊တစ်ပါးသူကိုနေ့တိုင်းပြစ်ပဲလိုက်ရှာနေမယ်ဆိုရင် ဘယ်လိုအဓိပ္ပါယ် ပေါက်သွားလဲဆိုတော့ “ငါဟာ သူများမကောင်းကြောင်းပြောနေရမှ နေသာထိုင်သာရှိတယ်၊ သူများကို နာမည်ဆိုးတပ်ရမှ ငါနာမည်ကောင်း
ရမယ်”လို့ အဓိပ္ပါယ်ပေါက်သွားတယ်။ ငါဘယ်လိုလူစားဆိုတာ ဖော်ပြသလိုဖြစ်သွားတယ်။
ကိုယ်က သူများကို အပြစ်တင်ရှုံချနေတာဟာ သူဘယ်လိုလူဆိုတာ တကယ်တော့ သိပ်မပေါ်လွင်ဘူး။ ငါဘယ်လိုလူဆိုတာတော့ သေသေချာချာ
ပေါ်လွင်သွားပြီ။ သူများကို အပြစ်များများရှာပြီး ပြောနေတဲ့သူဟာ ကိုယ့်ဂုဏ်သိက္ခာကို ကိုယ်ချနေတာပဲ။ သူများကို ဂုဏ်သိက္ခာချပြီးမှ ကိုယ့်ဂုဏ်ကို တင်လို့ရမယ့်ဘဝကို ရောက်နေပြီ။ ငါသူများကို အများကြီး ဂုဏ်သိက္ခာချတဲ့ စကားတွေ ပြောရင် သူ့ဂုဏ်သိက္ခာ ကျသွားလိမ့်မယ်လို့ မထင်နဲ့နော်။ သူ့ဂုဏ်သိက္ခာကျဖို့ မသေချာဘူး။ ကိုယ့်ဂုဏ်သိက္ခာ ကျဖို့တော့ သေချာတယ်။
သူများကို နာမည်ဆိုးတပ်တာဟာ တွေးပုံ၊စဉ်းစားပုံ၊ လွဲနေတာဖြစ်တယ်။ နာမည်ဆိုးတပ်တာက သူများကို အပြစ်တင်ရမှဖြစ်တဲ့ ကိုယ့်အခြေအနေကို ပေါ်သွားအောင်လုပ်မှာ သေချာတယ်။
သူများ သူယုတ်မာဖြစ်မှ ကိုယ်သူတော်ကောင်း ဖြစ်မှာလား..?
သူများ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်နေမှ ကိုယ်ကနေသာထိုင်သာ ရှိမှာလား..?
သူများ စိတ်မချမ်းသာဖြစ်အောင်လုပ်နေမှ ကိုယ့်စိတ်ချမ်းသာရမှာလား..?
ကိုယ်စိတ်ချမ်းသာမှု တစ်ခုလေးရဖို့အရေး အများကိုစိတ်ဆင်းရဲစေမှာလား..?
ငါ့ဘဝဟာ သူများကို အပြစ်တင်၊ အပြစ်လိုက်ရှာနေရမှ ဖြစ်မယ့်ဘဝ ရောက်နေပြီလား..?
ဆိုတာ ကိုယ့်ကိုကိုယ် အရင်မေးပါ။
သူများကို ရှုံချပြီးမှ ကိုယ့်ကိုကိုယ် ဂုဏ်တင်တာဟာ ကိုယ့်မှာ အများကြီးထိခိုက်တယ်။
ကိုယ်ကသူများကို နာမည်ဆိုးတပ်ပြီး မကောင်းပြောနေတာဟာ သူ့ကိုမကောင်းပြောနေရမှဖြစ်မယ့် ကိုယ့်ရဲ့အခြေအနေ၊ ကိုယ့်စိတ်အခြေအနေကို ကိုယ့်ကဖေါ်ပေးလိုက်သလို ဖြစ်သွားတယ်။ သူများကို အပြစ်ပြောနေတာဟာ ကိုယ့်မှာ လိုအပ်ချက်တစ်ခု ဖြစ်နေတယ်။ ဒီစကားရဲ့ အဓိပ္ပါယ်ကို တော်တော်နက်နက်နဲနဲ နားလည်မှဖြစ်မယ်။ ညဏ်ရှိတဲ့သူဆိုရင် နားလည်ဖို့ ဘာမှမခက်ဘူး။
ဘာဖြစ်လို့ သူများကိုအပြစ်တင်နေဖို့၊ သူများအပြစ်လိုက်ကြည့်နေဖို့၊ လိုက်ရှာနေဖို့ လိုအပ်နေတာသလဲ..
ကိုယ့်ကိုကိုယ် အကာအကွယ် ယူနေတာလား..
ကိုယ့်ဂုဏ်ကို တင်ချင်နေတာလား..
ဒီလိုနည်းနဲ့ လုပ်မှ ရမှာလား…?
လူတစ်ယောက်က နောက်လူတစ်ယောက်ကို အပြစ်တင်နေရင် ဒီလူဟာသူများကို အပြစ်တင်နေရမှ ဖြစ်တော့မယ့် အခြေအနေကို ရောက်နေတယ်။ သူ့အခြေအနေ တော်တော်ဆိုးနေပြီလို့ ဆိုနိုင်တယ်။
လက်စားချေမှုဟာ ပဋိပက္ခကို ပိုပြီးကြီးမား ပြင်းထန်စေတယ်။
မြေကြီးပျော့ပျော့ထဲမှာ တိုင်နှစ်တိုင် စိုက်ထားတယ်။ ကိုယ့်တိုင်နဲ့ သူ့တိုင်။ သူ့တိုင်က မြင့်နေတယ်ဆိုပါတော့။ အဲဒါကို မကြိုက်လို့ ကိုယ့်တိုင်မြင့်အောင် သူ့တိုင်ကို မြေကြီးထဲဝင်သွားအောင် ထုချလိုက်တယ်။ သူ့တိုင်မြေကြီးထဲ ဝင်သွားတဲ့အခါကျတော့ ကိုယ့်တိုင်က မြင့်တဲ့တိုင် ဖြစ်သွားပြီ။ ကိုယ်မြင့်ဖို့အရေး၊ ကိုယ်ပေါ်လွင်ဖို့အရေး သူများကို နှိမ့်ချရတဲ့ဘဝ ရောက်နေတာ။ အဖြစ်ကတော်တော် ဆိုးနေပြီ။
ကိုယ့်ဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်နိုင်တဲ့အစွမ်းရှိတဲ့သူဟာ ဒီလောကမှာ တစ်ယောက်ပဲ ရှိတယ်။ အဲဒါကိုယ်ပဲ။
***ကိုယ့်ကိုကိုယ် စိတ်ထားညံ့တဲ့သူဖြစ်အောင်လုပ်မှ ကိုယ့်ရဲ့တန်ဖိုးဟာ ကျသွားတာ။ ကိုယ့်တန်ဖိုးမကျချင်ရင် ကိုယ့်စိတ်ထဲက သူများကိုဒုက္ခရောက်စေချင်တဲ့ အတွေးတွေ၊ သူများကို စိတ်ဆင်းရဲစေချင်နေတဲ့အတွေးတွေ၊ သူများကို ရှုံ့ချချင်နေတဲ့အတွေးတွေ၊ စိတ်ထားတွေကိုပဲ ရပ်လိုက်တာဟာ အကောင်းဆုံးအဖြေပဲ။***
If I devalue you, I devalue myself.
မင်းကိုတန်ဖိုးချရင် ငါ့ကိုယ်ငါ တန်ဖိုးချလိုက်တာပဲ။
ညဏ်ကြီးကြီး အင်မတန် နားလည်ဖို့သင့်တဲ့ကိစ္စ ဖြစ်တယ်။ ဘဝဟာ အင်မတန် တိုတောင်းပါတယ်။ သူများ မကောင်းကြောင်းတွေ ထိုင်တွေးနေဖို့ အချိန်မရှိပါဘူး။
တကယ်ကြီးကျယ်တဲ့ ထိရောက်တဲ့ တန်ဖိုးရှိတဲ့၊ ကိုယ့်အတွက် အများဆုံး စိတ်ကျေနပ်မှု အများဆုံးရတဲ့အလုပ်၊ ကိုယ့်အရည်အချင်းတွေကိုလည်း အများဆုံး ထုတ်ပြီးသုံးရတဲ့အလုပ်ကို လုပ်မယ့်သူဟာ အသေးအမွှား အဆိုးတွေကို တွေးနေဖို့မသင့်ဘူး။ အဲဒီအသေးအမွှားတွေကို ဘယ်သူတွေက တွေးနေသလဲဆိုတော့ ဘာမှ အလုပ်မရှိတဲ့သူတွေက တွေးတယ်။ အဆိုးတွေကို ပုံကြီးချဲ့တွေးနေတဲ့အခါ ကိုယ့်ကိုကိုယ် မေးပါ။ ဒါဟာ ငါအလုပ်ကြီးအကိုင်ကြီး လုပ်နေတာလားလို့။
ဒါကြောင့် အသေးအမွှား အဆိုးတွေကြောင့် စိတ်အနှောက်အယှက် ဖြစ်တာကို မခံချင်ရင် အရေးကြီးတဲ့အလုပ်၊ တန်ဖိုးရှိတဲ့အလုပ်တွေကို အချိန်ပြည့် လုပ်နေပါ။ ကောင်းတဲ့အလုပ်၊ အရေးကြီးတဲ့အလုပ်၊ တန်ဖိုးရှိတဲ့အလုပ်တွေကို သဘာထားကြီးကြီး ရည်မှန်းချက်ကြီးကြီးနဲ့ လုပ်နေတဲ့သူဟာ သူများကိုယ့်အကြောင်း ကဲ့ရဲ့တာကိုလည်း ခေါင်းထဲမှာ ကြာကြာမထားနိုင်ဘူး။ ချီးမွမ်းတာကိုလည်း ခေါင်းထဲမှာ ကြာကြာမထားနိုင်ဘူး။
တန်ဖိုးရှိတဲ့အလုပ်တွေကို လုပ်နေတဲ့သူဟာ နေ့စဉ်မလွှဲသာ မရှောင်သာ တွေ့ရတတ်တဲ့ အဆင်မပြေမှုလေးတွေကို ဂရုမစိုက်ဘူး။ မတုန့်ပြန်ဘူး။ သူ့မှာ အဲဒါတွေအတွက် အချိန်နဲ့အင်အားကို မပေးနိုင်ဘူး။
ငါဟာချို့ယွင်းချက် လုံးလုံးလျားလျား ကင်းနေတဲ့သူ မဟုတ်ဘူး။ ချို့ယွင်းချက် လုံးလုံးလျားလျား ကင်းနေဖို့လည်း မလိုအပ်ဘူး။ ကင်းဖို့လည်းမဖြစ်နိုင်ဘူး။ ငါတတ်နိုင်သလောက် ကြိုးစားမယ်။ ချို့ယွင်းချက်ကတော့ အမြဲတမ်း ရှိမယ်။
ငါ့ကို အပြစ်ရှာချင်တဲ့သူဟာ တစ်နေကုန် ထိုင်ပြီးတော့ ရှာမယ်ဆိုရင် မိုးလင်းကမိုးချုပ် ရှာလို့ကုန်မှာ မဟုတ်ဘူး။ တွေ့မှာပဲ… အဲဒါကို သူအလုပ်ကြီးအကိုင်ကြီး တစ်ခုအနေနဲ့ လုပ်ချင်နေရင် လုပ်ပါစေတော့…..။
ဆရာတော်ဦးဇောတိက