Home

Sunday, February 17, 2013

လူထု၊အတိုက်အခံ၊အစိုးရနှင့်နိုင်ငံရေးအသစ်


The Voice Weekly မှာ အယ်ဒီတာက နိုင်ငံရေးအဟောင်း ဆိုတဲ့ စကားလုံးကို သုံးထားတာတွေ့ရတော့
တော်တော်ကို သဘောကျမိပါတယ်။ဟိုတလောကလည်း ကိုကျော်မင်းဆွေက နိုင်ငံရေးမဟုတ်တဲ့ နိုင်ငံရေးများလို့သုံးသွားဖူးပါတယ်။democratization ကာလမှာ အလုပ်မဖြစ်တော့တဲ့နိုင်ငံရေး နည်းနာဟောင်းတွေကို ရည်ညွှန်းပြောဆိုသွားတာပါ။ အာဏာရှင်ကို ဆန့်ကျင်တဲ့ ကာလတုန်းက
သုံးစွဲခဲ့တဲ့နိုင်ငံရေး နည်းဗျူးဟာတွေကိုပြောလိုခြင်းဖြစ်ပါတယ်။အာဏာရှင်ခေတ်ကနေရုန်းထွက်ပြီး ဒီမိုကရေစီဘက်ဦးတည်နေပြီဖြစ်တဲ့အစိုးရသစ်လက်ထက်မှာဘယ်လိုမှ အလုပ်မဖြစ်
အသုံးလည်းမဝင်တော့တဲ့အပြင် လက်တွေ့မှာ ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းစဉ်ကြီးကို
အနှောက်အယှက်အဟန့်အတားဖြစ်စေနိုင်တာကြောင့် နိုင်ငံရေးမဟုတ်သောနိုင်ငံရေးများ၊နိုင်ငံရေးအဟောင်းများကို
ဆက်လက်လုပ်ကိုင်နေခြင်းများမပြုကြမှသာ၊ မိမိတို့ရဲ့ခံယူချက်၊အတွေးအခေါ် နဲ့ လုပ်နည်းလုပ်ဟန်များကို ပြုပြင်
ပြောင်းလဲကြမှသာလျှင် တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်လိုတဲ့ မိမိတို့ရဲ့စေတနာ၊ ရည်ရွယ်ချက် နဲ့လုပ်ဆောင်ချက်များ
အရာထင်နိုင် ထိရောက်နိုင်မှာဖြစ်ပါတယ်။

နိုင်ငံရေးအဟောင်းတွေ (ရှိခဲ့ရင်)စွန့်လွှတ်ဖို့ ပြုပြင်ဖို့ဆိုတာ လူထု၊အတိုက်အခံနဲ့အစိုးရ အားလုံးမှာ တာဝန်ရှိပါတယ်။
နိုင်ငံသစ်တစ်ခုထူထောင်တဲ့နေရာမှာ လူထု၊အတိုက်အခံနဲ့ အစိုးရတို့သုံးဦးသုံးဖလှယ် ဟန်ချက်ညီမှသာလျှင်
လုပ်ငန်းစဉ်တစ်ခုလုံး အဆင်ပြေချောမွေ့ပြီးလိုရာခရီး ကို အရောက်လှမ်းနိုင်မယ်ဖြစ်ပါတယ်။နိုင်ငံရေးအသစ်ကို အားလုံးက
လက်ခံကျင့်ကြံ လုပ်ကိုင်ဆောင်ရွက်ကြမှသာလျှင်ပန်းတိုင်ဆီအမြန်ရောက်နိုင်ကြမယ်ဖြစ်ပါတယ်။

အစိုးရက တော့ နိုင်ငံရေးအသစ်ကို သေသေချာချာ program ချမှတ်ပြီး စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ဖို့ကြိုးစားနေတာ
တွေ့ရပါတယ်။ အစိုးရရဲ့ လက်ရှိနိုင်ငံရေးအသစ်က ဒီမိုကရေစီနိုင်ငံတစ်ခုအတွက်အကောင်းဆုံးမဟုတ်သေးပေမယ့်
ဒီမိုကရေစီတည်ဆောက်ရေးကာလအတွက်တော့ သင့်တင့်လျောက်ပတ်မှုရှိတယ်လို့ဆိုရမှာဖြစ်ပါတယ်။ဒီလိုပြောလိုက်တော့
လက်ရှိအခြေအနေကိုအားမရသေးတဲ့ သူတချို့ကသဘောတူနိုင်ကြမယ်မထင်ပါဘူး။ အတိုက်အခံ(တော်တော်များများ)၊
လူထု၊နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးက လက်ရှိ အကောင်အထည်ဖေါ်နေတဲ့ လုပ်ငန်းစဉ်နဲ့ ရောက်ရှိနေတဲ့အနေအထားကို
အပြုသဘောရှုမြင်ပြီးလက်ခံလာကြတာကိုကြည့်ရင် အစိုးရရဲ့ လက်ရှိနိုင်ငံရေးအသစ်က အလုပ်ဖြစ်နေတယ်ဆိုတာ
ထင်ရှားပါတယ်။အစိုးရက စီးပွားရေးကိုအလျင်အမြန်ထူထောင်လိုပါတယ်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို
စည်းလုံးညီညွတ်ရေးအတွက်အခြေခံကျတဲ့ ပထမအဆင့်အဖြစ် အကောင်အထည်ဖေါ်လိုပါတယ်။အစိုးရရဲ့ နိုင်ငံရေးမူဝါဒတွေကို
ဒီမိုကရေစီစံနှုန်းတွေနဲ့တိုင်းတာရင်တော့ ပြီးပြည့်စုံတယ်လို့ပြောလို့ မရနိုင်ပေမယ့် လက်ရှိအနေအထားမှာတော့
တည်တည်ငြိမ်ငြိမ်နဲ့တိုးတက်ဖွံ့ဖြိုးနိုင်ဖို့အတွက် လက်တွေ့ကျပြီးအလုပ်ဖြစ်နေတဲ့ ၊(အာဏာရှင်)အစိုးရရဲ့နိုင်ငံရေးအဟောင်းကနေလုံးဝ ရုန်းထွက်ပြီး (ရွေးကောက်ပွဲအခြေခံတဲ့)အစိုးရသစ်ရဲ့ ကမ္ဘာတလွှားကပါ ရင်သပ်ရှုမော ဖြစ်ရတဲ့ နိုင်ငံရေးအသစ်ဖြစ်ပါတယ်။
ဒီနိုင်ငံရေးအသစ်ကို တိုင်းပြည် ဖြည်းဖြည်းချင်း ဖွံ့ဖြိုးလာတာနဲ့အညီ ပြုပြင်ပြောင်းလဲသွားဖို့တော့လိုအပ်ပါတယ်။အစိုးရရဲ့
နိုင်ငံရေးမူဝါဒတွေ ဒီမိုကရေစီဘက်ကို အခုထက်ပိုမို ရွေ့လျားစေဖို့ကျတော့ အစိုးရမှာသာမက လူထုမှာရော အတိုက်အခံအင်အားစုတွေမှာပါတာဝန်ရှိပါတယ်။

လူထုရဲ့ နိုင်ငံရေးအဟောင်းကဘာတွေလဲလို့မေးရင် အာဏာရှင်ခေတ်တုန်းက လူထုဆီမှာအမြစ်တွယ်ခဲ့တဲ့
ကြောက်ရွံ့မှု ၊ နိုင်ငံရေးနဲ့ကင်းကွာမှု၊ နိုင်ငံရေးဖြစ်စဉ်ကို လျစ်လျူရှုမှု၊လူမှုကျင့်ဝတ်များ ယိုယွင်းပျက်စီးလာမှု၊လူ့အဖွဲ့အစည်းအပေါ် တာဝန်ပျက်ကွက်မှု စတာတွေပဲဖြစ်ပါတယ်။
အဲဒီခေတ် အဲဒီအခြေအနေမှာ လူထုက အဲဒီလိုနိုင်ငံရေးမျိုးထဲနစ်မြုပ်နေခဲ့တာ လူထုအပြစ်လုံးဝမဟုတ်ဘူးလို့ပြောလို့ရပါတယ်။
ခေတ်စနစ်ကပြဌာန်းလို့ ဖြစ်ခဲ့ရတဲ့ ဆုတ်ယုတ်မှုပါ။ဒါပေမယ့် အခုခိုခေတ်ပြောင်းစနစ်ပြောင်းကာလမှာတော့ နိုင်ငံရေးအဟောင်းထဲနစ်မြုပ်နေလို့လုံးဝမဖြစ်တော့ပါဘူး။
အခုအခါမှာ လူထုအနေနဲ့ အဲဒီနိုင်ငံရေးအဟောင်းတွေကိုစွန့်လွှတ်ဖို့အချိန်တန်ပြီဖြစ်ပါတယ်။လူထုအတွက်သင့်တော်တဲ့ နိုင်ငံရေးအသစ်ကိုလက်ခံကျင့်ကြံကြရပါတော့မယ်။လူထုအတွက် လက်ရှိအချိန်နဲ့ ကိုက်ညီတဲ့ နိုင်ငံရေးအသစ်ကဘာလဲဆိုရင် mindset လို့ခေါ်တဲ့ စိတ်ဓါတ်အမူအကျင့်များကိုပြုပြင်ခြင်း၊နိုင်ငံရေးကိုစိတ်ပါဝင်စားစျွာ လေ့လာခြင်း၊နိုင်ငံရေးဖြစ်စဉ်မှာပါဝင်ခြင်း(participation)၊ တတ်စွမ်းသမျှ လူ့အဖွဲ့အစည်းအကျိုးစီးပွားကိုပါဝင်ဆောင်ရွက်ခြင်း(contribution)စတာတွေပါပဲ။လူထုက သူတို့ရဲ့ နိုင်ငံရေးအသစ်ကိုသိရှိနားလည်ပြီး လက်တွေ့ကျကျ ထိထိရောက်ရောက်ပါဝင်ဆောင်ရွက်
လာကြဖို့ကတော့ အစိုးရအပါအဝင်နိုင်ငံရေးအင်အားစုများအားလုံးရဲ့တာဝန်ဖြစ်ပါတယ်။လူထုကိုနိုင်ငံရေးအသိ နိုးကြားလာအောင် ဆောင်ရွက်ကြဖို့လိုပါတယ်။

အတိုက်အခံကိုကြည့်ရင်တော့ နိုင်ငံရေးအဟောင်းထဲမှာပဲ နစ်မြုပ်နေသေးသူများ၊ နိုင်ငံရေးအဟောင်းနဲ့အသစ် ရောထွေးလက်ခံလုပ်ကိုင်နေသူများ၊နိုင်ငံရေးအသစ်ကိုသံသယတစ်ဝက်တစ်ပျက်နဲ့ လိုက်ပါဆောင်ရွက်လာသူများနဲ့ နိုင်ငံရေးအသစ်ကို စိတ်စေတနာမှန်မှန်ကန်ကန်နဲ့ ယုံကြည်လက်ခံပြီး တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်
်နေသူများ စသဖြင့် အမျိုးမျိုးကွဲပြားနေသေးတာတွေ့ရပါတယ်။လက်ရှိနိုင်ငံရေးအသစ်က လုံးဝပြီးပြည့်စုံပြီလို့ ဆိုလိုတာမဟုတ်ပါဘူး။အပြစ်အနာအဆာတွေရှိနေသေးတာဖြစ်ပါတယ်။
တရားဥပဒေစိုးမိုးရေး၊ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ပေါ်ပေါက်ရေး၊ဒီမိုကရေစီကိုလုံးဝအာမခံတဲ့ အခြေခံဥပဒေဖြစ်လာသည်အထိ ပြင်ဆင်ရေးဆွဲရန် အင်အားစုအားလုံးကတစ်ညီတစ်ညွတ် သဘောတူညီရေး စတာတွေ ဟာ လက်ရှိအခြေအနေမှာ ဦးတည်ဆောင်ရွက်သင့်တဲ့နိုင်ငံရေးအသစ်ထဲမှာပါဝင်နေတာဖြစ်ပါတယ်။
ဒီမိုကရေစီ ပေါ်ပေါက်ဖြစ်ထွန်းရေးအတွက် လက်ရှိနိုင်ငံရေးအသစ်က လက်တွေ့အကျဆုံး၊အလုပ်ဖြစ်ဖို့
အသေချာဆုံးဖြစ်နေလေတော့ လူထုအပါအဝင် နိုင်ငံရေးအင်အားစုများအားလုံးတစ်ညီတစ်ညွတ် ဝိုင်းဝန်းဆောင်ရွက်ကြရင် အကောင်းဆုံးဖြစ်မှာသေချာပါတယ်။ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကတော့ ကြးဖြတ်ရွေးကောက်ပွဲ နောက်ပိုင်းကစပြီး နိုင်ငံရေးအသစ်ကိုလုံးဝ အာရုံစိုက်ထားတာတွေ့ရပါတယ်။ဒေါ်စုအခုပြောနေတဲ့
အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ပြသနာရပ်များကို စေ့စပ်ညှိနှိုင်းအဖြေရှာတဲ့နည်းနဲ့ ပြည်လည်အောင်ဖြေရှင်းရေး၊နိုင်ငံတကာရဲ့စိတ်ပါဝင်စားမှု အာရုံစိုက်မှုကနေလူထုနဲ့တိုင်းပြည်အတွက်အကျိုးအမြတ်အမှန်တစ်ကယ်ရရှိရေး၊ဒီမိုကရေစီဖြစ်ထွန်းရေးအတွက် လူထုက လက်တွေ့ကျကျပါဝင်ဆောင်ရွက်ရေးစတာတွေဟာ အခြေအနေ အချိန်အခါနဲ့လုံးဝ
လျော်ညီတဲ့ အတိုက်အခံတို့ အာရုံစိုက်ပြီး လုပ်ကိုင်ဆောင်ရွက်ဖို့လိုအပ်နေတဲ့နိုင်ငံရေးအသစ်တွေပဲလို့ဆိုနိုင်ပါတယ်။ တိုင်းသစ်ပြည်သစ်တစ်ခုကိုထူထောင်ရတဲ့လုပ်ငန်းစဉ်က လွယ်ကူလှတာမဟုတ်လေတော့ အခြေအနေအချိန်အခါအရ
လိုအပ်သလိုပေါ်ပေါက်လာတဲ့ လက်တွေ့ကျပြီး အလုပ်ဖြစ်တဲ့ နိုင်ငံရေးအသစ်များကို အားလုံးက စေတနာမှန်မှန်နဲ့လက်ခံကျင့်သုံးမှသာ သေချာရေရာတဲ့ ခိုင်မာတဲ့ အနာဂါတ်တစ်ခုကို မျှော်မှန်းနိုင်မှာဖြစ်ပါတယ်။နိုင်ငံရေးအဟောင်းကို ပဲလက်ခံကျင့်သုံးနေမယ်ဆိုရင်တရားသေဝါဒီတွေ (dogmatist)ပဲဖြစ်နိုင်ပြီး လက်တွေ့မှာ ထိထိရောက်ရောက်ဘာမှလုပ်နိုင်မယ်မဟုတ်ပါဘူး။အစိုးရနဲ့ တပ်ရဲ့ နိုင်ငံရေးစိတ်ဆန္ဒကို
လုံးဝအယုံအကြည်မရှိဘူးဆိုတဲ့ ယူဆချက်ဆိုရင် အလုပ်မဖြစ်တော့တဲ့ နိုင်ငံရေးအဟောင်းဖြစ်သွားပါပြီ။နိုင်ငံသားတိုင်း နိုင်ငံရေးသမားတိုင်းကမိမိနိုင်ငံရေးကို အဟောင်းလားအသစ်လားသေသေချာချာ ဝေဖန် ဆင်ခြင်ရမယ့်ကာလကိုရောက်နေပါပြီ

နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးက မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ မူဝါဒတွေပြောင်းလဲကျင့်သုံးလာတာ ၊ဆက်ဆံရေးပြောင်းလဲ(ကောင်းမွန်)လာတာဟာလည်း နိုင်ငံရေးအသစ်များကြောင့်သာဖြစ်ပါတယ်။အစိုးရက အာဏာရှင် ခေတ်က နိုင်ငံရေးအဟောင်းကို စွန့်လွှတ်ပြီးနိုင်ငံရေးအသစ်ဖြစ်တဲ့ ဒီမိုကရေစီစနစ်ထွန်းကားပေါ်ပေါက်ရေး လမ်းစဉ်ကိုပြောင်းလဲကျင့်သုံးတာကို ယုံကြည်အသိအမှတ်ပြုလို့သာ သူတို့ရဲ့ဆက်ဆံရေးပုံစံပြောင်း
လာပြီး မြန်မာ့နိုင်ငံရေးကို ကူညီဖို့ ဆုံးဖြတ်လုပ်ကိုင်လာတာဖြစ်တယ်ဆိုတာကို အထူးသဖြင့် နိုင်ငံရေးအဟောင်းထဲမှာပဲ နစ်မြုပ်နေကြသူများ သတိပြုကြဖို့လိုအပ်ပါတယ်။ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းစဉ်ကြီးဟာ နိုင်ငံရေးအဟောင်းများကြောင့် အချိန်ကြာပြီး အီလည်လည်ဖြစ်နေမယ်ဆိုရင်ဒေါ်စုပြောသလိုပဲ ကူညီမယ့်သူတွေက တွန့်ဆုတ်သွားပြီး တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းဟာလည်းလုံးဝအောင်မြင်နိုင်မယ်မဟုတ်တော့ပါဘူး။
ဒေါ်စုက ကကိုယ့်အခွင့်အရေးအတွက်ကိုယ်တိုင်လုပ်ကြရမယ်လို့ပြောတာဟာ လူတိုင်းက ကိုယ့်နိုင်ငံရေးအသစ်ကိုတက်တက်ကြွကြွ လုပ်ကိုင်ကြဖို့ဆော်သြောလိုခြင်းဖြစ်ပါတယ်။အာဏာရှင်ခေတ်တုန်းက အတွေးအခေါ်ဟောင်း၊အပြုအမူဟောင်းတွေကိုစွန့်လွှတ်ပြီး လက်ရှိတည်ဆောက်ရေးကာလနဲ့လိုက်လျောညီထွေ ပြုမူလုပ်ကိုင်ကြဖို့ အရေးတကြီး လိုအပ်နေပါပြီ။
လက်ရှိအနေအထားမှာ နိုင်ငံရေးဖြစ်စဉ်ကြီး နောက်ပြန်လှည့်သွားဖို့ဆိုတာတော့ အခွင့်အလမ်းက အင်မတန်နည်းပါတယ်။
ဒါပေမယ့် နောက်ပြန်လှည့်ဖို့ အခွင့်အလမ်းနည်းတယ်ဆိုတာ ရှေ့ကို ကောင်းကောင်းမွန်မွန် တိုးသွားနေတယ်ဆိုတဲ့အဓိပ္ပါယ်တောလုံးဝမဟုတ်ပါဘူး။နိုင်ငံရေးဖြစ်စဉ်ကြီး ရှေ့ကို အလျင်အမြန်တိုးတက်ဖြစ်ထွန်းပြီဒီမိုကရေစီပန်းတိုင်ဆီအလျင်အမြန်ရောက်ရှိဖို့ကနည်းလမ်းတစ်ခုပဲရှိပါတယ်။ လူထုအပါအဝင် နိုင်ငံရေးအင်အားစုများအားလုံးက အလုပ်မဖြစ်တော့တဲ့အခြေအနေအချိန်အခါနဲ့အံဝင်ခွင်ကျမရှိတော့တဲ့ အာဏာရှင်ခေတ်က လက်ခံကျင့်ကြံခဲ့တဲ့ နိုင်ငံရေးအဟောင်းများကိုလုံးဝစွန့်လွှတ်ကြရပါမယ်။လူထုသည်လည်းကောင်း ၊အတိုက်အခံအင်အားစုများသည်လည်းကောင်း၊အစိုးရသည်လည်းကောင်းမိမိတို့နှင့်သက်ဆိုင်တဲ့ ကိုက်ညီတဲ့ လုပ်ကိုင်ဆောင်ရွက်ရန်သင့်တဲ့ နိုင်ငံရေးအသစ်များကို လုပ်ကိုင်ဆောင်ရွက်အကောင်အထည်ဖေါ်ကြပြီးနိုင်ငံရေးညီညွတ်မျှတ အံဝင်ခွင်ကျရှိမှု (political integration) ရှိမှသာဖြစ်နိုင်ပါမယ်။ တနည်းအားဖြင့် လူထု ၊အတိုက်အခံနဲ့အစိုးရတို့အချင်းချင်းနားလည်မှု၊စိတ်ရှည်သည်းခံမှု၊စည်းလုံးညီညွတ်မှုတို့ ကိုခိုင်ခိုင်မာမာ တည်ဆောက်အကောင်အထည်ဖေါ်နိုင်ပြီဆိုတာနဲ့ပန်းတိုင်ကို အမြန်ဆုံးအရောက်လှမ်းနိုင်မှာ အသေအချာဖြစ်ပါတော့တယ်။နိုင်ငံရေးယဉ်ကျေးမှုမြင့်မားလာတဲ့အလျောက် နိုင်ငံရေးနဲ့အတူ
စီးပွားရေး၊လူမှုရေး၊ပညာရေး၊လူမှုရေး စတာတွေ လိုက်ပါမြင့်မားလာတဲ့အချိန်မှာ တိုးတက်ဖြစ်ထွန်းလာတဲ့အခြေအနေနဲ့ ကိုက်ညီတဲ့နောက်ထပ် နိုင်ငံရေးအသစ်များပေါ်လာဦးမယ်ဖြစ်ပါတယ်။အဲဒီနိုင်ငံရေးအသစ်က အခုလက်ရှိနိုင်ငံရေးအသစ်ထက်ပိုပြီး ဒီမိုကရေစီစံချိန် စံညွှန်းတွေနဲ့ကိုက်ညီပြည့်စုံနေမှာအသေအချာဖြစ်ပါတော့တယ်။အခုလက်ရှိနိုင်ငံရေးအသစ်ကို အားလုံးက ဝိုင်းလုပ်ကြမှသာ နောက်ထပ်ပိုကောင်းတဲ့ ပိုပြည့်စုံတဲ့နိုင်ငံရေးအသစ်များဟာပေါ်ပေါက်လာနိုင်မှာဖြစ်ပါတယ်။အဲဒီလို ဒီမိုကရေစီနစ်နဲ့ ပြည့်ပြည့်စုံစုံ ကိုက်ညီတဲ့နိုင်ငံရေးအသစ်များပေါ်ပေါက်လာတဲ့အချိန်ဟာ လူသန်းခြောက်ဆယ်ရဲ့ပန်းတိုင်ကိုသေချာပေါက်ရောက်ရှိတော့မယ်လို့ သေချာပေါက်ပြောလို့ရမယ့်အချိန်လည်းဖြစ်ပါတော့တယ်။ ။

ပိုက်တင်