ဒေါ်စုက လူထုကိုပြောပါတယ်။ တိုင်းပြည်ဘယ်တော့ ပြောင်းမလဲဆိုတာ သိဖို့ကိုယ့် ဘာသာပြန်မေးပါ။ ကိုယ်ဘယ်တော့ ပြောင်းမလဲ၊ ကိုယ့်စိတ် ဘယ်တော့ ပြောင်းမလဲ၊ တိုင်းပြည် အတွက် ဘယ်တော့ အလုပ် လုပ်မလဲ ဆိုတဲ့ အပေါ် မူတည်ပါတယ်လို့ လူထုကို ပြောသွားပါတယ်။ လူထုပြောင်းမှ တိုင်းပြည်ပြောင်းမယ်လို့ ဆိုလိုတာပါ။ လူထု မပြောင်းရင်ဘယ် အစိုးရပဲ အုပ်ချုပ်သည် ဖြစ်စေ၊ ဘယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အုပ်ချုပ်သည်ဖြစ်စေ၊ ဘယ်လောက် အားကောင်းတဲ့ အတိုက်အခံပဲ ရှိပါစေ တိုင်းပြည်က အကောင်းဘက်ကို ဦးတည်ပြီး (အမှန်တကယ် ပြည့်ပြည့်ဝဝ) ပြောင်းလဲဖို့ လုံးဝ မဖြစ်နိုင်ဘူးလို့ ပြောချင်တာ ဖြစ်ပါတယ်။
မှန်ပါတယ်။ လူထုက ပြောင်းလဲမယ်ဆိုရင်၊ လူထုက မိမိအတ္တ အကျိုးစီးပွားနဲ့ တွဲယှဉ်ပြီး မိမိတို့ မှီတင်းနေထိုင်တဲ့ လူ့အဖွဲ့အစည်း ရဲ့အကျိုးစီးပွားကို တတ်စွမ်းသလောက် ပါဝင်ထမ်းဆောင် ကြိုးပမ်း ကြမယ်ဆိုရင် အစိုးရလည်း ပြောင်းရမှာ ဖြစ်ပါတယ်။ နိုင်ငံရေး လည်းပြောင်းရမှာ ဖြစ်ပါတယ်။ အခြေခံဥပဒေ ဆိုတာလည်း ပြောင်းရမှာဖြစ်ပါတယ်။ လူနေမှုစနစ်လည်း ပြောင်းရမှာ (တိုးတက်မြင့်မား လာရမှာ) ဖြစ်ပါတယ်။
လူထုက တကယ်ပြောင်းရင် ဒီမိုကရေစီ လူ့ဘောင်လည်း (အလျင်အမြန်) ပေါ်ပေါက်လာမှာ ဖြစ်ပြီး ဘယ်တော့မှ ပြန်လည် ဆုံးရှုံးမှာ မဟုတ်တော့ပါဘူး။ တိုင်းပြည်ရဲ့ အနာဂတ်ဟာ လူထု လက်ထဲမှာပဲ လုံးလုံးလျားလျား ရှိနေတာပါ။လူထုကသာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရမှာ ဖြစ်ပါတယ်။အစိုးရဆိုတာ စနစ်တွေကို ကောင်း အောင် တည်ဆောက်ပြုပြင်ပေးဖို့ တာဝန်ရှိပါတယ်။ လွတ်လပ်ခွင့်၊ တန်းတူညီမျှခွင့် တို့ကို ဥပဒေများ ပြဋ္ဌာန်းပြီး၊ ဥပဒေများ ပြင်ဆင်ပြီး ဖန်တီးပေးရမှာ ဖြစ်ပါတယ်။ မတရား အခွင့် အလမ်းရယူဖို့ ကြိုးစား တဲ့ သူတွေကို ဥပဒေနဲ့ အညီ တားဆီးပေးဖို့ အစိုးရမှာ လုံးဝ တာဝန်ရှိပါ တယ်။ အရည်အချင်း ရှိသလောက် တိုးတက်ခွင့်ကို အခွင့်အရေး တန်းတူ ညီမျှမှုနဲ့ ပြဋ္ဌာန်းပေးဖို့ အစိုးရမှာ လုံးဝ တာဝန်ရှိပါတယ်။ မိမိတိုးတက် အောင်မြင်ဖို့ အတွက်ကိုတော့ လူထုက မိမိတို့ဘာသာ ဆောင်ရွက်ရ မှာ ဖြစ်သလို တစ်ကယ်တမ်း တိုင်းပြည် တိုးတက်အောင် ဒီမိုကရေစီ ဖြစ်ထွန်းအောင် အဓိက လုပ်ရမှာက လူထု ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။
အခုအခါမှာ နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းမှုတွေ ရှိလာနေပါပြီ။ အရင်က လုံးဝ မျှော်လင့် မထားတဲ့အခြေခံ ကောင်းတွေ၊ အခြေ အနေ ကောင်းတွေက တစ်စတစ်စ ဖြစ်ထွန်း လာနေပါပြီ။ အားလုံး ပြည့်စုံပြီလို့ မဆိုလိုပါဘူး။ တစ်ကယ်တမ်း လူထု ရရှိရမယ့် အခွင့် အရေးတွေ အားလုံး ရသေးတာမဟုတ်ပါဘူး။ ပြောရရင် အခြေခံ လူတန်းစား အတွက် ဘာအခွင့်အလမ်းမှ အမှန်တကယ် ရရှိသေး တာ မဟုတ်ပါဘူး။ ဒီမိုကရေစီ နိုင်ငံလည်း ဖြစ်သေးတာမဟုတ်ပါဘူး။ အစိုးရ ကိုယ်တိုင်က ဒီမိုကရေစီနိုင်ငံ အဖြစ်ရောက်ဖို့ ခရီးရှည်ကြီး ချီတက်ကြရ ဦးမယ်လို့ သေသေချာချာ ပြောထားတာလည်း ရှိပါတယ်။အစိုးရက ဘယ်လောက်ပဲ လုပ်လုပ် လူထု မပါလာရင် ဘယ်လိုမှ အလုပ် မဖြစ်နိုင်ပါဘူး။ လူထု တစ်ရပ်လုံးက တတ်စွမ်းသလောက် ဝိုင်းဝန်း လုပ်ကိုင် ဆောင်ရွက်ကြမှသာ လိုရာခရီးကို ရောက်နိုင်မှာ ဖြစ်ပါတယ်။
ဒီမိုကရေစီ နိုင်ငံအဖြစ် ထူထောင်မယ် ဆိုတဲ့ ရည်မှန်းချက်နဲ့ အခု လုပ်ကိုင် ဆောင်ရွက်နေတာတွေ ကလည်း တကယ်တော့ လူထုရဲ့ သဘောထား ဆန္ဒကို အကောင်အထည် ဖော်နေတာသာ ဖြစ်ပါတယ်။လူထု တစ်ရပ်လုံးက ဒီမိုကရေစီ စနစ်ကိုသာ လိုလားတဲ့ အကြောင်း တညီတညွတ် ထုတ်ဖော် ဆန္ဒပြုခဲ့လို့သာ ဖြစ်ပါတယ်။ ဒီမိုကရေစီ စနစ် တည်ဆောက် နေခြင်းရဲ့ တစ်ခုတည်းသော အဓိက အကြောင်း ရင်းလည်း ဖြစ်ပါတယ်။ လူထုက အခု တိုင်းပြည် တည်ဆောက်ရေး လုပ်ငန်းစဉ်မှာ တက်တက်ကြွကြွ ထိထိရောက်ရောက် ပါဝင်ဖို့ အချိန် ကျရောက် နေပါပြီ။
လူထုက တော်သလိုနေရင် ခရီးက ပိုရှည်သွားနိုင်ရုံ မကပါဘူး၊ ပန်းတိုင်နဲ့တောင် လွဲချော် သွားနိုင်ပါတယ်။လူထု တစ်ရပ်လုံးရဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ လူထု တစ်ရပ်လုံးရဲ့စိတ်အား ထက်သန်မှု၊ လူထုတစ်ရပ် လုံးရဲ့ နိုင်ငံရေးဖြစ်စဉ်ကြီး တစ်ခုလုံးကို စိတ်ပါဝင်စားမှုနဲ့ ပူးပေါင်း ဆောင်ရွက်မှု ဖြင့်သာ ဒီမိုကရေစီ နိုင်ငံဆိုတာ ပေါ်ထွန်း လာနိုင်ပါတယ်။
လိုအပ်ချက်တွေ၊ အားနည်းချက်တွေ၊ ပြဿနာတွေ အခက်အခဲ တွေကိုပဲ ကြည့်ပြီး လက်ညှိုးထိုး အပြစ်တင်နေလို့ အလုပ် မဖြစ်နိုင် ပါဘူး။ အတိတ်က နစ်နာ ခဲ့ရတာတွေ၊ ဆုံးရှုံး ခဲ့ရတာတွေကို ပြန်ပြော နေလို့၊ အတိတ်က အမှားတွေကို ထိုင်လက်ညှိုးထိုး အပြစ်တင်နေလို့ အကျိုးထူး တစ်စုံတစ်ရာ မရနိုင်ပါဘူး။ ဒီမိုကရေစီ အခွင့် အရေးတွေကို လူသန်းခြောက်ဆယ် လုံး အတူတကွ ဝေမျှ ခံစားကြမယ်ဆိုတဲ့ စိတ်မျိုး ထားနိုင်ဖို့ လိုပါတယ်။ ဟိုလူတော့ အခွင့်အရေးတွေ မရရဘူး၊ ဒီလူ ကိုတော့ အခွင့်အရေးတွေ မပေးနိုင်ဘူး ဆိုတဲ့စိတ်တွေ ရှိနေသမျှတော့ ဒီမိုကရေစီ မရမှာ သေချာပါတယ်။ အတိတ်က အမှား လုပ်ခဲ့တာတွေကို အဲဒီအမှားတွေ လုပ်ခဲ့မိသူ တွေရော၊ အဲဒီအမှားတွေကြောင့် ထိခိုက် နစ်နာခဲ့ရသူ တွေကပါ သင်ခန်းစာအဖြစ် ရယူသင့်ပါတယ်။ နောင် တစ်ချိန်မှာ အတိတ်က အမှားတွေ ပြန်မမှားကြဖို့ပဲ လိုပါတယ်။အတိတ်ကလို ပြန်မခံစားရဖို့ လိုပါတယ်။ အငြိုးသံသရာ၊ အာဃာတ သံသရာထဲ မနစ်မွန်းကြမှသာ၊ ရင့်ကျက်တဲ့ သဘောထား မြင့်မြတ် တဲ့၊ ခွင့်လွှတ်တဲ့ လူထုဖြစ်မှသာ ဒီမိုကရေစီ ဆိုတာဖြစ်ထွန်းမှာ ဖြစ်ပါတယ်။ အငြိုး အာဃာတတွေ ကျန်နေသေးရင် သံသယတွေက ကျန်နေပြီး ယုံကြည်မှုကို ဘယ်လိုမှ တည်ဆောက်လို့ ရနိုင် မှာ မဟုတ်ပါဘူး။ ယုံကြည်မှု တည်ဆောက်လို့မှ မရရင် စည်းလုံး ညီညွတ်မှု ဆိုတာလည်း ဘယ်လိုမှ ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး။ တိုးတက်တဲ့ သာယာဝပြောတဲ့ ဒီမိုကရေစီ လူ့ဘောင်ကို စည်းလုံး ညီညွတ်မှုဖြင့်သာ ရရှိနိုင်ပါတယ်။
ဘာကြောင့် ဒါကို ပြောရသလဲ ဆိုတော့ ဒီမိုကရေစီရေး အတွက် ခလုတ်ကန်သင်းတွေ ဖြစ်စေနိုင်တဲ့ အကြောင်းတရား တွေမို့ပါ။ တန်ဖိုး ရှိတဲ့ အချိန်တွေကို တိုင်းပြည် ထူထောင်ရေး အတွက်သာ အသုံးပြု သင့်ပါတယ်။ အစစအရာရာ နောက်ကျ နေတဲ့ တိုင်းပြည်ကို လူတန်း စေ့ဖို့ ဆိုတာ အချိန်ကို အကျိုးရှိရှိ သုံးနိုင်ဖို့ လိုအပ်ပါတယ်။ လူမျိုးစု တစ်ရာကျော်လောက် ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်း မှာ စည်းလုံး ညီညွတ်မှုကို ကြိုးစားပမ်းစား တည်ဆောက်မှသာ ရနိုင်မှာပါ။ အတိတ်အိပ်မက်ဆိုးကြီး ကနေ ရုန်းထွက်ပြီး အနာဂတ်ကို မျက်ခြည် မပြတ်ဘဲ ပစ္စုပ္ပန်မှာ အားထုတ် ကြိုးပမ်းကြရ ပါလိမ့်မယ်။
လက်ရှိ နိုင်ငံရေး ဖြစ်စဉ်ထဲ လူထု ပါဝင်မှုက အားရစရာ မရှိ လှသေးဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောခွင့်ပြုပါ။ လူထုက အခုထက် ပိုပြီးဝင်ဖို့လိုပါတယ်။ အခြေအနေတွေ ဘယ်လောက်ပဲ ဆိုးနေပါစေ၊ လူထုက ကိုယ့်တာဝန် ကိုယ်ကျေဖို့ ကြိုးစားကြစေ လိုပါတယ်။
အကျင့်ပျက် ခြစားမှုတွေကို လက်ညှိုးထိုးပြီး အဲဒါတွေကြောင့် လုပ်လည်း မထူးပါဘူးလို့ ဘေးဖယ် မနေကြပါနဲ့။ ခြစားမှုတွေ ပပျောက်အောင် နှစ်ပေါင်းများစွာ လုပ်ကြရမှာပါ။ ငါးနှစ်၊ ဆယ်နှစ်နဲ့ ပြေလည်မယ့် ပြဿနာ မဟုတ်ပါဘူး။
သေချာတာကတော့ လူထုမပါရင် ဘယ်တော့မှ ပြေလည်မှာ မဟုတ်ပါဘူး။ တစ်ယောက်ချင်း စီက တတ်နိုင်သလောက် ဝိုင်းလုပ် ကြရပါလိမ့်မယ်။ အမြင်မတော်တာ တွေ့ရင် စာရေးပြီး အစိုးရဆီ ပို့ရင် ဒါဟာ တစ်ပိုင်တစ်နိုင် ပါဝင်ဆောင်ရွက်ရာ ရောက်ပါတယ်။
တိုင်လည်း အလကားပဲ လို့ မယူဆစေချင်ပါဘူး။ အစိုးရ ကိုယ်တိုင် က အကျင့်ပျက် ခြစားမှုကို တိုက်ဖျက်လိုတဲ့ စိတ်ဆန္ဒ ရှိနေပါပြီ။လူထုပါရင် မြန်သွားပါလိမ့်မယ်။
ဘတ်စ်ကား စီးလို့ စပယ်ယာက မတရား ဟောက်ရင် ငြိမ်မခံပါနဲ့။ လူတွေ ကျပ်သပ်နေအောင် တင်ရင်လည်း ခရီးသည်က ပြောခွင့် ရှိပါတယ်။ ပြောဖို့ တာဝန်ရှိပါတယ်။ အားလုံးက နေသာသလို နေတာ ကျင့်သား ရနေတော့ အခုပြုပြင်ပြောင်းလဲရေးတွေ လုပ်မှ အခြေအနေ တွေက ပိုဆိုးလာတာ တွေ့ရပါတယ်။ ကားပေါ်မှာ တိုင် လို့ရတဲ့ ဖုန်းနံပါတ်တွေ ရေးထားပေမယ့် ဘယ်သူကမှ ဘယ်တုန်းက မှ ဖုန်းဆက်တိုင်တာ မကြုံဖူးပါဘူး။ တိုင်လို့လည်း အလကားပါပဲ ဆိုတဲ့ စိတ်နဲ့ နေမြဲတိုင်းနေ ခံမြဲတိုင်း ခံနေကြတာပါပဲ။ မခံရင် မလုပ်ရဲပါဘူး။ ပြန်ဟောက်ရင် စပယ်ယာတွေက ငြိမ်သွားတာ များပါတယ်။
ခံနေရင်လည်း ပိုလုပ်တတ်တာ အားလုံး အသိပါ။ အမှန်တရား မှန်း သိလို့ပြောသင့် ပြောထိုက်တာကို ပြောရမယ့် အချိန်မှာ ရဲရဲဝံ့ဝံ့ ပြောတာလည်း လူ့အဖွဲအစည်း အတွက် ကိုယ့်မှာရှိတဲ့ တာဝန်ကို ထမ်းဆောင်တာပဲ ဆိုတာ နားလည်ဖို့လိုပါတယ်။ ပြောရမယ့် ဟာကို ပြဿနာ ကင်းအောင်ဆိုပြီး မပြောဘဲ နေတာဟာလည်း တာဝန် ပျက်ကွက်တာ ဆိုတာ သိဖို့လိုပါတယ်။ အားလုံး ဝိုင်းမပြုပြင်ဘဲနဲ့ တော့ အစိုးရချည်းပဲ ဘယ်လိုမှ အလုပ်ဖြစ်အောင် လုပ်လို့ မရတာ သေချာပါတယ်။ အလွန်အကျွံ ပျက်စီးနေတဲ့ တိုင်းပြည်ကို အစိုးရက ပဲ အကောင်းပကတိ ဖြစ်အောင် မပြင်နိုင်တာ သေချာပါတယ်။ နိုင်ငံရေး ပါတီတွေ၊ နိုင်ငံရေးသမားတွေ ကပဲ အကောင်းပကတိ ဖြစ်အောင် မပြင်နိုင်တာ သေချာပါတယ်။ တခြားတိုင်းပြည်က အကူအညီတွေ သက်သက် နဲ့လည်း အကောင်းပကတိ ဖြစ်အောင် မပြင်နိုင်တာ သေချာပါတယ်။
ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ရွေးတော့လည်း အိမ်ထောင်ဦးစီး တွေ အားလုံး စုံစုံညီညီ သွားပြီး မဲပေးတဲ့ ရပ်ကွက်ရယ်လို့ မကြားမိ ပါဘူး။ ဒါ ဘာကြောင့်လဲ ဆိုတော့ အရင်ခေတ် အဆက်ဆက်က ဘယ်လိုပဲ မဲပေးပေး အလကားပဲ ၊ သူတို့တင်ချင်တဲ့သူ တင်တာပဲ ဆိုတဲ့ အသိက စွဲနေလို့ ဖြစ်ပါတယ်။ အခုတော့ ပြဿနာတွေ ပေါ်လို့အသံ တွေ ထွက်လာပါတယ်။ အားလုံးက မဲပေးဖို့ သွားကြမယ်ဆိုရင် မဟုတ်တာ လုပ်ချင်ရင်တောင် လုပ်လို့ မရပါဘူး။ ကြောက်တာရယ် ပြဿနာ မဖြစ်ချင်တာရယ်၊ အကြောင်း မထူးပါဘူးဆိုတဲ့ အယူအဆ ရယ်ကြောင့် မဟုတ်တာ လုပ်ချင်တဲ့ လူတွေက အခွင့်အရေး ရသွားတတ်တဲ့ သဘောရှိပါတယ်။
အသေးအဖွဲလို့ ထင်ရပေမယ့် နိုင်ငံရေး အရ အရေးကြီးတဲ့ ကိစ္စတွေမှာ လူထုက ပါဝင် ထမ်းဆောင်ဖို့ ပျက်ကွက် နေကြဦးမယ် ဆိုရင်တော့ မဟုတ်တာ လုပ်ချင်တဲ့ လူတွေကပဲ ဆက်လက် မင်းမူ နေပါလိမ့်ဦးမယ်။
ကန်စွန်းရွက် စိုက်တဲ့သူက ကန်စွန်းရွက် တစ်စီးကို ၅၀ကျပ် လောက်ပဲရတဲ့ အချိန်မှာ ဈေးထဲမှာ လက်လီဝယ်ရတဲ့ ဈေးက (လမ်းစရိတ် ကိုအကြောင်းပြပြီး) ၂၅၀ ကျပ် ဖြစ်နေပါတယ်။ လမ်းစရိတ်ကလည်း လိုတာထက် ပိုဈေးများနေတာလည်း အမှန်ပါ။ ဒါက အစိုးရမှာ လုံးလုံးလျားလျား တာဝန်ရှိပါတယ်။ (ဓါတ်ငွေ့တွေ အလုံအလောက် ပေးနိုင်အောင်ကြိုးစားပြီး သယ်ယူ ပို့ဆာင်စရိတ် ကျအောင်လုပ်ပေး ဖို့တာဝန်ရှိပါတယ်။) ဒါပေမဲ့ လမ်းစရိတ်ကုန်လို့ တင်ရမယ့် ဈေးထက် အများကြီးပိုတင် ထားတာက ဈေးသည်တွေရဲ့တာဝန် လုံးလုံး ဖြစ်ပါတယ်။ တစ်ရက် အိမ်သုံးစရိတ် ထက် အများကြီးပိုရ အောင်ရှာပြီး နေ့တိုင်းနှစ်လုံးထီ ထိုးနေကြတာက လူ့အဖွဲ့အစည်း အပေါ် မှာရော၊ ကိုယ့်မိသားစု အပေါ်မှာပါ တာဝန် မဲ့တဲ့ လုပ်ရပ်တွေပါ။ လူထုက ရထိုက်တဲ့ အခွင့်အရေးတွေကို မြန်မြန်ရဖို့ ကိုယ်ထမ်းဆောင် ရမယ့် တာဝန်တွေ ကိုလည်း မှန်မှန်ကန်ကန် ထမ်းဆောင် ကြရပါလိမ့် မယ်။ ရှောင်သင့်တာကို ရှောင်တာဟာလည်း တာဝန် ထမ်းဆောင်ခြင်း ဖြစ်တယ်ဆိုတာ သိရှိ နားလည်ကြဖို့ အရေးကြီးပါတယ်။
လူထုက ပြုပြင်ရမယ့်၊ ဆင်ခြင်ရမယ့်၊ အားထုတ်ရမယ့် အကြောင်းခြင်းရာ တွေက ရေးပြပြောပြလို့ မကုန်နိုင် တာကြောင့် လူထုက မိမိတို့ဘာသာ စဉ်းစား တွေးဆပြီး ပြုပြင် ဆောင်ရွက်ကြပါလို့ မေတ္တာ ရပ်ခံပါရစေ။ လူထုတာဝန်တွေက အစိုးရနည်းတူ အမြောက် အမြားရှိ တယ်ဆိုတာ သတိချပ်ဖို့ လိုပါတယ်။လူထုကသာ ကိုယ့်တာဝန် ကိုယ်ကျေရင် လူ့အဖွဲ့အစည်း တစ်ရပ်လုံး တစ်မုဟုတ်ချင်း တိုးတက် ပြောင်းလဲ သွားနိုင်ပါတယ်။ (လူထုကသာ စည်းကမ်းတကျ နည်းလမ်းတကျနဲ့ တက်တက်ကြွကြွ ပါဝင် ဆောင်ရွက်ကြမယ်၊ ပြင်သင့် တာတွေ ပြင်ကြမယ်ဆိုရင် အချိန်တိုအတွင်း ဒီမိုကရေစီ ရနိုင်ပါတယ်။ အခုလက်ရှိ အနေအထား အတိုင်း ဆိုရင်တော့ အချိန်များစွာ ယူရပါ လိမ့်ဦးမယ်။) အစိုးရ ဆိုတာ ဘယ်တော့မှ လူထုသဘောထား ဆန္ဒကို လွန်ဆန်လို့ မရပါဘူး။
လူထုကို ဆန့်ကျင်တဲ့ အစိုးရ ဆိုတာလည်း ယာယီအားဖြင့် သာ တည်မြဲနိုင်တာပါ။ တစ်နည်းနည်းနဲ့ ကွယ်ပျောက်သွားရတာ ချည်းပါပဲ။ လူထုက ကိုယ့်ကိုယ်စား တိုင်းပြည်ကို စီမံခန့်ခွဲမယ့် သူတွေကို ရွေးချယ်ခွင့် ရှိတဲ့ ရွေးကောက်ပွဲ တွေမှာ မဲရုံကိုအရောက် သွားရမယ့် တာဝန်ရှိပါတယ်။ သေသေချာချာ စေ့စေ့စပ်စပ် ရွေးချယ် ဖို့ တာဝန်ရှိပါတယ်။လူထု ကိုယ်စားလှယ် တွေက မဟုတ်တာ လုပ်နေ ရင်လည်း ရဲရဲဝံ့ဝံ့ ပြန်လည်ဖယ်ရှားဖို့ တာဝန်ရှိပါတယ်။ ဖွဲ့စည်းအုပ် ချုပ်ပုံ အခြေခံ ဥပဒေကို သေသေချာချာ နားလည်အောင် ဖတ်ရှု လေ့လာဖို့ တာဝန်ရှိပါတယ်။ အခြေခံ ဥပဒေမှာ အားနည်းချက် အားသာချက်တွေ ရှိပါတယ်။
အားနည်းချက်တွေ အတွက် ပြင်ရမယ့် အချိန်ရောက်ရင် ပြင်ဖို့ လိုပါတယ်။ တကယ်တမ်း ကတော့ လူထုက အဆင်သင့် ဖြစ်တာနဲ့ အခြေခံဥပဒေက မပြင်လို့ မရပါဘူး။ လူထုအဆင်သင့် မဖြစ်ရင်လည်း ပြင်ဆင်ဖို့ ခက်ခဲပါလိမ့်မယ်။ သူများ တကာက အခြေခံ ဥပဒေပြင် ရမယ်လို့ ပြောဆို နေတာနဲ့ပဲ ကိုယ်လည်း ရောယောင်ပြီး လိုက်ပြော နေဖို့ မသင့်ပါဘူး။ သိအောင်လုပ်ဖို့ နားလည်အောင် လုပ်ဖို့ လူထု မှာ တာဝန်ရှိပါတယ်။ လူထုက နိုင်ငံရေးအရ အဆင်သင့် မဖြစ်သေး ဘဲ ပြင်ဆင်မယ် ဆိုရင်လည်း အင်အားစုတွေ အကြားစည်းလုံးမှု ပြိုကွဲပြီး တိုင်းပြည်ကံကြမ္မာ သံသရာတစ်ပတ်လည်ရုံပဲရှိပါလိမ့်မယ်။
လူထုတစ်ရပ်လုံးက အခြေခံ ဥပဒေကို နားလည်သိရှိသွားတဲ့ နေ့၊ အမျိုးသားရေး အသိအမြင်တွေ ပြည့်စုံလာတဲ့နေ့၊ လူထုတာဝန် ကျေတဲ့နေ့မှာ သက်ဆိုင်တဲ့သူတွေ အားလုံးကလည်း ပြင်ဆင်ဖို့ သဘောတူတဲ့ အနေအထားကို ရောက်လာမှာ သေချာပါတယ်။
စည်းကမ်းမရှိ အမှိုက်မပစ်ဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။ ငါတစ်ယောက်တည်း စည်းကမ်းရှိလို့ မထူးပါဘူးဆိုတဲ့ အတွေးမျိုး ဖျောက်ကြပါ။ သူများက စည်းကမ်း ချိုးဖောက်နေတာ မြင်တွေ့ရ ရင်လည်း တတ်စွမ်းသလောက် တားဆီးဖို့ တာဝန်ရှိပါတယ်။ တရား သဖြင့် စီးပွား ရှာဖွေပြီး သမာအာဇီဝ နည်းလမ်းတကျ အသက်မွေး မှုပြုဖို့ တာဝန်ရှိပါတယ်။ မတရားသဖြင့် စီးပွားရှာတဲ့ ဝိသမသမား တွေကိုလည်း အားပေးအားမြှောက် မလုပ်ဖို့ တာဝန်ရှိပါတယ်။ ကုန် ပစ္စည်းတစ်ခုကို ဝယ်လိုအားမရှိရင် မတရားဈေးနှုန်း သတ်မှတ်ပြီး ရောင်းလို့ လုံးဝမရပါဘူး။ ဝယ်သူရှိမှ ရောင်းသူ ရှိတာပါ။ မတရား ရောင်းရင် မဝယ်ဘဲ နေရမှာလည်း လူထုတာဝန် ဆိုတာ နားလည်ရ ပါမယ်။ မတရားတာကို မခံဘူးဆိုတာ လက်တွေကျကျ ကျင့်ကြံ ကြရပါလိမ့်မယ်။ ကိုယ့်အတ္တ အတွက်ကျတော့ လျှော့လျှော့ပေါ့ပေါ့ လေး စဉ်းစားနေသမျှ ကာလပတ်လုံး မတရားမှု တွေက ရှိနေဦးမယ် ဆိုတာ သတိပြုကြဖို့ လိုပါတယ်။
လူထုဆိုတဲ့အထဲမှာ အစိုးရ ဝန်ထမ်းများလည်း ပါဝင်တယ် ဆိုတာ အထူးပြောဖို့ လိုမယ်မထင်ပါ။ အစိုးရက ပြောင်းနေပေမယ့် မပြောင်းချင်တဲ့ ဝန်ထမ်းတွေက အများစု ဖြစ်နေသေးတယ်ဆိုတာ လည်း စိတ်မသက်သာစရာအကြောင်းတစ်ခုဖြစ်ပါတယ်။ ကိုယ်ကျိုး ပဲ ရှာချင်သေးတယ်၊ အမျိုးသားရေးစိတ်ဓါတ်ဆိုတာကို ရယ်စရာလို့ပဲ သဘောထားနေသေးတယ်ဆိုရင်တော့ အစိုးရက အကောင်အထည် ဖေါ်ဖို့ ကြိုးစားနေတာတွေ သဲထဲရေသွန်ဖြစ်ကုန်ပါလိမ့်မယ်။ နောက်တစ်ခေတ်မှာ လူလုပ်မယ့်မျိုးဆက်သစ်တွေအတွက် အခု လူလုပ်နေတဲ့ မျိုးဆက်က အနစ်နာခံဖို့လိုပါတယ်။ အခြေခံကောင်း တွေကို တည်ဆောက်ပေးဖို့လိုပါတယ်။ ငါ့သားငါ့သမီးတွေကို အထုပ် ကြီးကြီးပေးခဲ့ရင်စိတ်ချရပြီဆိုတဲ့ ခပ်တိမ်တိမ်အတွေးအခေါ်တွေ စွန့်လွှတ်ပြီး လူ့အဖွဲ့အစည်းတစ်ခုလုံးကောင်းအောင် တည်ဆောက် ပေးခဲ့မှ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ အာမခံချက်ရှိမယ့် ဘဝတွေကိုပိုင်ဆိုင်နိုင်မယ်ဆိုတဲ့ အသိတရားတွေ လူတိုင်းမှာ ကိန်းဝပ်လာမှသာ ဒီမိုကရေစီဆိုတာ ဖြစ်နိုင်ပါလိမ့်မယ်။
လူထုဆိုတဲ့ စကားရပ်ထဲမှာ သန်း ၆၀ စလုံး အကျုံးဝင်ပါတယ်။ ခရီးသည်က တားလိုက်ရင် ကားခကို ကျသင့်တာထက် အများကြီး ပိုပြောပြီး တန်ရာတန်ကြေး ဈေးဆစ်ရင် ခရီးသည်ကို စကားတောင် ပြန်မပြောတော့ဘဲ မောင်းထွက် သွားတတ်တဲ့ တက္ကစီသမား တွေ လည်း အကျုံးဝင်ပါတယ်။ တက္ကစီ မီတာတွေ သုံးရမယ်ဆိုတဲ့ အမိန့်ထုတ်ပြီး အမိန့် အတိုင်း ထိထိရောက်ရောက် မလုပ်နိုင်ဘဲ စည်းကမ်း ဥပဒေတွေကို မပြင်ဘဲ ထားတဲ့ သက်ဆိုင်ရာ လူကြီးမင်းလည်း အကျုံးဝင် ပါတယ်။ နှစ်လုံးထီ တွက်ပြီး အချိန်ကုန် စိတ်လေနေတဲ့ နှစ်လုံးထီ ထိုးပြီး တစ်နေ့တစ်ခြား လုံး ပါးပါးနေတဲ့ ရပ်ကွက်ထဲက လူတွေလည်း အကျုံးဝင် ပါတယ်။ ရဲကို လိုင်းကြေးပေးပြီး ပေါ်ပေါ်ထင်ထင် ရောင်းနေတဲ့ နှစ်လုံးထီဒိုင် တွေလည်း အကျုံးဝင်ပါတယ်။ လိုင်းကြေးယူပြီး မဖမ်း မဆီးဘဲ အမျိုးသား အကျိုးစီးပွားကိုပါ ထိခိုက်တဲ့ အထိ မသိကျိုးကျွံ ပြုနေတဲ့ ရဲအရာရှိ များလည်း အကျုံးဝင် ပါတယ်။ အများပြည်သူ ပိုင်တဲ့ ကတ္တရာ လမ်းမပေါ် ကွန်ကရစ် လမ်းမပေါ် ကွမ်းတံတွေးကို အားမနာတမ်း တဗျစ်ဗျစ်ထွေးတဲ့ လူတွေနဲ့ အဲဒီသူတွေကို ထိထိရောက်ရောက် အရေး မယူတဲ့ နိုင်ငံ့ဝန်ထမ်း တွေလည်း အကျုံးဝင် ပါတယ်။
လူထုတာဝန်တွေက ဘယ်လောက်များပြီး ဘယ်လောက် အခြေခံကျတယ် ဆိုတာ ခုလောက်ဆို တော်တော်လေး ရိပ်စားမိ လောက်ပါပြီ။ အမျိုးသားရေး စိတ်ဓါတ် နည်းနည်း မွေးလိုက်နိုင်မယ် ဆိုရင် လွယ်လွယ်လေးနဲ့လည်း လိုက်နာဆောင်ရွက်လို့ ရနိုင်တာတွေပါ။
အခြေခံကမှ စမပြင်နိုင်ရင် ဘာမှ တိုးတက်ဖြစ်ထွန်း လာမှာ မဟုတ်ပါဘူး။ လူထုက ခုလိုပဲ ဆက်ပြီး နေသာသလို နေမယ်၊ ပြုပြင်ရမှာ တွေကို မပြုပြင်ကြဘဲ မသိကျိုးကျွံ ပြုနေမယ်ဆိုရင် ဒီမိုကရေစီ နဲ့လည်း ဝေးနေပါလိမ့် ဦးမယ်။ လူထု မပြောင်းနိုင်ရင် အစိုးရ ပြောင်းတိုင်းလည်း တိုင်းပြည် မပြောင်းနိုင်ပါဘူး။ တိုင်းပြည် မကောင်းနိုင် ပါဘူး။ လူထုကသာ တကယ်ပြောင်းပါ၊ တိုင်းပြည် သေချာပေါက် ပြောင်းပါ လိမ့်မယ်။ တိုင်းပြည်သေချာပေါက် ကောင်းပါလိမ့်မယ်။