Home

Sunday, February 17, 2013

သူတို့ပြောတဲ့ ဆရာကြီးဦးရာဇတ်


20.1.2013 ရက်နေ့တွင်ကျင်းပမည့် ဆရာကြီးဦးရာဇတ်နေ့ကို ကြိုဆိုဂုဏ်ပြုလျှက်

စစ်ကိုင်းအနီးစခန်းဆရာတော်
ဆရာတော်အခုလို အင်္ဂလိပ်စာကိုရေရေလည်လည်ဖတ်နိုင်တာဟာ ဆရာကြီးဦးရာဇတ်ရဲ့ကျေးဇူးပေါ့။

မန္တလေးတက္ကသိုလ်ပါဠိပါမောက္ခဟောင်း အမ်အေ ဒေါ်အုံး
မန္တလေးတက္ကသိုလ်က ကျေးဇူးတင်စရာရှိရင် တခြားလူထက် ဆရာကြီးဦးရာဇတ်ကိုသာကျေးဇူးတင်ရမယ်။

အတွင်းဝန်ဟောင်း အိုင်စီအက်စ် ဦးစောဟန်
ဆရာကြီးဦးရာဇတ်ဟာ ပညာရေးကလာတဲ့ ပုဂ္ဂိုလ်ဆိုတော့ တိုင်းပြည်မှာပညာရေးနဲ့
ပတ်သက်ပြီးပြုပြင်ပြောင်းလဲဖို့အစီအစဉ်တွေအများကြီးရှိခဲ့တယ်။
ဒါတွေမလုပ်နိုင်ခင် ကျဆုံးသွားရလို့ ပညာရေးဌာနအတွက်အင်မတန်နစ်နာခဲ့တယ်။
ဒီလိုလူတော်တစ်ယောက် ဆုံးရှုံးခံလိုက်ရတာဟာ တိုင်းပြည်အတွက်ပါ အင်မတန်ဆုံးရှုံးနစ်နာခဲ့တယ်။

ဖဆပလ ဝန်ကြီးဟောင်း ဦးကျော်ငြိမ်း
ဆရာကြီးဦးရာဇတ်ဟာ မန္တလေးတက္ကသိုလ် အကောင်အထည်ဖော်နိုင်ဖို့ ဝါလဲနု၊ အသက်ကလည်းငယ်၊ဖျတ်ဖျတ်လတ်လတ်လည်းရှိတဲ့ ဦးကိုလေးလို ပုဂ္ဂိုလ်ကို အများစုနဲ့ဆန့်ကျင်ပြီး ရွေးချယ်တာဝန်ပေးတာဟာပြတ်သားရဲရင့်တဲ့ခေါင်းဆောင်မှုကိုထူထောင်လိုက်ခြင်းဖြစ်တယ်။ ဆရာကြီးရဲ့ရွေးချယ်ရေးတရားဟာမှန်တယ်။ ဒါကြောင့် တိုတောင်းတဲ့ သက်ပိုင်းအတွင်းမှာ မန္တလေးတက္ကသိုလ်အကောင်အထည်ပေါ်ပေါက်လာခဲ့တာပါ။

စာရေးဆရာမကြီး လူထုဒေါ်အမာ
ကျွန်မအခုလို စာရေးဆရာဖြစ်လာရတာ ဆရာကြီးဦးရာဇတ်ရဲ့လေ့ကျင့်ပေးမှုကြောင့်ပါပဲ။

ဗမက ဥက္ကဌဟာင်း၊ဝန်ကြီးဟောင်း မစ္စတာလတစ်ဖ်ခန်း ခေါ် ဦးခင်မောင်လတ်
ဗမာမုစ်လင်မ်တစ်ယောက်က ဆရာတော် သံဃာတော်များကို စည်းရုံးနိုင်တာ သူတစ်ယောက်ပဲရှိတယ်။
ဒါဟာ ဧရာမအရည်အချင်းတစ်ခုပဲပေါ့။

ဖဆပလ ပြည်ထဲရေးဝန်ကြီးဟောင်း ဆရာဗိုလ်ခင်မောင်ကလေး
ဆရာကြီးဦးရာဇတ်က မြန်မာပြည်ဟာ ငါတို့တိုင်းပြည်လို့ပြောတယ်၊ ကိုးကွယ်တဲ့ဘာသာဟာတခြားပဲတဲ့။
သူဟာအစ္စလာမ် သာသနာကို ကိုင်းရှိုင်းတယ်။ဒါပေမယ့် ဒီပြင်ဘာသာတွေကိုလဲလေးစားတယ်။ ဘာသာရေးမှာအယူသည်းမှုမရှိဘူး။
နောက် ဆရာကြီးအနေနဲ့ ဒီကောင်ဗုဒ္ဓဘာသာ၊ ဒီကောင်ဟိန္ဒူ၊ ဒီကောင်မုစ်လင်မ်၊ ဒီကောင်ခရစ်ယာန်ရယ်လို့ပြောရင်မကြိုက်ဘူး။ဒါဟာစိတ်ဝမ်းကွဲစေတယ်။ 
ဘယ်ဘာသာ ကိုးကွယ်ကိုးကွယ်၊မြန်မာဟာမြန်မာပဲဆိုပြီး၊ခေါင်းထဲရိုက်သွင်းခဲ့တယ်။

လအက ဗဟိုဌာနချုပ်အတွင်းရေးမှုး ဒေါက်တာကျော်ရင်
စစ်ပြီးစမှာ အင်္ဂလိပ်နယ်ချဲ့သမားနဲ့ လွတ်လပ်ရေးအတွင်အရေးဆိုတဲ့ ဆရာကြီးရဲ့ နိုင်ငံရေးအတွေ့အကြုံနဲ့ စိတ်စေတနာတည်ကြည်ဖြောင့်မတ်မှုတွေဟာ အရေးကြီးတယ်လို့ ဆိုရမယ်။

ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့လည်း ဆရာကြီးအပေါ်ယုံကြည်အားကိုးမှုရှိတယ်။
ဒီလို ယုံကြည်အားကိုးရတာဟာလည်း အကြောင်းမဲ့တော့မဟုတ်ပါဘူး။
ဆရာကြီးဦးရာဇတ်ရဲ့ ဘဝတစ်လျှောက်လုံးမှာ လွတ်လပ်ရေးအတွက် အသွင်အမျိုးမျိုးနဲ့
ပါဝင်လှုံ့ဆော် စည်းရုံးသိမ်းသွင်းခဲ့တာကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အသိပင်ဖြစ်ခဲ့လို့ပါပဲ။
ဆရာကြီးဦးရာဇတ်ကို သူ့တပည့်တွေက ရိုရိုသေသေ လေးလေးစားစားဆက်ဆံသလို
ဗိုလ်ချုပ်အောင်ဆန်းကလည်း အလားတူပဲ လေးလေးစားစား ယုံယုံကြည်ကြည်နဲ့ဆက်ဆံခဲ့ပါတယ်။

# ၀မ်းအိုဝမ်းကျော်ဝင်းမောင်ရေးသားသည့် မြန်မာ့အာဇာနည်ခေါင်းဆောင်ဆရာကြီးဦးရာဇတ်စာအုပ်မှ ကောက်နှုတ်တင်ပြပါသည်။

မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)
့http://www.newmoekaungkin.blogspot.com