Sunday, February 17, 2013
မိမိ၏စိတ်စေတနာသည်သာ မိမိဘ၀ကိုပြဌာန်းသည်
မိမိတို့၏ဇာတိမြေ၊ဇာတိနိုင်ငံမှာပင်ဖြစ်သော်ငြားလည်း
အင်အားချိနဲ့သော လူနည်းစုအဖြစ်နှင့်နေကြရသည်ဖြစ်၍
မိမိတို့၏ ဘဝအနေအထားပေါ်တွင် စိတ်ပျက်အားငယ်နေမှုများလည်း ရှိနေတတ်ပါသည်။
နိုင်ငံတစ်နိုင်ငံတွင် မိမိတို့အား နိုင်ငံရေးအရ အဆင့်မည်မျှပင်နှိမ့်ချခံနေရပါစေ။ နိုင်ငံရေးအရအဆင့်မည်မျှပင်နိမ့်ကျနေပါစေ။
နှိမ့်ချခွဲခြားခြင်းခံနေရသဖြင့် မိမိတို့ အထီးကျန်အဖြစ်၌ရှိနေပါစေ။
အရည်အတွက်အားဖြင့် တစ်ဦးတည်းဖြစ်လိုကဖြစ်နေပါစေ။
ထောက်ထားမှု၊ ညှာတာမှု၊ စာနာမှုတို့ကို မခံရသည့်အဖြစ်တွင်လည်း ရှိချင်ရှိနေပါစေ။၊
ဘာသာရေး၊လူမျိုးရေးကို အကြောင်းပြု၍ ကျန်နိုင်ငံသားတို့ကနိုင်ငံသားအချင်းချင်းပါလား ဆိုသည့် အသိမရှိဘဲ၊ အတွေးအခေါ်မရှိဘဲ၊နှိမ့်ချခြင်း၊ ဝိုင်းပယ်ခြင်း၊ ဖဲ့ထုတ်ခြင်း၊ အရေးမထားခြင်း၊ အရာမသွင်းခြင်း၊နှိပ်စက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ စော်ကားခြင်းခံနေရပါစေ။
မိမိတို့သည် မကောင်းမှုကိုရှောင်ကြဉ်၍ မိမိတို့အား ဖန်းဆင်းတော်မူသောအရှင်သခင်၏ အမိန့်ပညတ်ချက်များကို လိုက်နာကျင့်ကြံလျှက်ကောင်းမြတ်သော ကိုယ်ကျင့်တရားနှင့် ဓလေ့စရိုက်များကို မိမိတို့၏ စံနမူနာရှင်၏လမ်းညွှန်ချက်များအတိုင်း
လူမှုဘဝသက်တမ်းမွေးမြူရန် အရေးကြီးပါသည်။
ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုချစ်ခင်ကြင်နာရမည်။ လူမျိုးရေးမုန်းတီးမှုကို စက်ဆုပ်ရွံရှာစိတ်မွေးမြူရမည်။
ပြင်းထန်စွာကန့်ကွက်ပိတ်ပင်တားမြစ်ရမည်။ သူတစ်ပါး၏ ကိုယ်၊စိတ်၊နှလုံးသုံးပါးစလုံးကို ထိခိုက်နာကျည်းအောင်၊
နာကျဉ်ဒုက္ခရောက်အောင် မည်သည့်အခါမျှ မလုပ်မိပါစေနှင့်။ နိုင်ငံသားအချင်းချင်း၏ ရသင့်ရထိုက်သော ရပိုင်ခွင့်၊ခံစားခွင့်တို့ကို
ဖြည့်ဆည်းပေးအပ်ရမည်။ နိုင်ငံသားတို့၏ ကိုယ်၊စိတ်၊နှလုံးချမ်းသာရေးနှင့်ပျော်ရွှင်ရေးကို အစွမ်းကုန်ဆောင်ရွက်၍ နှစ်သိမ့်အားပေးရမည်။ နိုင်ငံနှင့်နိုင်ငံသားတို့၏အကျိုးကို တတ်နိုင်သည့်ဘက်မှ တတ်စွမ်းနိုင်သမျှ သည်းပိုးထမ်းရွက်ရန် အဆင့်သင့်ရှိနေရန်ကြိုစားရမည်။ နိုင်ငံနှင့်နိုင်ငံသားတို့၏အကျိုးကို တတ်စွမ်းသမျှ သည်းပိုးထမ်းရွက်မှုလည်းပြုနေရမည်။
မိမိနိုင်ငံအစိုးရနှင့် ကင်းကင်းကွာကွာနေနိုင်သည်ဟုယူဆခြင်းသည် အချီးနှီး အကျိုးမဲ့ယူဆချက်သာဖြစ်ပါသည်။ ဤသို့နေ၍လည်း လုံးဝမဖြစ်နိုင်ပါ။ သဘာဝလည်းမကျပါ။ထိုသဘောထားမျိုးမွေးမြူခြင်းကို တရားတော်ကလည်းမလိုလား၊လက်မခံပါ။
မိမိတို့သည် အကောင်းဆုံးသော နိုင်ငံသားအဖြစ်ကို ခံယူနိုင်စေရမည်။ အမိနိုင်ငံတော်၏ ကျေးဇူးသစ္စာကို အပြည့်အ၀စောင့်သိရိုသေရမည်။ နိုင်ငံတော်၏အကျိုးကို အမှန်တကယ်လိုလားသူဖြစ်စေရမည်။
သို့မှသာ မိမိတို့အား မည်သည့်လူမျိုးပင်ဖြစ်လင့်ကစား အများကဂုဏ်ပေးခြင်း၊ လေးစားခြင်း၊အရာထားခြင်းခံရမည်ဖြစ်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်ပေသည်။ မိမိတို့ မည်သည့်ဘာသာ သာသနာကို ကိုးကွယ်ယုံကြည်လင့်ကစား
မိမိတို့၏သာသနာတော်အပေါ်၌လည်း လေးစားကြည်ညိုသောအမြင်နှင့် အကြည့်ခံရမည်မှာသေချာပေသည်။
မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)