Home

Sunday, February 24, 2013

မူရင်းဌာနေလူမျိုးများနှင့်ပတ်သတ်၍ ဘယ်လိုကာကွယ်စောင့်ရှောက်မှုများ ရှိပါသလဲ။

တကမ္ဘာလုံးရှိ နိုင်ငံပေါင်း(၇၀)ကျော်တွင် နေထိုင်နေကြသော မူရင်းဌာနေလူမျိုးများ အနည်းဆုံး သန်းပေါင်း သုံးရာခန့်ရှိပါသည်။ ထိုမူရင်းဌာနေလူမျိုးများနှင့်ပတ်သတ်၍ အဓိက တိုက်ရိုက်ကာကွယ်ပေးသော နိုင်ငံတကာ သဘောတူစာချုပ်မှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ( ILO ) က ပြဌာန်းထားသော လွတ်လပ်သော နိုင်ငံများရှိ မူရင်းဌာနေနှင့်
ရိုးရာလူမျိုးစုများနှင့် သက်ဆိုင်သည့် သဘောတူညီချက်အမှတ်(၁၆၉) ( ILO Convention Concerning Indigenous and Tribal Peoples in Independent Countries ) ဖြစ်ပါသည်။ ထိုသဘောတူညီချက်ကို ၁၉၈၉ ဇွန်လတွင် ပြဌာန်းခဲ့ပြီး ၁၉၉၁ခုနှစ် စက်တင်ဘာလတွင် အသက်ဝင်လာ ခဲ့ပါသည်။ ထိုစာချုပ်အရ အစိုးရကဖြစ်စေ ၊ လူမှုရေးအုပ်စုတစ်စုကဖြစ်စေ မည်သည့်မူရင်းဌာနေလူမျိုးများ၏ ၀ိသေသလက္ခဏာများကို ငြင်းပယ်ခြင်းမပြုရန်နှင့် ထိုလူမျိုးများ၏ ပါဝင်ဆောင်ရွက်မှု ၊ အခွင့်အရေးများနှင့် ရောနှောပူးပေါင်းမှုတို့ကို နိုင်ငံတော်က အာမခံချက်ပေးရန် တာဝန်ရှိပါသည်။
ကုလသမဂ္ဂ၏ လုပ်ထုံးလုပ်နည်းများအရလည်း လူမျိုးရေးခွဲခြားမှု ပပျောက်ရေး ကော်မရှင်သည် မူရင်းဌာနေ လူမျိုးများအရေးကို လေ့လာစောင့်ကြပ်ရန် တာဝန်ရှိပါသည်။ ထို့ပြင် နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေး စာချုပ်၏ လူ့အခွင့်အရေးကော်မတီကလည်း စာချုပ်၏အပိုဒ် (၂၇)တွင် ဖော်ပြထားသည့်အတိုင်း လူမျိုးစု ၊ ဘာသာရေးနှင့် ဘာသာစကား အဆင့်အတန်းကြောင့် ခွဲခြားခြင်းကိုတားမြစ်ရန် တာဝန်ရှိသည့်အတိုင်း မူရင်းဌာနေလူမျိုးများအား ကာကွယ်မှု ပေးနိုင်ပါသည်။

၁၉၈၂ခုနှစ်တွင် မူရင်းဌာနေလူဦးရေများနှင့်ပတ်သတ်သော အလုပ်အဖွဲ့ ( UN Working Group on Indigenous Populations ) ကို ကုလသမဂ္ဂတွင် ဖွဲ့စည်းလိုက်ပါသည်။ထိုအလုပ်အဖွဲ့သည် မူရင်းဌာနေလူမျိုး များနှင့်ပတ်သတ်၍ ကုလသမဂ္ဂယန္တရားအတွင်း လက်ရှိ အဓိကအကျဆုံး လုပ်ဆောင်နေသော အလုပ်အဖွဲ့ ဖြစ်လာပါသည်။ ထိုအလုပ်အဖွဲ့သည် လူ့အခွင့်အရေး ကော်မရှင်အောက်ရှိ ဆပ်ကော်မရှင်ထံ အစိုးရများ၏ ပေါ်လစီများနှင့် ပတ်သတ်၍ သုံးသပ်ချက်များ ၊ အကြံပြုချက်များကို တင်သွင်း အစီရင်ခံလျှက်ရှိပါသည်။ ထို့ပြင် မူရင်းဌာနေလူမျိုး ကိုယ်စားလှယ်ပေါင်း ၅၀၀ မှ ၆၀၀ အထိ တက်ရောက်၍ အခြားကုလသမဂ္ဂ အေဂျင်စီများ ၊ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့များအား ၎င်းတို့၏အမြင်များကို လွတ်လွတ်လပ်လပ် ဒီမိုကရေစီနည်းလမ်း တကျ တင်ပြခွင့်ရှိသည့် အစည်းအဝေးများ ကျင်းပပေးလျှက်ရှိပါသည်။

၁၉၉၄ခုနှစ်တွင် ကိုယ်ပိုင်ပြဌာန်းခွင့် ၊ မိမိမြေယာများနှင့် ရင်းမြစ်များကို မိမိတို့ကိုယ်တိုင် ထိမ်းချုပ်စီမံပိုင်ခွင့် ၊ မိမိဘာသာစကား ပြောဆိုခွင့်များနှင့် အခြားအခွင့်အရေးများ ပါဝင်သော မူရင်းဌာနေလူမျိုးများ အခွင့်အရေးများ ဆိုင်ရာ ကြေညာစာတမ်း ( မူကြမ်း ) ( Draft UN Declaration on the Rights of Indigenous Peoples ) ကို ဆပ်ကော်မတီက ပြဌာန်းနိုင်ခဲ့ပါသည်။ အတည်ပြုအဆင့်သို့ ရောက်ရှိနိုင်ရန်နှင့် သဘောတူစာချုပ်အဖြစ်သို့ ဆက်လှမ်းနိုင်ရန်အတွက် ဆက်လက်ကြိုးပမ်းလျှက်ရှိသေးသည်။ ထို့ပြင် မူရင်းဌာနေလူမျိုးများ၏ ယဉ်ကျေး မှုနှင့် အတတ်ပညာပိုင်းဆိုင်ရာတို့နှင့် ပတ်သတ်သည့် မူဝါဒလမ်းညွှန်ချက်များပေါ်ပေါက်လာနိုင်ရန်အတွက် လည်း လုပ်ဆောင်လျှက်ရှိပါသည်။
မူရင်းဌာနေလူမျိုးများသည် နိုင်ငံအတော်များများတွင် ခွဲခြားဖိနှိပ်ခံရသော လူတန်းစားများအတွင်းတွင် ပါဝင်လျှက် ရှိနေပါသည်။ အိမ်ယာရရှိခွင့် ၊ ကျန်းမာရေးစောင့်ရှောက်ခံခွင့် ၊ ပညာရေးအခွင့်အရေးနှင့် အလုပ် လုပ်ကိုင်ပိုင်ခွင့်တို့တွင် ဆိုးဆိုးဝါးဝါး ငြင်းပယ်ခံနေရလျှက်ရှိသည်။ ထို့ပြင် ထိုသူတို့၏ မြေယာနှင့် ရင်းမြစ်များ မှာလည်း ခြိမ်းခြောက်ခံနေရလျှက်ရှိပါသည်။ ထိုမျှမက အချို့နိုင်ငံများတွင် မူရင်းဌာနေလူမျိုးများအား လက်လွတ်စပယ်သတ်ဖြတ်ခြင်း ၊ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းများကို ကျူးလွန်လျှက်ရှိသည်။ ထို့အတွက် ကြောင့် ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့မှ နောင်ဆယ်နှစ်အတွင်းကာလအား ကမ္ဘာ့မူရင်းဌာနေ လူမျိုးများ၏ ဆယ်စုနှစ် ( Decade of the World’s Indigenous People ) အဖြစ် သတ်မှတ်ထားပါသည်။ ထိုဆယ်စုနှစ် သတ်မှတ်ခြင်း၏ရည်ရွယ်ချက်မှာ မူရင်းဌာနေလူမျိုးများ တွေ့ကြုံနေရသော ပြသနာအခက်အခဲ များကို နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အဖြေရှာနိုင်ရန်ဖြစ်ပါသည်။ နှစ်စဉ် သြဂုတ်လ (၉)ရက်နေ့ ကိုလည်း အပြည်ပြည်ဆိုင်ရာ မူရင်းဌာနေလူမျိုးများနေ့ ( International Day of Indigenous People ) အဖြစ် သတ်မှတ်ထားပါသည်။
မူရင်းရေးသားသူ David Robertson
ဘာသာပြန်သူ အောင်မျိုးမင်း (ဒါရိုက်တာ) ၊ လူ့အခွင့်အရေးပညာပေးဌာန ( မြန်မာနိုင်ငံ )