Home

Tuesday, May 14, 2013

အစိုးရနှင့်လွှတ်တော်


ဒီဆောင်းပါးကို သာမန်အရပ်သူအရပ်သား နိုင်ငံရေးကို အကျွမ်းတဝင်မရှိလှတဲ့ အခြေခံလူတန်းစားအတွက်သာ ရည်ရွယ်ရေးသားတာ ဖြစ်ပါတယ်။ နိုင်ငံရေးကို နားလည်တတ်ကျွမ်းသူများနဲ့ပညာရှင် ပညာတတ်များ အတွက်အသုံးဝင်ချင်မှ ဝင်ပါလိမ့်မယ်။သာမန်လူထုနိုင်ငံရေးနဲ့ ရင်းနှီးကျွမ်းဝင်ရှိဖို့အရေးတကြီးလိုအပ်နေတဲ့အချိန်လို့ယူဆတာကြောင့် ရေးရခြင်းဖြစ်ပါတယ်။

နိုင်ငံရေးခေတ်(ဒီမိုကရေစီခေတ်)နဲ့ ဝေးကွာနေခဲ့ရတဲ့ကျွန်တော်တို့လူထုဟာ အစိုးရနဲ့လွှတ်တော် အကြောင်း ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ထားဖို့လိုအပ်နေပြီလို့ယူဆမိပါတယ်။ အခြေခံဥပဒေခုံရုံးကိစ္စဖြစ်ပြီးတဲ့နောက်ပိုင်းမှာအစိုးရနဲ့ လွှတ်တော်( ဦးသိန်းစိန်နဲ့ ဦးရွှေမန်း)ကြားထဲမှာ ပဋိပက္ခတွေပြသနာတွေ ပေါ်ပေါက်နေသယောင် ကောလဟာလတွေ ကပေါ်ပေါက်လာခဲ့ပြီး အချို့သော မီဒီယာသမားတွေက အဲဒီလိုပုံဖေါ်ဖို့ကြိုးစားကြတာလည်းအားလုံးအသိပါ။
အစိုးရနဲ့ လွှတ်တော်ကြားမှာ သဘောကွဲလွဲမှု ၊သဘောတူညီမှုဆိုတာရှိတတ်စမြဲဖြစ်ပြီး အကြောင်းအရာတစ်ခုအပေါ်မှာ သဘောတူညီမှုမရလို့ငြင်းကြခုံကြ ညှိနှိုင်းကြရတယ်ဆိုရင် ဒါကို ဒီမိုကရေစီစတင်အသက်ဝင်လာမှုဆိုတာ နားလည်သဘောပေါက်ကြဖို့
လိုအပ်ပါတယ်။
သဘောမတူမှုများကိုလက်ခံခြင်း(agree to disagree ) ရှိမှသာ ဒီမိုကရေစီထွန်းကားပါတယ်။ငါနဲ့မတူ ငါ့ရန်သူ ၊ရန်သူနဲ့အယူအဆတူရင်လည်းရန်သူဆိုတဲ့ အတွေးအခေါ်တွေမစွန့်လွှတ်နိုင်သရွေ့တော့ ဒီမိုကရေစီဆိုတာ စဉ်းစားမနေပါနဲ့။ လုံးဝမဖြစ်နိုင်ပါဘူး။ကိုယ်နဲ့မတူတဲ့ ဆန့်ကျင်ဖက် အယူအဆတွေကို အလေးအနက် လက်ခံစဉ်းစားတတ်ကြပြီ ဆိုမှ ဒီမိုကရေစီကိုမျှော်လင့်ကြပါလို့ ဆိုပါရစေ။

အစိုးရနဲ့လွှတ်တော်(ပါလီမန်)ဆိုတာက ပါဝါကိုယ်စီရှိတဲ့ institutionတွေဖြစ်ပြီး ဒီမိုကရေစီစနစ်မှာမတူညီနဲ့နယ်ပယ်နှစ်ခုကို
တာဝန်ခံကြရပါတယ်။ တာဝန်ယူကြရပါတယ်။အလွယ်ဆုံးပြောရရင် အစိုးရဆိုတာ အုပ်ချုပ်ရေးတာဝန်ယူရပြီး လွတ်တော်ကတော့
ဥပဒေပြုရေးတာဝန်ကိုယူရပါတယ်။ သာမန်လူထုက ဒီအချက်ကိုသိသလိုလိုနဲ့ဇဝေဇဝါ ဖြစ်နေတတ်ပါတယ်။ များသောအားဖြင့် လွတ်တော်ဆိုတာလည်းအစိုးရပဲလို့ထင်မြင်ယူဆနေတာတွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ
အစိုးရဆိုတာ လွှတ်တော်ကနေပေါက်ဖွားလာပြီး သမ္မတဆိုတာနိုင်ငံတော်ရဲ့အထွတ်အထိပ်ဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတက အရေးကြီးတဲ့အလုပ်တွေကိုလွှတ်တော်ရဲ့သဘောတူညီချက်နဲ့ လုပ်ရကိုင်ရပါတယ်။

အစိုးရက တိုင်းရေးပြည်ရာတွေကိုစီမံခန့်ခွဲရပါတယ်။ ကောက်ခံရရှိတဲ့အခွန်ငွေတွေကို စီမံခန့်ခွဲရပါတယ်။ ဝန်ကြီးဌာနတွေသတ်မှတ်ပြီး စီးပွားရေး၊ ပညာရေး၊ကျန်းမာရေး၊သယ်ယူပို့ဆောင်ရေး စတာတွေ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရတာဟာ
အစိုးရရဲ့ တာဝန်ဖြစ်ပါတယ်။လွှတ်တော်ဆိုတာကတော့ အဲဒီတိုင်းရေးပြည်ရာစီမံခန့်ခွဲမှုတွေမှာပါဝင်ဖို့ တာဝန်မရှိပါဘူး။ဒါပေမယ့် အစိုးရက အုပ်ချုပ်ရေး ကိစ္စတွေကို အဆင်ပြေချောမွေ့အောင် လုပ်ကိုင်နိုင်ဖို့ တိုင်းပြည်နဲ့ လူထု အမှန်တစ်ကယ်အကျိုးဖြစ်ထွန်းဖို့ အတွက် လိုအပ်တဲ့ ဥပဒေတွေကို ရေးဆွဲခြင်း၊ပြင်ဆင်ခြင်း စတာတွေ လုပ်ရပါတယ်။
လွှတ်တော်ရဲ့ အရေးကြီးတဲ့ တာဝန်နောက်တစ်ခုကတော့ အစိုးရရဲ့လုပ်ငန်းဆောင်တာတွေကို စောင့်ကြည့်ရပါတယ်။
ဘဏ္ဍာငွေခွဲဝေသုံးစွဲတဲ့နေရာမှာ ထိရောက်မှုရှိမရှိ၊လေလွင့်မှုရှိမရှိစောင့်ကြည့်ရပါတယ်။

လွှတ်တော်က ဥပဒေနဲ့ပတ်သက်လို့ ဖြစ်စေ ၊အစိုးရရဲ့လုပ်ငန်းဆောင်တာတွေကိုအဆင်ချောမွေ့အောင် ထောက်ပံ့ကူညီဖို့ ကိစ္စတွေ အတွက်ဖြစ်စေ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် လုပ်ကိုင်လို့ရအောင်ကော်မတီတွေ ဖွဲ့စည်း ဆောင်ရွက်ရပါတယ်။ အစိုးရအဖွဲဝင် ဝန်ကြီးတွေဟာအခါအားလျော်စွာ လွှတ်တော်အစည်းအဝေးများသို့ လာရောက်ပြီးလွှတ်တော်ရေးရာကော်မတီများ ၊လွှတ်တော်
ကိုယ်စားလှယ်များကအုပ်ချုပ်ရေး၊စီမံခန့်ခွဲရေးနဲ့သက်ဆိုင်လို့ (လူထုကိုယ်စား) မေးသမျှကိုဖြေကြားကြရပါတယ်။ ဒီလိုလွှတ်တော်နဲ့ အစိုးရကြား အာဏာချိန်ခွင်လျှာညီမျှအောင်ဆောင်ရွက်ရခြင်းကို check and balance လို့ခေါ်ပါတယ်။

အစိုးရနဲ့ လွှတ်တော်ဆိုတာ တိုင်းရေးပြည်ရာတွေကို နီးနီးကပ်ကပ်အတူတကွဆောင်ရွက်ကြရတာဖြစ်လေတော့ သာမန်လူထုအနေနဲ့ သူတို့ရဲ့တာဝန်ဝတ္တရားတွေကို ရောရောထွေးထွေး ရှုမြင်မိကြတာမဆန်းပါဘူး။
အုပ်ချုပ်ရေးအရ အမြင့်ဆုံးအာဏာက အစိုးရမှာရှိပြီး အစိုးရကို theExecutive လို့ခေါ်ပါတယ်။ ဥပဒေပြုရေးနဲ့ပတ်ကက်ရင်
အမြင့်ဆုံးအာဏာရှိတဲ့လွှတ်တော်ကိုတော့the Legislature လို့ခေါ်ပါတယ်။

အုပ်ချုပ်ရေးတာဝန်တွေကို ထမ်းဆောင်ရတဲ့အစိုးရကလွှတ်တော်ရဲ့သဘောတူညီချက်ကိုယူရတာဖြစ်လေတော့
လွှတ်တော်ကိုယ်စားလှယ်အများစုရဲ့ယုံကြည်မှု confidence of a majority ကိုရရှိထားဖို့လိုအပ်ပါတယ်။
အမေရိကန်လို ဒီမိုကရေစီ ရင့်သန်ပြီးသားနိုင်ငံမှာတောင်မှ တစ်ခါတစ်ရံ လွှတ်တော်နဲ့သမ္မတအကြား အကြီးအကျယ်သဘောထား ကွဲလွဲမှုရှိတတ်တာတွေ့ရပါတယ်။အဲဒီလိုအခြေအနေမျိုးမှာ သမ္မတဖြစ်သူက လွှတ်တော်အမတ်များကို တစ်ယောက်ချင်းလိုက်လံတွေ့ဆုံပြီးသဘောတူညီမှုရအောင်အပြင်းအထန်ညှိနှိုင်းဆွေးနွေးရတာမျိုးတွေရှိပါတယ်။
သဘောထားမတူညီတာဟာ ပြသနာမဟုတ်ပါဘူး။ တိုင်းပြည်အကျိုးကိုအမှန်တစ်ကယ် ဦးထိပ်ပန်ဆင်ထားကြရိုးမှန်ရင်
နောက်ဆုံးမှာအစိုးရနဲ့လွှတ်တော်ဆိုတာ ညှိနှိုင်းလို့ရကြတာချည်းပါပဲ။

ကျွန်တော်တို့ နိုင်ငံက ဒီမိုကရေစီကို တည်ဆောက်ဆဲကာလပဲရှိပါသေးတယ်။အစိုးရဆိုတာလည်း အုပ်ချုပ်ရင်းလေ့ကျင့် လေ့ကျင့်ရင်းအုပ်ချုပ်ဆိုတဲ့အတွေ့အကြုံယူဆဲကာလလို့ပြောရင်မှားမယ်မထင်ပါဘူး။
လျွတ်တော်တွေဆိုတာလည်းထိုနည်းလည်းကောင်းပါပဲ။ အခုအခါမှာပြည်သူ့လွှတ်တော်ဥက္ကဌဖြစ်သူကလည်း တတ်စွမ်းသလောက် ကြိုးပမ်းနေတာသိသာပါတယ်။
သမ္မတကတော့ အထူးပြောနေစရာမလိုပါဘူး။လူထုထောက်ခံမှုကိုကောင်းကောင်းရပြီးသားပါ။လူထုဆိုတာလည်းအစိုးရ၊လွှတ်တော် တို့နည်းတူဒီမိုကရေစီနိုင်ငံသားများအဖြစ် နဲ့ စံနှုန်းပြည့်ကိုက်ညီဖို့ လေ့ကျင့်ပြင်ဆင်ကြဖို့လိုတယ်ဆိုတာ မမေ့သင့်ပါဘူး။ အစိုးရတို့လွှတ်တော်တို့မှာသူ့တာဝန်နဲ့သူရှိကြသလို လူထုမှာလည်း လူထုတာဝန်ရှိတယ်ဆိုတာလုံးဝ သတိလက်လွတ်ဖြစ်လို့မရပါဘူး။ အာဏာရှင်ခေတ်တွေကိုဖြတ်သန်းခဲ့ရတော့လူထုမှာ ခေတ်စနစ်ဆိုးရဲ့ဒဏ်ရာဒဏ်ချက်တွေနဲ့အတူ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းနဲ့လိုက်လျောညီထွေ ကျင့်ကြံနေထိုင်တတ်တဲ့ တန်ဖိုးတွေပါလျော့ပါးပျက်စီးခဲ့ရပါတယ်။ အစိုးရနဲ့လွှတ်တော်တွေက ဘယ်လောက်ပဲဟန်ချက်ညီညီနဲ့ ကြိုးစားပါစေ၊ လူထုက အင်တိုက်အားတိုက်ပါဝင်မှုမရှိခဲ့ရင်၊ဒိမိုကရေစီလူ့ဘောင်နဲ့ကိုက်ညီတဲ့ အမူအကျင့်တွေကို လေ့ကျင့်မွေးမြူကြဖို့ ပျက်ကွက်နေရင် ဒါမှမဟုတ်နှေးကွေးနေရင် ဒီမိုကရေစီပန်းတိုင်ကိုလည်း တော်တော်နဲ့ ရောက်နိုင်မယ်မဟုတ်ပါဘူး။

လွတ်လပ်ရေးဖခင်ကြီးပြောခဲ့သလိုပါပဲ။ကျွန်တော်တို့က သူများနောက်ကိုအများကြီးရောက်နေတဲ့ ခုလိုအခြေအနေမျိုးမှာ
ကုန်းလုပ်နိုင်မှကြုံးလုပ်နိုင်မှ ၊သူများခြေတစ်လှမ်းလှမ်းရင် ကိုယ်ကလေးငါးဆယ်လှမ်းလှမ်းနိုင်မှ တော်ရုံကျပါလိမ့်မယ်။
လူထုမပါတဲ့ နိုင်ငံရေးစနစ်ဆိုတာ ဘယ်တော့မှမအောင်မြင်ပါဘူး။ အနောက်နိုင်ငံတွေမှာဒီမိုကရေစနစ်အောင်မြင်တယ်ဖြစ်ထွန်းတယ်ဆိုတာ လူထုကိုယ်တိုင်က နိုင်ငံရေးကိုသိအောင်နားလည်အောင်ကြိုးစားကြလို့၊အစိုးရတွေ၊လွှတ်တော်တွေက လူထုသဘောထားတွေ လိုလားမှုတွေကို မျက်ကွယ်ပြုလို့မရလောက်အောင် လူထုရဲ့နိုင်ငံရေးအသိတွေနဲ့ နိုင်ငံရေးမှာ လူထုပါဝင်ထမ်းဆောင်ရမယ့်
တာဝန်တွေကိုပြည့်ပြည့်ဝဝ ပါဝင်ထမ်းဆောင်ကြတဲ့ လူထုတွေ ရှိကြလို့သာအောင်မြင်ရခြင်းဖြစ်ပါတယ်။

အချုပ်အားဖြင့်ပြောရရင် နိုင်ငံရေးစနစ်ဆိုတာ လူထုကိုအခြေခံပါတယ်။ဒီမိုကရေစီဆိုတာလူထုကပဲအကောင်အထည်ဖေါ်ကြရတဲ့
စနစ်ဖြစ်သလိုရေရှည်တည်တံ့အောင်လည်း လူထုကပဲ ထိန်းသိမ်းကြရတာဖြစ်ပါတယ်။ အစိုးရနဲ့လွှတ်တော်ဆိုတာက လူထု အလိုဆန္ဒတွေကို လူထုအလိုကျအကောင်အထည်ဖေါ်ပေးကြရတာသာဖြစ်ပါတယ်။ လက်ရှိအစိုးရမှာဖြစ်စေ လွှတ်တော်မှာဖြစ်စေ အားနည်းချက်တစ်စုံတစ်ရာရှိခဲ့ရင်လည်းလူထုကနားလည်ပေးဖို့ စိတ်ရှည်လက်ရှည်နဲ့ တတ်စွမ်းသမျှ ပူးပေါင်း
ကူညီဆောင်ရွက်ကြဖို့လိုအပ်ပါတယ်။
အစိုးရနဲ့လွှတ်တော်အကြား သဘောမတူညီမှုများရှိခဲ့ရင်လည်း ဒီမိုကရေစီရဲ့သရုပ်သကန်ဆိုတာ သိကြရပါမယ်။
အချို့သောမီဒီယာသမားများပုံဖေါ်တတ်သလို ဒီမိုကရေစီဆုတ်ယုတ်မယ့်ပြသနာမဟုတ်ဘူး တိုးတက်တဲ့လက္ခဏာပဲဆိုတာ 
ကိုယ့် ဆင်ခြင်ဥာဏ်နဲ့သိနိုင်အောင် လူထုက ကြိုးစားကြပါလို့တိုက်တွန်းပါရစေ။ လူထုရဲ့နိုင်ငံရေးအသိတရားရင့်ကျက်သလောက် လူထုရဲ့ပူးပေါင်းပါဝင်မှု အားကောင်းသလောက်သာ အစိုးရနဲ့လွှတ်တော်များလည်းရင့်ကျက်လာနိုင်မယ် အားကောင်းလာနိုင်မယ်၊ ဒီမိုကရေစီလည်း ရင့်ကျက်အားကောင်းလာနိုင်မယ်ဖြစ်ပါတယ်။ ။

ပိုက်တင်