Home

Monday, May 13, 2013

သူများယောင်လို့ ယောင်၊ အမောင်တောင်မှန်းမသိဆိုရင်တော့

မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်ကို တွန်းလှန်ပြီး ဒီမိုကရေစီစနစ်အသွင်ကူးပြောင်းလာတာနဲ့အမျှ နိုင်ငံသားအားလုံးရဲ့နှုတ်ဖျားမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး နဲ့ တန်းတူညီမျှရေးဆိုတဲ့စကားလုံး တွင်တွင်သုံးလာတာတွေကြားရတယ်။ 
ဒါပေမယ့် လူမျိုးရေး၊ ဘာသာရေးအစွန်းရောက်တွေကတော့ အမျိုး ဘာသာ သာသနာဆိုတဲ့ စကားလုံးလှလှသုံးပြီး ခေတ်အဆက်ဆက် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေလာခဲ့ကြတဲ့ မြန်မာမုစ်လင်မ်တွေကို တစ်ဖက်နိုင်ငံက ကျူးကျော်ဝင်ရောက် လာသူတွေ၊ ကုလားတွေလို့ သတ်မှတ်လာကြတယ်။

မြန်မာပြည်မှာမွေး၊ မြန်မာပြည်မှာချက်မြှုပ်၊မြန်မာ့ရေကိုသောက်၊ မြန်မာ့ဆန်ကိုစား၊ မြန်မာစကားပဲပြော၊ မြန်မာစာပဲသင်၊ မြန်မာစာပဲတတ်၊ မြန်မာနာမည်ပဲမှည့်ထားတဲ့ မြန်မာမုစ်လင်မ်တွေကို ကိုးကွယ်ယုံကြည်တဲ့ဘာသာကွဲပြားတာတစ်ခု
အကြောင်းပြုလို့ ဇည့်သည် ဆိုတဲ့တံဆိပ်ကပ်လိုက်ကြပြန်တယ်။ပညာတတ်လူတန်းစား၊ လူရိုသေ ရှင်ရိုသေလို့ သတ်မှတ်ခံထားရတဲ့
ပုဂ္ဂိုလ်တွေ၊ '' ကမ္ဘာကို မီးရှို့နေတဲ့လက်တွေထဲမှာ ကျူပ်တို့ မပါနိုင်ဘူး'' လို့ပြောဖူးတဲ့ Peace Maker ဆိုသူတွေတောင် ၀င်ပြီး
မီးမွှေးလာကြတာ တွေ့ရပါတယ်။

မြန်မာပြည်အနှံ့အပြား အစ္စလာမ်ဘာသာဆန့်ကျင်ရေး၊ မုစ်လင်မုန်းတီးရေးတရားတွေ လွတ်လွတ်လပ်လပ်ဟောပြီး မြန်မာမုစ်လင်မ်မုန်းတီးရေး စိတ်ဓာတ်တွေ ရိုက်သွင်းပေးခဲ့တယ်။ လှုံ့ဆော်ပေးခဲ့တယ်။ မြန်မာမုစ်လင်မ်တွေကိုသုတ်သင်ရှင်းလင်းဖို့ အဓိကရုဏ်းတွေ၊ အကြမ်းဖက်ဖက်မှုတွေ၊ မီးလောင်တိုက်သွင်းမှုတွေ၊ ညှင်းပမ်းသတ်ဖြတ်မှုတွေ နေရာအနှံ့ပြုလုပ်လာကြတယ်။

ခေတ်အဆက်ဆက် တိုင်းရေးပြည်ရာတွေမှာ နိုင်ငံသားအသိ၊ နိုင်ငံသားစိတ်ဓာတ်၊နိုင်ငံသားခံယူချက်နဲ့ အသက်စွန့်ကြိုးပမ်းခဲ့သူတွေ ကိုတောင် စော်ကားခဲ့ကြတယ်။ သမိုင်းဖျောက်လိုကြတယ်။ အစဉ်အလာကို ဖုန်းကွယ်လိုကြတယ်။ မြန်မာမုစ်လင်မ်တွေဟာ ဘိုးဘောင်ဘောင်ဆက် မြန်မာပြည်အပေါ်သစ္စာရှိခဲ့တယ်။ ကောင်းကျိုးပြုခဲ့တယ်။ ငြိမ်းချမ်းမှုကိုလိုလားကြတယ်။ အာဏာရှင်ကို တော်လှန်စဉ်ကလည်း အတူတကွပူးပေါင်းပါဝင်အသက်ပေးခဲ့ကြတယ်။

အခုကျမှာ လွတ်လပ်မယ်ကြံကာရှိသေးတယ်၊ အစ္စလာမ်ဘာသာဝင်တွေကို ကျူးကျော်ဝင်ရောက်လာသူများသဖွယ်သတ်မှတ်ပြီး အဓိကရုဏ်းများဖန်တီးနေတာဟာဗုဒ္ဓဘာသာဝင်မြန်မာနိုင်ငံသားအားလုံးမပါဝင်သလို၊ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာကြားဖြစ်နေတဲ့ ပဋိပက္ခမဟုတ်ဘူးဆိုတာထင်ရှားပါတယ်။ ဗုဒ္ဓဘာသာအမည်ခံ အစွန်းရောက် စစ်သွေးကြွများ၊ ဗုဒ္ဓဘာသာ၏ သွန်သင်ဆုံးမမှုများမှ သွေဖီခွဲထွက်လာတဲ့ အစွန်းရောက်ဂိုဏ်းခွဲ၊ နောက်ကွယ်ကြိုးကိုင်ပြီး မရိုးသားတဲ့နည်းလမ်းနဲ့ အာဏာကိုဖြတ်လမ်းကရယူလိုသူတစ်စု၊မိသားစုစီးပွားရေးသဖွယ်လက်ဝါးကြီးအုပ်စိုးမိုးချုပ်ကိုင်ထားသူများ(အားလုံးတစ်ဖွဲ့တည်း) ဖြစ်နေတယ်ဆိုတာ ဥပဒေအရ အရေးယူဖို့ခက်ခဲနေမှု၊ ရှင်းရှင်းလင်းလင်းနဲ့ ရဲရဲတင်းတင်း ကိုင်တွယ်ဖို့ လိုအပ်နေမှုတွေ က သက်သေပြနေပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကအဖြေဟာ အာဏာမက်သူတို့အတွက် ငယ်ထိပ်မြွေပေါက်ခံလိုက်ရသလို ခံစားလိုက်ရလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD၊ မင်းကိုနိုင်နဲ့ ၈၈ ၊ ပြီးတော့ ကျန်ဒီမိုကရက်တစ်အင်အားစုတွေကိုသမိုင်းသေအောင်ဖန်တီးနေခြင်း
သာဖြစ်ပါတယ်။

ဒါကြောင့်မို့ သူများယောင်လို့ ယောင်၊ အမောင်တောင်မှန်းမသိ လုပ်နေရင်တော့ ဖွတ်မရတဲ့အပြင် ဓားမပါဆုံး ဆိုတဲ့အဖြစ်မျိုး မဖြစ်ရလေအောင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ တန်းတူညီမျှရေးကို လိုလားတဲ့ ရဟန်းရှင်လူ ပြည်သူများ ပူးပေါင်းပြီး၊ 
စည်းစည်းလုံးလုံး ဖော်ထုတ် ဖယ်ထုတ်ကြဖို့လိုပါကြောင်း တိုင်းပြည်ရှေ့ရေး (သို့မဟုတ်) ၂၀၁၅အရေး မျှော်တွေး ပူပန်ပြီး တင်ပြလိုက်ရပါတယ်။

မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)