မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာ စတဲ့ မီဒီယာတွေမှာ ဆောင်ပါးရေးတဲ့သူတွေအနေနဲ့ စာနယ်ဇင်းကျင့်ဝတ်၊ မီဒီယာကျင့်ဝတ်တွေကိုတော့ နားလည် သဘောပေါက်ဖို့လိုသလို စာများများဖတ်ဖို့လိုပါတယ်။ ဗဟုသုတရှိဖို့လိုပါတယ်။ မြန်မာနိုင်ငံမှာ မီဒီယာအတော်များများက မီဒီယာကျင့်ဝတ်မရှိဘဲ၊ သေသေချာချာ လေ့လာထားမှုမရှိဘဲ ဆောင်းပါးတွေရေးတဲ့သူကရေးနေကြတယ်။ အယ်ဒီတာဆိုသူတွေကလည်း သေသေချာချာ စီစစ်မှု၊ စမ်းစစ်မှု မရှိခြင်းပေလား၊ မီးလောင်ရာလေပင့် လုပ်နေခြင်းပေလားဆိုတာ စဉ်းစားစရာဖြစ်နေပါတယ်။
မီဒီယာဆိုတာ မိမိတို့ကိုယ်ကျိုးစီပွားထက် အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထားသင့်တယ်။ ပြည်သူလူထုအကျိုးစီးပွားကို အစဉ်အမြဲကာကွယ်စောင့်ရှောက်သင့်တယ်။ မီဒီယာဆိုတာ ဝေဖန်ထောက်ပြစရာရှိရင် စေတနာမှန်နဲ့ ဝေဖန်ထောက်ပြသင့်တယ်။ မီဒီယာဆိုတာ လူထုကို အသိတရားမြင့်မားအောင်၊ နားမျက်စေ့ပွင့်အောင် စွမ်းဆောင်ပေးရမယ်။ လူထုအချင်းချင်းကြား၊ အုပ်စုအချင်းချင်းကြား၊ လူ့အဖွဲ့အစည်းအချင်းချင်းကြား သွေးကွဲအောင်၊ ရန်လိုမုန်းတီးအောင်၊ ပဋိပက္ခတွေဖြစ်အောင် သွေးထိုးလှုံ့ဆော်တဲ့အရေးအသားတွေရှောင်ရှားသင့်တယ်။
အဲဒါတွေကိုမလိုက်နာဘဲ စေတနာမှန်မှန်နဲ့လုပ်ဆောင်ခြင်းမရှိတဲ့ မီဒီယာတွေရှိနေတယ်ဆိုရင် အဲဒါမီဒီယာမဟုတ်ဘူး။ မီဒီယာ အတုအယောင်တွေသာဖြစ်တယ်။ မီဒီယာလွတ်လပ်ခွင့်ရပြီဆိုတော့ အလွဲသုံစားလုပ်လာကြမယ်ဆိုရင် ပြန်ပြီးလက်လွတ်ဆုံးရှုံး
သွားနိုင်ပါတယ်။ လွတ်လပ်ခွင့်ကို အလွဲသုံးစားပြုနေတဲ့ မီဒီယာတွေကြောင့် ခက်ခက်ခဲခဲရလာတဲ့ မီဒီယာလွတ်လပ်ခွင့်ကို လက်လွတ်မဆုံးရှုံးရအောင် ၀ိုင်းဝန်းကြိုးပမ်းရမယ့်အချိန်အခါဖြစ်ပါတယ်။
အခုလို အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းခါစမှာ အပြောင်းအလဲကို မလိုလားသူတို့တွေရဲ့ အတိုက်အခိုက်တွေရှိနေတယ်။ အခု နိုင်ငံတွင်းမှာ လူမျိုးရေး၊ ဘာသာရေးကို တည်ကြက်လုပ်ပြီး မငြိမ်မသက်မှုတွေ၊ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ၊ သွေးထွက်သံယိုမှု တွေ ဖြစ်ပွားနေတာဟာ နောက်ကွယ်က ငွေကြေးအင်အား တောင့်တောင့်တင်းတင်းနဲ့ စနစ်တကျ လေ့ကျင့်ထားပြီး အကွက်ကျကျ လှုပ်ရှားနေကြတယ်လို့ ယူဆနေကြသလို မီဒီယာတွေရေးသားဖော်ပြချက်တွေက တစ်ဖက်စောင်းနင်းဖြစ်နေတာကိုကြည့်ပြီး တစ်စုံတစ်ရာ ဆက်စပ်မှု ရှိနေနိုင်တယ်လို့ သံသယတွေ ဖြစ်နေချိန်မှာ မီဒီယာတွေအနေနဲ့ အထူးသတိဝိရိယရှိရှိ ရေးသားသင့်တယ်လို့ထင်ပါတယ်။။
လောလောလတ်လတ် ဥပမာတစ်ခုအနေနဲ့ တင်ပြလိုတာကတော့ ၁၁.၅.၂၀၁၃ ရက်နေ့ထုတ် မန္တလေးသတင်းစာက နိုင်ငံတကာ
သတင်းစာမျက်နှာမှာ ''မဟတ္တမဂန္ဓီသည် မွတ်ဆလင်အစွန်းရောက် နာသူရမ်ဂေါ့ဒ်ဆေး၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ၁၉၄၈ ခုနှစ်တွင်ကွယ်လွန်ခဲ့ကြောင်းသိရသည်'' လို့ ရေးသားထားတာတွေ့ရပါတယ်။ အနည်းငယ် ပညာဗဟုသုတရှိသူပင်လျှင် နာသူရမ်ဂေါ့ဒ်ဆေး ဆိုတဲ့နာမည် ဖတ်မိရုံဖြင့် မွတ်ဆလင်အမည်မဟုတ်ဘူးဆိုတာ သိသာလှပါသည်။ မည်သည်ရည်ရွယ်ချက်ကြောင့် မီဒီယာသမားဆိုသူက မွတ်ဆလင်အစွန်းရောက်ဟုသုံးနှုံးပါသလဲ။ မဟတ္တမဂန္ဓီရဲ့ ခြေညှပ်ဖိနပ်လေလံတင်ရောင်းချတဲ့သတင်း နဲ့ မွတ်ဆလင်အစွန်းရောက်တစ်ဦး လုပ်ကြံသတ်ဖြတ်မှုကြောင့် ဆိုတာဆက်စပ်မှုကော ရှိပါရဲ့လား။ အေအက်ဖ်ပီ သတင်းကကော အဲဒီအတိုင်းဖော်ပြထားပါသလား ။ မီဒီယာ သမားဆိုသူကကော ရိုးသားပါရဲ့လားဆိုတာ စဉ်းစားစရာဖြစ်နေပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်ခန့်ကလည်း ၂၇ – ၁၀ – ၂၀၁၀ နေ့ထုတ် စောင့်ကြည့်သတင်းဂျာနယ် (News Watch)အတွဲ(၆)၊ အမှတ်(၁၅) စာမျက်နှာ ၃၀ မှာ ဒေါက်တာစိန်စိန်သိန်း က ”ပေးဆပ်ခဲ့သူသာ အလေးမြတ်ပြုခံရ” ဆောင်းပါးမှာ မဟတ္တမဂန္ဓီကြီးကို လုပ်ကြံသတ်ဖြတ်သူဟာ ”အလွန်အယူသည်းသော မွတ်စလင်လူငယ်တစ်ဦး”ဆိုပြီး သုံးနှုန်းရေးသားခဲ့ဘူးပါတယ်။ အဲဒီလိုရေးသားခဲ့မှုအပေါ် စာရေးဆရာ မောင်သဲနီက ဒေါက်တာစိန်စိန်သန်းအတွက် အိတ်ဖွင့်ပေးစာပေးပြီး ပြန်လည်ရေးသား တုံ့ပြန်ခဲ့ဘူးပါတယ်။
စာရေးဆရာ မောင်သဲနီရေးတဲ့ ဒေါက်တာစိန်စိန်သန်းအတွက် အိတ်ဖွင့်ပေးစာမှ အချို့ကို အပြုသဘောဆောင်ပြီး ကောက်နှုတ်တင်ပြလိုက်ပါတယ်။
ဂန္ဓီကို ဘယ်သူသတ်သလဲဆိုတဲ့ သမိုင်းအထောက်အထားတွေကို ကျွန်တော်အမြောက်အများ တင်ပြနိုင်ပါတယ်။ ဒါပေမယ့် အခိုင်လုံဆုံး အထောက်အထား တစ်ခုနဲ့တင် လုံလောက်လို့ အဲဒီတစ်ခုကိုပဲ ကျွန်တော်တင်ပြပါရစေ။ ဂန္ဓီကြီး ကျဆုံးပြီး (၈)နှစ်ပဲကြာသေးတဲ့ ၁၉၅၆ ခုနှစ်မှာ ရန်ကုန်မြို့ မြန်မာနိုင်ငံဘာသာပြန်စာပေ အသင်း၊ စာပေဗိမာန်ရဲ့ရုပ်ပြဗဟုသုတဘဏ်အဖြစ်ထုတ်ဝေတဲ့ မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)၊ စာမျက်နှာ (၉၁-၉၄)မှာ ဖော်ပြထားတဲ့ မဟတ္တမဂန္ဓီကြီး အကြောင်းကို ဖတ်ကြည့်ဖို့ မူရင်းအတိုင်း ဖော်ပြပေးလိုက်ပါတယ်။
(၁၉၄၈ ခုနှစ်) ”ဇန္န၀ါရီ ၂၁ ရက်နေ့တွင် ဟိန္ဒူလူငယ်တစ်ဦးသည် ဟိန္ဒူမွတ်စလင် ငြိမ်းချမ်းရေးကို မလိုလားသော
ဆန္ဒကိုပြသည့်အနေဖြင့် ဂန္ဓီ၏ နေအိမ်အနီး၌ ဗုံးဖောက်ခွဲသည်။ ဂန္ဓီသည် ထိုလူငယ်အား အပြစ်မှ ခွင့်လွှတ်ပါရန် မေတ္တာရပ်ခံလေသည်။
ဇန္န၀ါရီ ၃၀ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်တွင် ဂန္ဓီသည် ဒေလီမြို့ရှိ သူ၏နေအိမ် ဗီယာလာ နေအိမ်၌ ဘုရားဝတ်ပြုရန်အလာတွင် ဟိန္ဒူလူငယ်တစ်ဦးဖြစ်သော ဂတ်ဆေးဆိုသူသည် ဂန္ဓီကို ခြောက်လုံးပူး နှင့် သုံးချက်ပစ်သည်။
ဂန္ဓီသည် နာရီဝက်ခန့်ကြာသောအခါ အနိစ္စရောက်လေသည်။” ''ဒါကြောင့် ဆရာမ စွပ်စွဲရေးသားထားသလို ဂန္ဓီကြီးကို
သတ်တာ မွတ်စလင်လူငယ်မဟုတ်ပါဘူး။ ဟိန္ဒူ လူငယ်သာဖြစ်တယ်'' လို့ ရေးသားထားတာတွေ့ရမှာဖြစ်ပါတယ်။
မီဒီယာသမားတစ်ဦးအနေနဲ့ မဟတ္တမဂန္ဓီအကြောင်းပြည့်ပြည့်စုံစုံမသိသေးဘူးဆိုရင်တောင် မြန်မာ့စွယ်စုံကျမ်းလောက်၊ စောင့်ကြည့်သတင်းဂျာနယ်လောက်တော့ လက်လှမ်းမီသင့်ပါတယ်။ အယ်ဒီတာဆိုသူကလည်း ဖတ်ဖူးသင့်ပါတယ်။ အထူးသဖြင့် အခုလိုအချိန်အခါမျိုးတွင် မိမိတို့၏ကလောင်တစ်ချက်ကြောင့် လူမျိုးစုတွေကြား အမုန်းပွားစရာတွေဖြစ်လာနိုင်မှုကို ရှောင်ရှားသင့်ပါတယ်။ နိုင်ငံတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေတဲ့ ပဋိပက္ခများ၊ အကြမ်းဖက်မှုများ မဖြစ်ပေါ်စေအောင်
ထိန်းသိမ်းသင့်တယ်။
ဒါကြောင့်မို့ နောက်နောင်အခုလိုတစ်ဖက်စောင်းနင်း၊ မစူးစမ်းမဆင်ခြင်ပဲ မရေးမိစေဖို့နဲ့ အမြန်ဆုံး အမှားပြင်ဆင်ချက်
ထည့်သွင်းကြေငြာပေးဖို့ တောင်းဆိုလိုက်ရပါတယ်။
မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)
စာရေးဆရာ မောင်သဲနီ၏ ဒေါက်တာစိန်စိန်သန်းအတွက် အိတ်ဖွင့်ပေးစာကို စောင့်ကြည့်ဂျာနယ်က ပြန်လည်ဖော်ပြထားမှု ပူးတွဲတင်ပြလိုက်ပါသည်။