Monday, May 20, 2013
သတင်းစာ လေးမျိုး
သတင်းစာထုတ်ဝေခွင့်တွေ ပေးလိုက်တဲ့ နောက်ပိုင်းမှာ သတင်းစာအမျိုးအစား လေးမျိုးလေးစား
ကွဲပြားသွားမယ်လို့ ယူဆရပါတယ်။ အဲဒီသတင်းစာ လေးမျိုးထဲမှာ ဒီမိုကရေစီစနစ်ပေါ်ပေါက်
ထွန်းကားရေးအတွက်နဲ့ လူထုအကျိုးစီးပွားများ အတွက် ရပ်တည်တဲ့ သတင်းစာ တစ်နည်းအားဖြင့် လူထုက အမှန်တစ်ကယ် အပြည့်အ၀ အားကိုးအားထားပြုရမယ့် သတင်းစာအမျိုးအစားက တစ်မျိုးထဲသာရှိမယ် ဆိုတာ
လူထုအနေနဲ့ သေသေချာချာသိရှိနားလည် ပြီး ရွေးချယ် တတ်ဖို့ အရေးကြီးတယ်လို့ ပြောချင်ပါတယ်။
ဒီလိုပြောရခြင်းဟာ သတင်းစာအမျိုးအစားလေးမျိုး အနက် တစ်မျိုးသာ လူထုရဲ့အားကိုး
ရာဖြစ်မှာမို့ကျန်တဲ့သတင်းစာတွေကို ပစ်ပယ်ရမယ် မဖတ်ဘဲနေသင့်တယ်ဆိုတဲ့ သဘောမျိုး ပြောလိုခြင်းမဟုတ်ပါဘူး။
သတင်းစာဆိုတာ သတင်းတွေကို ရေးသားဖေါ်ပြတဲ့ စာဖြစ်တယ်လို့ယေဘူယျအနေနဲ့ ပြောလို့ ရတာဖြစ်လေတော့
သတင်းစာအားလုံးကို လက်လှမ်းမီသလောက် ဖတ်ရှုလေ့လာသင့်တယ်လို့ ဆိုရမယ်ဖြစ်ပါတယ်။ ဘယ်သတင်းစာကို မဖတ်သင့်ဘူးဆိုတာမျိုးမဟုတ်ဘဲဘယ်သတင်းစာ အမျိုးအစားကို ပဲ ဖတ်ဖတ် မိမိတို့ရဲ့ အသိအမြင် ဆင်ခြင်တုံတရားတို့နဲ့ ဝေဖန်ပိုင်းခြားတဲ့သတိတရားသာ လိုအပ်ပါတယ်။ သတင်းစာထဲက အဆိပ်အတောက်များကို မိမိတို့ ဆင်ခြင်တုံတရားနဲ့ ရှောင်လွှဲဖယ်ရှားနိုင်ဖို့သာ လိုအပ်ပါတယ်။စာဖတ်များလာတဲ့အခါမှာ ဖတ်ရမယ့် စာနဲ့ သတင်းတို့ကို ရွေးချယ်နိုင်စွမ်းရှိလာမှာပဲ
ဖြစ်ပါတယ်။
ကျွန်တော် ခွဲခြားဖေါ်ပြချင်တဲ့ သတင်းစာလေးမျိုးကတော့
၁။ အစိုးရ အာဘော် သတင်းစာများ
၂။ နိုင်ငံရေးပါတီများက ထုတ်ဝေတဲ့ နိုင်ငံရေးပါတီများရဲ့ အာဘော် သတင်းစာများ
၃။ လွတ်လပ်ပြီးဘက်မလိုက်ဘဲ ရပ်တည်တယ်လို့ ထင်မြင်ယူဆရသော်လည်း လူထုအကျိုးစီးပွားထက်
( တစ်နည်းအားဖြင့် သတင်းမှန်များနှင့် လူထု အသိပညာ တိုးတက်မြင့်မားရေး အထောက်အကူဖြစ်စေမယ့် အကြောင်းခြင်းရာများ ကို ရည်ရွယ်ရေးသားထုတ်ဝေခြင်းမဟုတ်ဘဲ ) ကိုယ်ကျိုးစီးပွား အတွက် ထုတ်ဝေသောသတင်းစာများနဲ့
၎။ လူထုနဲ့ တစ်သားထဲ ရပ်တည်ပြီး လူထုအကျိုးစီးပွားအတွက် ဦးတည်ထုတ်ဝေတဲ့ လွတ်လပ်သော သတင်းစာများဖြစ်ပါတယ်။
မကြာသေးခင်ကမှ မီဒီယာလွတ်လပ်ခွင့်တွေ ရရှိလာတာ ဖြစ်ပြီး ဒီလွတ်လပ်ခွင့်ကို လူထုအကျိုးစီးပွားအတွက်အသုံးပြုသူများ
ရှိသလို ကိုယ်ကျိုးရှာဖို့ အသုံးချသူတွေလည်းတစ်ပုံတစ်ပင်ရှိပါတယ်။ ကိုယ်ကျိုးရှာသမားတွေကြောင့်ရလာတဲ့ မီဒီယာလွတ်လပ်ခွင့်၊ လူထုအကျိုးစီးပွားနဲ့ ဒီမိုကရေစီရေး မျှော်လင့်ချက် တို့ ပြန်လည်ပျက်စီး ဆုံးရှုံးမသွားရအောင်မီဒီယာသမား စစ်စစ်တွေကပဲ
ကြိုးပမ်းကြရမှာဖြစ်ပါတယ်။ အမျိုးအစားလေး မျိုး ကွဲပြားသွားတဲ့ သတင်းစာတွေကို ဘယ်ပုံဘယ်နည်း ရွေးချယ်ဖတ်ရှုကြရမလဲ
ဆိုတာကတော့ လူထုနဲ့ လုံးလုံးသက်ဆိုင်ပါတယ်။ လူထုက ကိုယ်ပိုင်အသိအမြင်နဲ့ ဆင်ခြင်ဝေဖန်နိုင်တဲ့ စွမ်းရည်တို့ကို ကောင်းစွာအသုံးချပြီးသတင်းစာအပါအ၀င် မီဒီယာတွေကို ဖတ်ရှုလေ့လာကြမှသာ လူထုအတွက်ရော ဒီမိုကရေစီတည်ဆောက်ရေး လုပ်ငန်းစဉ်အတွက်ပါအကျိုးများနိုင်မယ်ဖြစ်ပါတယ်။
၁။အစိုးရသတင်းစာများ
အစိုးရသတင်းစာတွေကတော့ ရှင်းပါတယ်။ အစိုးရရဲ့ အာဘော်ကို ကိုယ်စားပြုမှာပါပဲ။ တစ်ချိန်မှာ အစိုးရသတင်းစာတွေ ပျောက်သွားနိုင်တယ်လို့ဆိုနိုင်ပေမယ့် အခုလောလောဆယ်တော့ ရှိနေဦးမှာပါ။ မဆလခေတ်၊န၀တခေတ် သတင်းစာတွေလို လူထုကို ၀ါဒဖြန့်ချိဖို့သက်သက်မဟုတ်တော့ဘဲ ဒီကနေ့ အစိုးရသတင်းစာများဟာ သတင်းစာဖတ်သူများအနေနဲ့ဖတ်ပျော်အောင် တနည်းအားဖြင့် လွတ်လပ်တဲ့သတင်းစာများနဲ့ယှဉ်နိုင်အောင် ပုံစံပြောင်းလဲလာတာတွေ့ရပါတယ်။ ပုဂ္ဂလိကသတင်းစာတွေလို အများလက်ခံအောင် အစိုးရသတင်းစာတွေက အားထုတ်လာတယ်ဆိုတဲ့ကိစ္စကိုတော့ ကြိုဆိုကြရမှာပါပဲ။
အစိုးရသတင်းစာတွေ ထွက်နေသေးသရွေ့တော့ လောလောဆယ်မှာလူထုက ဖတ်ရှုဖို့လိုအပ်နေဦးမှာပါပဲ။ တစ်ခုရှိတာက အစိုးရသတင်းစာဆိုတာ ဘယ်လိုပဲအပြောင်းအလဲတွေလုပ်လုပ်ခေတ်ဟောင်းစနစ်ဟောင်းက စတိုင်တွေ ဖျောက်ဖို့ခက်ခဲနေတာတွေ့ရပြီး အစိုးရသတင်းစာတွေကို ရပ်ပစ်ဖို့ အစိုးရကိုယ်တိုင်က ရည်ရွယ်လုပ်ဆောင်သင့်တာလည်း
ဖြစ်ပါတယ်။ အစိုးရသတင်းစာတွေကို လောလောဆယ်မှာ လူထုဖတ်ဖို့လိုတယ်လို့ပြောရတာက အစိုးရဘာလုပ်နေလဲဆိုတာ အစိုးရသတင်းစာတွေကသာ အမြန်ဆုံးနဲ့ အပြည့်စုံဆုံးဖေါ်ပြနိုင်တဲ့ အခြေအနေမှာပဲရှိနေသေးတာကြောင့်ပါ။ ဒါပေမယ့် အားမနာတမ်းပြေရရင် ဒီမိုကရေစီနဲ့ပတ်သက်လို့ လူထုအသိပညာတွေတိုးတက်မြင့်မားလာအောင် ၊အမျိုးသားရေးစိတ်ဓါတ်တွေ နိုးကြားတက်ကြွလာအောင်အစိုးရသတင်းစာတွေက ပိုင်ပိုင်နိုင်နိုင်ဆောင်ရွက်နိုင်ခြင်းမရှိသေးတွေ့ရပါတယ်။ လူထုအတွက် အသိပညာတွေ ရင့်ကျက်ဖွံ့ဖြိုးလာရေးကိစ္စဟာ လက်ရှိကာလမှာတော်တော်အရေးကြီးနေလေတော့ပညာပေးတဲ့အလုပ် ကောင်းကောင်းမလုပ်နိုင်သေးတဲ့ အစိုးရသတင်းစာတွေက အားကိုးအားထားပြုလောက်တဲ့ အနေအထားမရှိသေးဘူးလို့ပဲ ပြောရမှာဖြစ်ပါတယ်။ အစိုးရသတင်းစာတွေရဲ့အားနည်းချက်တချို့ကို ပြောရရင်
၁။သတင်းတွေတင်ပြပုံကခေတ်ဟောင်းကအတိုင်း လေးလံထိုင်းမှိုင်းနေပြီး ဆွဲဆောင်မှုလုံးဝမရှိခြင်း။
၂။ဆောင်းပါးနဲ့ အယ်ဒီတာအာဘော်တွေ ကလည်း ပြောင်းလဲဖို့ကြိုးစားပမ်းစားလုပ်ဆောင်နေပေမယ့် ခေတ်ဟောင်းကပုံစံကို ဖျောက်လို့မရသေးဘဲ ဖတ်မကောင်းတဲ့ စာစီစာကုံးများသဖွယ် ရှိနေသေးခြင်း။
၃။ သတင်းစာဖတ်သူအများစုက သတင်းစာကို နာရေးကြော်ငြာကနေစတင်လှန်လှောဖတ်ရှုနေကြရာက သတင်းစိာုမျက်နှာဖုံးသတင်းကနေစတင်ဖတ်ရှုတဲ့ အလေ့အထသို့ ပြောင်းလဲအောင် မစွမ်းဆောင်နိုင်သေးခြင်း စတာတွေဖြစ်ပါတယ်။
ဒီမိုကရေစီစနစ်ဖြစ်ထွန်းတဲ့အခါ အစိုးရသတင်းစာတွေမရှိသင့်တော့တာမှန်ပေမယ့် လောလောဆယ်မှာ လွတ်လပ်တဲ့သတင်းစာများ
အရေအတွက်က လည်းလူထုအားထားလောက်တဲ့ အနေအထားကိုအပြည့်အ၀မရောက်နိုင်သေးလေတော့ အစိုးရသတင်းစာများကို ဒီမိုကရေစီစနစ်မပီပြင်သေးတဲ့ လက်ရှိကာလမှာ ဖတ်နေရဦးမှာပါပဲ။ အစိုးရကလည်း အခုထက်ပိုပြီး ပြောင်းလဲလာအောင်ကြိုးစား
မယ်လို့မျှော်လင့်မိပါတယ်။
၂။ပါတီသတင်းစာများ။
အစိုးရသတင်းစာတွေ အစိုးရအာဘော်လို့ ပြောရမှာဖြစ်သလို ပါတီသတင်းစာတွေက ပါတီအာဘော် ဖြစ်ပါတယ်။ အစိုးရသတင်းစာရော ပါတီသတင်းစာကိုပါ လွတ်လပ်တဲ့သတင်းစာ၊ လူထုအတွက် အသိပညာဖြန့်ဖြုးပေးတဲ့သတင်းစာလို့ အပြည့်အ၀ပြောလို့တော့ မရနိုင်ဘူးလို့ ယူဆမိပါတယ်။ ပါတီတွေက ယျေဘူယအားဖြင့်လူထုအတွက် ရပ်တည်ဆောင်ရွက်ကြတယ်လို့ဆိုနိုင်ပေမယ့် ချွင်းချက်တွေ ရှိပါတယ်။ ပါတီတွေမှာက ရွေးကောက်ပွဲများမှာ အနိုင်ရရှိရေးဆိုတဲ့ ကိစ္စက ရှိလေတော့လူထုထောက်ခံမှု ရရှိဖို့ မဖြစ်မနေကြိုးစားရပါတယ်။လူထုကို စည်းရုံးဆွဲဆောင်ရပါတယ်။လူထု အကျိုးစီးပွားဖြစ်ထွန်းဖို့အမှန်တစ်ကယ်စွမ်းဆာင်ပေးနိုင်သလောက်ပြောဆိုစည်းရုံးမယ့်ပါတီတွေ ရှိနိုင်သလို လူထုကို မစားရ၀ခမန်းပြောဆိုစညးရုံးပြီး အနိုင်ရတဲ့အခါ လုပ်ချင်ရာလုပ်မယ့်ပါတီတွေလည်း ရှိနိုင်ပါတယ်။ ပါတီသတင်းစာတွေဖတ်ပြီးလူထုကနားယောင်မသွားမိဖို့ လိုအပ်ပါတယ်။ လူထုကိုအသိပညာပေးဖို့ ရည်ရွယ်တဲ့ ပါတီသတင်းစာတွေ လည်းရှိနိုင်ပေမယ့် လူထုပညာပေးဖို့ သက်သက်ရပ်တည်မယ့် ပတီသတင်းစာရယ်လို့တော့ရှိနိုင်မယ်မထင်ပါဘူး။ ပါတီမူဝါဒတွေ လူထုကြားပျံ့နှံ့ဖို့ လူထုကိုစည်းရုံးဖို့ဆိုတဲ့ ရည်မှန်းချက်တွေကတော့ ပါတီသတင်းစာတွေအတွက် ပိုအရေးကြီးတဲ့ အလုပ်တွေ ဖြစ်နိုင်တာမို့ လူထုက ပါတီသတင်းစာများကို ဖတ်ရှုတဲ့နေရာမှာ သတိ၊ ဆင်ခြင်ဝေဖန်ပိုင်းခြားမှု စတာတွေ အများကြီး လိုအပ်တယ်လို့ ယူဆပါတယ်။ပါတီတွေအနေနဲ့လည်း လူထုအသိပညာမြင့်မားရေးကို အထူးဦးစားပေးပြီး ရေးသားထုတ်ဝေကြမယ်လို့မျှော်လင့်မိပါတယ်။
၃။ ကိုယ်ကျိုးရှာ သတင်းစာများ။
မီဒီယာလွတ်လပ်ခွင့်ရခါစ နိုင်ငံမှာမဆိုထားနဲ့ ဖွံ့ဖြိုးပြီး လွတ်လပ်ပြီးတာ ကြာပြီဖြစ်တဲ့ နိုင်ငံတွေမှာတောင်မှကိုယ်ကျိုးရှာဖို့
သက်သက်ထုတ်ဝေတဲ့သတင်းစာတွေ ရှိနေတတ်ပါတယ်။yellow pages လို့ ခေါ်တွင်ပြီးလူထုအသိပညာ
ရင့်ကျက်တိုးတက်ဖို့အတွက် ဘယ်လိုမှ အထောက်အကူမရဘဲ သတင်းစာထုတ်ဝေသူတွေ အကျိုးရှိဖို့သက်သက်သာ ထုတ်ဝေတဲ့သတင်းစာတွေပါ။ အညှီအဟောက်များ၊ ရာဇ၀တ်မှုဆိုရာသတင်းများ၊သတင်းမှန်မဟုတ်ဘဲ လူအများအာရုံစိုက်ပြီး
ထင်ယောင်ထင်မှားဖြစ်စေမယ့်သတင်းများ၊ဟုတ်မှန်သော်လည်းအကျိုးမပြုနိုင်တဲ့သတင်းများနဲ့ ရေးသားချက်များကို ဦးစားပေး ဖေါ်ပြလေ့ရှိပါတယ်။ ဒီလိုသတင်းစာမျိုးကို ဒီမိုကရေစီတည်ဆောက်ခါစ အခုလိုကာလမျိုးမှာ လူထုကအားကိုးအားထားပြုမိရင်
လူထုအတွက်ရော တိုင်းပြည်အတွက်ပါ အကျိုးယုတ်စေမှာဖြစ်လေတော့ လူထုအနေနဲ့လည်း အထူးသတိ ၀ီရိယ ထားသင့်ပြီး ကိုယ်ကျိုးသက်သက်အတွက် ဒီလိုသတင်းစာမျိုး ထုတ်ဝေနေတဲ့ ထုတ်ဝေဖို့ ကြိုးစားနေတဲ့ သူများအနေနဲ့လည်းအမျိုးသားအကျိုးစီးပွားကို
ငဲ့ကွက်ပြီး ဆင်ခြင်သင့်ပါကြောင်း သတိပေးပါရစေ။လွတ်လပ်ခွင့်ကို တလွဲသုံးရင် မိမိအကျိုးကိုသာထိခိုက်စေနိုင်တာမဟုတ်ဘဲ တိုင်းကျိုးပြည်ကျိုးကိုပါ အနည်းနဲ့အများထိခိုက်စေနိုင်တာမို့ အခုလို အရေးကြီးလှတဲ့ ပြုပြင်ပြောင်းလဲရေးကာလမှာ ပိုပြီးဆင်ခြင်သင့်ပါတယ်။
၎။လူထုသတင်းစာများ။
လူထုသတင်းစာများဆိုတာကတော့ လူထုနဲ့တပ်တူခံစားပြီး လူထုနဲ့ တစ်သားတည်းရပ်တည်ကာ လူထုအကျိုး တိုင်းပြည်အကျိုးကို တတ်စွမ်းသမျှ ထမ်းဆောင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ရပ်တည် ထုတ်ဝေတဲ့ သတင်းစာများဖြစ်ပါတယ်။ အစိုးရကိုလည်းကောင်း
နိုင်ငံရေပါတီများကိုလည်းကောင်း အပြုသဘောနဲ့ စောင့်ကြည့်ဝေဖန်ပြီး စတုတ္ထမဏ္ဍိုင်ပီပီသသ ရပ်တည်တဲ့သတင်းစာ များဖြစ်ပါတယ်။ ဒီမိုကရေစီအသိတရားများ ကိန်းဝပ်နိုင်အောင် ပျံ့ပွားနိုင်အောင်စွမ်းဆောင်ဖို့ကြိုးစားတဲ့သတင်းစာများဖြစ်ပါတယ်။ သတင်းစာတွေ ခွင့်မပြုမီကတည်းက ဂျာနယ်တွေရဲ့ ရည်ရွယ်ချက်တွေ၊အာဘော်တွေ လုပ်နည်းလုပ်ဟန်တွေအမျိုးမျိုး
ကွဲပြားနေခဲ့တာလည်းသတိပြုမိကြမယ်လို့ယူဆပါတယ်။
သတင်းစာတွေ များလာတော့ သတင်းစာလေးမျိုးကွဲပြားနေသလို မ်ီဒီယာတွေအားလုံးဟာလည်း သူတို့ ရည်ရွယ်ချက်နဲ့ စေတနာတွေ အပေါ်မူတည်ပြီး ကွဲပြားနေတာကြောင့် လူထုအနေနဲ့ မိမိတို့ အသိဥာဏ် ဆင်ခြင်တုံတရားနဲ့ရွေးချယ်နိုင်ကြဖို့ အထူးလိုအပ်ပါတယ်။
နောက်ဆုံးတစ်နေ့မှာ လူ့အဖွဲ့အစည်းနဲ့ တိုင်းပြည်ရဲ့ အကျိုးစီးပွားတို့ကို ဦးထိပ်ပန်ဆင်တဲ့ သတင်းစာများ၊ဂျာနယ်များ အပါအ၀င် မီဒီယာများအားလုံး က မီဒီယာလောကကို ဦးဆောင်နိုင်ဖို့၊ လွှမ်းမိုးနိုင်ဖို့ဆိုတာ ဒီမိုကရေစီပေါ်ထွန်းရေးနဲ့ တည်တံ့ခိုင်မာရေး၊ လူထုအကျိုးစီးပွားများ တိုးတက်ဖြစ်ထွန်းရေးအတွက် လွန်စွာအရေးကြီးလှပါယ်။ အစိုးရ၊ နိုင်ငံရေးပါတီများနဲ့ လူထုကပါ ရည်ရွယ်ချက်များကောင်းမွန်မှန်ကန်ပြီး စွမ်းဆောင်ရည်မြင့်မားတဲ့လွတ်လပ်သောသတင်းမီဒီယာများထွန်းကားရေးကို ကူညီပံ့ပိုးလိုစိတ်ရှိနေကြမယ်လို့ ရိုးသားစွာမျှော်လင့်မိပါကြောင်း။ ။
ပိုက်တင်