ကျနော် အိမ်ဘေးနားကို မိသားစုတစ်စု ပြောင်းလာတယ်။ သူတို့ကဆိုင်ကယ် အပို ပစ္စည်းရောင်းတဲ့ ဆိုင်ဖွင့်ထားကြတယ်။ သူတို့နဲ့အတူ အိမ်ပြောင်း လာတော့ အဘွားအို တစ်ယောက် ပါလာတယ်။ ကျနော် ရေခပ်တိုင်း၊ ခြံက ကပ်နေတော့ သူတို့ အိမ်ဘက်ကို မြင်နေရတယ်လေ။
ကျနော်ကြည့်လိုက်တိုင်း အဘွားအို ကိုပဲ အိမ်နောက်ဘက်မှာ တုန်တုန်ချည့်နဲ့ နေတဲ့ လက်တွေနဲ့ အ၀တ်တွေ လျှော်နေတာကိုပဲ တွေ့ရတာများတယ်။ တစ်နေ့တော့ ကျနော် မနေနိုင်တော့ဘူး “ အဘွား အိမ်မှာ အ၀တ်လျှော်မယ့် သူတွေ မရှိဘူးလားလို့” မေးတော့
“ ငါမြေးရယ် အိမ်မှာ သမီးနဲ့ သားမက် ပဲရှိတယ် သူတို့က မအားကြဘူးလေ” လို့ပြောတော့ “ကျနော် အဘွား အ၀တ်တွေကို ကူလျှော် ပေးပါရစေလို့” ပြောပြီးကျနော် လျှော်ပေးခဲ့ပါ သေး တယ်။
နောက်ပိုင်းတော့ ကျနော် သင်တန်း(၁) နှစ် လောက်၊ သွားတတ်ရပါတယ်။ ကျနော် ရန်ကုန် ပြန်ရောက်တော့ အိမ်ဘေးနားက အဘွားအို ကိုမတွေ့ရတော့ ပါဘူး။ ကျနော် အမတွေကို မေးကြည့်တော့ အဘွားအို ဆုံးသွားပြီး တဲ့လေ....။ ကျနော် စိတ်ထဲ မကောင်းဖြစ်သွား လိုက်တာ။ အမတွေကို မေးကြည့်တော့ သူ့သမီးနဲ့ သားမက် နှိပ်စက်လို့ သေသွားတာတဲ့။ ကျနော် အရမ်းအံ့သြ သွားတယ်။ ကျနော်ရှိနေတဲ့ အချိန်တုန်းက အဘွားအိုကို နှိပ်စက်တာမှ မတွေ့ရတာ။ ဘယ်လိုတွေ နှိပ်စက်လို့ သေသွားတာလဲလို့ အမကိုမေးတော့၊ အမက ပြောပြတယ်။ အဘွားအိုဟာ နေ့တိုင်း သမီးနဲ့ သားမက် မရှိတဲ့ အချိန် တွေမှာမှ သူ့ရဲ့ အင်္ကျီတွေကို မသိအောင် လျှော်ရတာတဲ့၊ အသက်ကြီးတော့ ဆီး၊ ၀မ်း မနိုင်တာတွေဖြစ်တော့ အ၀တ်တွေမှာ ပေတတ်တာပေါ့။ ဒါကို သမီးနဲ့ သားမက်က အိမ်မှာ ညစ်ပတ်လို့ကတော့ အိမ်ပေါ်မှာမနေနဲ့ အိမ်အောက်မှာ နေလို့ ပြောတယ်တဲ့၊ အဘွားအိုဟာ သမီးနဲ့ သားမက် မသိအောင်လို့ သူတို့သွားချိန်မှ အ၀တ်လေးတွေကို တိတ်တိတ်လေး လျှော်ခဲ့တာ။
နောက်တော့ ကျမ်းမာရေး မကေင်းဖြစ်လာတယ်တဲ့၊ အဲ့ဒီအချိန်တွေမှာ ဆေးမကုပေးတဲ့ အပြင် အမေကို ဆဲဆိုကြိမ်းမောင်းပြီး အိမ်နောက်ဘေးက ဂိုထောင် အပျက်လေးထဲမှာ ပြစ်ထားကြတယ်တဲ့၊ ထမင်းစားချိန်ဆို ကော်ဇလုံထဲမှာ ထည့်ပြီး ဂိုထောင်ပေါက်ဝမှာ သွားချထားတယ်။ အဘွား အိုဟာ ၀ါးကွပ်ပြစ် လေးပေါ်မှာ ဝေဒနာကို ခံစားနေခဲ့ရတယ်။ အဲ့အချိန်ကဆို အိမ်နီးနားတွေက မနေနိုင်လို့ သွားပြီးပြုစုကြရင် အဘွားအိုကို ပိုနှိပ်စက်လို့ နောက်ပိုင်း ဘယ်သူမှ မသွားရဲကြတော့ ဘူးတဲ့။ ညဘက်ဆို ချမ်းတော့ အဘွားအိုက ညည်းရင်တောင် အိမ်ပေါ်ကနေ ရေနဲ့လှမ်းပတ် ပါတယ်။ နောက်တော့ အဘွားအိုဟာ အိပ်ယာပေါ်မှာ အချိန်ကြာကြာ နေရတော့ ကျောမှာ အပူနာတွေ ပေါက်တော့ အနာတွေဖြစ် အရမ်းဆိုးဝါးတဲ့ ဝေဒနာတွေကို ခံစားရပြီး သေသွားခဲ့ ရတာတဲ့။
အမပြောတာတွေကို နားထောင်ရင်း ကျနော် မျက်လုံးကထွက်တဲ့ မျက်ရည်ထက် ရင်ထဲမှာ မကောင်းတာက ပိုတယ်ဗျာ။ အရမ်းခံစားရတယ်။ ရက်စက်လိုက်ကြ တာဗျာ၊ ကိုယ့်ကို ဖ၀ါးလက်နှစ်လုံး၊ ပခုံးလက်နှသစ် လူဖြစ်အောင်ကျွေးမွေး ခဲ့တဲ့ အမေကို အခုလိုမျိုးလုပ်ရက်တဲ့ သားသမီးတွေကို ကျနော်အရမ်း အံ့သြသွားတယ်။ နောက်ပြီး မိဘအပေါ် မကောင်းတာတောင်မှ သား၊ သမီးတွေကို အပြစ်မမြင်ခဲ့ ရှာဘူး။ ပတ်ဝန်းကျင်က အပြစ်မမြင်အောင် အပြုံးမပျက် ကာကွယ်ပြောသွား ခဲ့တယ်။ အဘွားအို တစ်ယောက် ဝေဒနာထက် နှလုံးသားမှာ ဘယ်လောက်အထိ ခံစားသွားရမလဲ ဆိုတာတော့ ကျနော် တွေးကြည့်တာတော့ ရင်ထဲမှာ မခံစားနိုင်အောင် ဖြစ်ရပါတယ်။
ကျနော် တို့ မိဘတွေကို မသေခင်အချိန် အထိကျနော်တို့ မောင်နှမ ကောင်းကောင်း ပြုစုနိုင်ခဲ့ပါတယ်။ ဒါတောင်ကျနော်တို့ မိဘကျေးဇူးကို ကျေပြီလို့ မဟစ်ကြွေးရဲ ခဲ့ပါဘူး။ ကျနော်ပြောချင်တာတော့ မိဘ သက်ရှိ ထင်ရှားရှိချိန်တွေ မှာ မိဘကျေးဇူးကို ဆပ်နှိုင်သော သားသမီးကောင်း တွေဖြစ်အောင် နေနိုင်ကြပါစေလို့ ..................။
Ps. (ကိုယ်တွေ့ အဖြစ်မှန်လေးပါ)
လင်းသစ်
Credit to: လင်းသစ်