Home

Tuesday, May 14, 2013

စိတ်ကူး နိုင်ငံရေး ၊ လက်တွေ့ နိုင်ငံရေး

လူတိုင်းရင်ထဲမှာ နိုင်ငံရေးနဲ့ပတ်သက်ရင် စိတ်ကူးစိတ်သန်း ကိုယ်စီ ရှိကြမယ်လို့ ထင်ပါတယ်။ ကိုယ့်မှာ ရှိတဲ့ အတွေ့အကြုံ
ဗဟုသုတနဲ့ အသိဥာဏ်ပေါ်မူတည်ပြီး အဲဒီ စိတ်ကူးတွေက အမျိုးမျိုးအဖုံဖုံ ကွဲပြားခြားနားမှုတော့ ရှိကြမှာဖြစ်ပေမယ့်
ကိုယ်ဖြစ်ချင်တဲ့ လူနေမှုဘဝကို အကောင်းဆုံး ပုံဖေါ်ပေးနိုင်မယ့် နိုင်ငံရေးစနစ်မျိုးကို ကိုယ်စီကိုယ်ငှ စိတ်ကူးကြမှာ သေချာပါတယ်။

ကျွန်တော့်မှာလည်း စိတ်ကူးယဉ်ထားတဲ့ နိုင်ငံရေး ရှိပါတယ် ။ Scandinavian နိုင်ငံများက နိုင်ငံရေးစနစ်များကို ကျွန်တော် နှစ်သက်သဘောကျပါတယ်။ လူထုက အစိုးရ ရှိနေတယ်ဆိုတာ သတိတောင်မေ့နေလောက်တဲ့အထိလူထုအပေါ်ဖိစီးမှု
လုံးဝမရှိဘဲ လွတ်လပ်တဲ့ နိုင်ငံရေးစနစ်မျိုးပါ။ အဓိက ကလွတ်လပ်မှုနဲ့အတူ အေးချမ်းတည်ငြိမ်မှုကလည်း အပြည့်အဝ အခိုင်အမာ ယှဉ်တွဲဖြစ်ပေါ်နေတဲ့နိုင်ငံများဖြစ်လို့ အဲဒီစနစ်တွေကို နှစ်သက်မိခြင်းပါ။ အမေရိကားလို တိုးတက်ဖွံ့ဖြိုးမှု မြင့်မားပေမယ့် ပြသနာတချို့ ရှိနေတဲ့ အကောင်းအဆိုး တွဲနေတဲ့ နိုင်ငံရေးစနစ်မျိုးကို ကျွန်တော် မနှစ်သက်လှပါဘူး။ မြေအောက်ရထားတွေပေါ်မှာ ပြောင်ပြောင်တင်းတင်းလုယက်အကြမ်းဖက်တတ်တာမျိုး၊ ကလေးငယ်တွေကတောင်
လက်နက်ကိုင်ရမ်းကား ချင်ရင် အလွယ်တကူလုပ်လို့ ရတဲ့ အခြေအနေမျိုး၊ စစ်ရေးအရ မဟာအင်အားကြီးဖြစ်တာ ကောင်းသလိုရှိပေမယ့် တစ်ဘက်မှာလဲ အဲသလို စစ်အင်အားကြီးမားတာကြောင့်ပဲ အကြမ်းဖက်အုပ်စုတွေရဲ့ အာရုံစိုက်မှုမုန်းတီးမှုကိုအများဆုံးခံရပြီး လူထုအတွက် မလုံခြုံတဲ့ အခြေအနေတချို့ ရှိနေတဲ့ အခြေအနေမျိုး စတာတွေဟာ အချမ်းသာဆုံးနိုင်ငံဖြစ်တဲ့ အမေရိကားရဲ့အားနည်းချက်တွေလို့ ယူဆမိပါတယ်။

Scandinavian နိုင်ငံများမှာ လူမှုဘဝ လုံခြုံမှုကို အပြည့်ဝဆုံးရှိရရှိခံစားနိုင်ပါတယ်။ တစ်ဦးချင်းဝင်ငွေကလည်း ကမ္ဘာ့ထိပ်တန်းအဆင့်တွေရှိပါတယ်။ လူတွေကလည်းဘဝကို အေးအေးချမ်းချမ်းနေထိုင်ဖြတ်သန်းကြပြီး လူ့အဖွဲ့အစည်းအတွင်း
ပြသနာလည်းမရှိသလောက်နည်းတာ တွေ့ရပါတယ်။ ကမ္ဘာ့သတင်းတွေကိုမျက်ခြေမပြတ်လေ့လာရင် အဲဒီတိုင်းပြည်တွေကသတင်းတွေ အထူးသဖြင့် သတင်းဆိုးတွေဆိုတာ မရှိသလောက်ရှားပါးတာတွေ့နိုင်ပါတယ်။ လူတစ်ယောက်အဖြစ်အနေပျော်ဆုံးနေရာများဖြစ်တယ်လို့
ထင်မြင်ယူဆမိပါတယ်။ the Legatum Prosperity Index ရဲ့ အညွှန်းတွေအရတော့ Scandinavian နိုင်ငံတစ်ခုဖြစ်တဲ့နော်ဝေနိုင်ငံဟာအချမ်းသာဆုံးနိုင်ငံအဖြစ်သတ်မှတ်ခံရပါတယ်။
(အမေရိကားကအဲဒီစာရင်းမှာ ပထမဆုံးအကြိမ်အဆင့်၁၂ ကို ကျသွားပါပြီ။) ဒုတိယကဒိန်းမတ်နဲ့ တတိယက ဆွီဒင်ဖြစ်ပါတယ်။ ဒီနှစ်နိုင်ငံစလုံးက Scandinavianနိုင်ငံတွေပါပဲ။ ချမ်းသာကြွယ်ဝမှုကိုတော့ စီးပွားရေး၊ ပညာရေး၊စွန့်ဦးတီထွင်မှုနဲ့ 
အခွင့်အလမ်းများ၊အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ တစ်သီးပုဂလဘဝ လွတ်လပ်ခွင့်၊ လုံခြုံမှုနဲ့လူမှုရင်းမြစ် စတဲ့ အချက်
 ( ဂ ) ချက်နဲ့ တိုင်းတာခြင်းဖြစ်ပါတယ်။ အာရှမှာတော့ ဟောင်ကောင်၊ စင်္ကာပူနဲ့ ထိုင်ဝမ်တို့က ကမ္ဘာ့အချမ်းသာဆုံး
 ၂၅ နိုင်ငံစာရင်းထဲမှာပါရှိပါတယ်။ ထူးခြားတာကတော့ ဗီယက်နမ်ပဲဖြစ်ပါတယ်။ အဲဒီချမ်းသာတဲ့ နိုင်ငံတွေစာရင်းထဲဝင်ဖို့ တဖြည်းဖြည်း နီးကပ်လာနေပြီလို့ဆိုပါတယ်။

နိုင်ငံတစ်ခုရဲ့ ကြွယ်ဝမှုကို GDP တစ်ခုထဲနဲ့ တိုင်းတာတာ မဟုတ်ဘူးဆိုတဲ့အချက်ကို သတိပြုသင့်ပါတယ်။ စောစောကပြောတဲ့ အချက် (ဂ)ချက်ကိုလည်း အာရုံစိုက်သင့်တယ်လို့ယူဆမိပါတယ်။ကျွန်တော်တို့နိုင်ငံက လူတော်တော်များများမှာ ပိုက်ဆံရှိဖို့ထက် စိတ်ချမ်းသာဖို့ကပိုအရေးကြီးတယ် ဆိုတဲ့ ပြောလေ့ပြောထစကား တစ်ခွန်းရှိပါတယ်။
(လက်တွေ့မှာတော့ လုပ်တဲ့သူ အင်မတန်နည်းပါသေးတယ်။) ဒီစကားဟာ တိုင်းပြည်နဲ့ချီပြီး ချမ်းသာကြွယ်ဝဖို့ ကောင်းကောင်းကြီးအထောက်အပံ့ဖြစ်နိုင်တဲ့စကားပါ။ စိတ်ချမ်းသာဖို့ ခုနကပြောတဲ့ ( ၈)ချက်စလုံးလိုအပ်ပါတယ်။ကောင်းမွန်တဲ့ အုပ်ချုပ်ရေး စနစ်ကလည်း လူတစ်ဦးချင်းစိတ်ချမ်းသာရေးနဲ့ ဆက်စပ်နေတာကို တွေ့ရပါတယ်။ လိုတာထက်ပိုတဲ့ စည်းစိမ်ဥစ္စာတွေ ပိုင်ဆိုတာထက်ပညာကောင်းကောင်းသင်ယူနိုင်ခွင့်က ပိုပြီး အဖိုးတန်တာတွေ့ရပါတယ်။
လုံခြုံမှု ရှိတဲ့ဝန်းကျင်က စိတ်ချမ်းသာဖို့ လုံးဝအထောက်အပံ့ပေးနိုင်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ငွေသာအမှန်တရားဝါဒ
ကြီးစိုးနေတာ ကြာခဲ့ပါပြီ။ ငွေရဖို့ဆိုရင် တရားတာမတရားတာ စဉ်းတောင်မစဉ်းစားဘူး၊ စဉ်းစားစရာလည်းမလိုဘူးဆိုတဲ့ ယဉ်ကျေးမှုထွန်းကားခဲ့တာ လည်း ကြာခဲ့ပါပြီ။ကိုယ်အသက်ရှင်နေထိုင်တဲ့လူ့အဖွဲ့အစည်းရဲ့ အကျိုးစီးပွားကို လုံးဝ မျက်ကွယ်ပြုရုံမကတတ်နိုင်သလောက်အများအကျိုးဆောင်ရွက်တဲ့သူတွေကိုလည်း ပြက်ရယ်ပြုတတ်နေကြပါပြီ။

ကျွန်တော့်အဖို့ရာတော့စိတ်ဓါတ်ရေးရာတွေ ချို့ယွင်းပျက်စီးနေတဲ့လူများစုကြီးနဲ့ ကျွန်တော့် စိတ်ကူးထဲက နိုင်ငံရေးက အကြီးအကျယ်အလှမ်းကွာနေသေးတော့ လက်တွေ့ နိုင်ငံရေး( ဖြစ်နိုင်တဲ့ နိုင်ငံရေး )ကို အသာစောင်းငဲ့ကြည့်ပြီး အောင့်သက်သက်နဲ့ပဲလက်ခံခဲ့ရပါတယ်။ ကျွန်တော်ပြောတဲ့လက်တွေ့ နိုင်ငံရေးဆိုတာ ပစ္စက္ခမှာကြုံတွေ့ဖြတ်သန်းနေရတဲ့
semi-democracy political system ( တစ်ပိုင်းတစ်စ ဒီမိုကရေစီနိုင်ငံရေး)ကိုဆိုလိုမှန်း ရိပ်မိကြမှာပါ။ ခံစားချက်အတိုင်းပြောရရင် ကျွန်တော်နှစ်သက်သဘောကျတဲ့ နော်ဝေတို့ ဆွီဒင်တို့ က ဒီမိုကရေစီစနစ်မျိုးတွေကို ကျွန်တော်တို့နိုင်ငံမှာဖြစ်ထွန်းစေချင်
ပါတယ်။ ပြည့်ဝအေးချမ်းတဲ့ကြွယ်ဝချမ်းသာမှုကိုကျွန်တော်လည်း ရရှိပိုင်ဆိုင် ခံစားလိုပြီး လူထုတစ်ရပ်လုံးကိုလည်း Scandinavian နိုင်ငံသားတွေလို ဘဝတွေ ရစေရောက်စေချင်ပါတယ်။ ဒါပေမယ့် အဲဒီလို နိုင်ငံရေးစနစ် ထွန်းကားဖို့ အဲသလိုချမ်းသာတဲ့နိုင်ငံသားတွေ ဘဝရောက်ဖို့ကျွန်တော်တို့တတွေ လက်ရှိ တစ်ပိုင်းတစ်စ ဒီမိုကရေစီနိုင်ငံရေးကို လက်ခံကြရပါလိမ့်မယ်။ ဒီမိုကရေစီနိုင်ငံသားတွေဘဝ အပြည့်အဝ ရဖို့လက်ရှိ တစ်ပိုင်းတစ်စ ဒီမိုကရေစီ နိုင်ငံသားဘဝမှာ ကိုယ့်ကိုယ်ကိုယ်လေ့ကျင့် ပျိုးထောင်သင့်ပြီလို့ ယူဆမိပါတယ်။ ဒီမိုကရေစီ နိုင်ငံသားဆိုတာအခွင့်အရေးတွေက အလျှံပယ်ရနိုင်တာဖြစ်ပြီး လိုက်နာရမယ့်စည်းကမ်းတွေ ၊ ထမ်းဆောင်ရမယ့်တာဝန်တွေကလည်းတနင့်တပိုးဆိုတာ ဂရုပြုကြစေချင်ပါတယ်။
လက်ရှိအသွင်ကူးပြောင်းရေးကာလမှာ လူထုကလည်း အသွင်ကူးပြောင်းတဲ့အလုပ်ကို ထိထိရောက်ရောက် သေသေချာချာလုပ်ကြမှသာ ကောင်းမွန်ပြည့်စုံတဲ့လူနေမှုဘဝကို ရကြပါလိမ့်မယ်။ငွေတစ်မတ်နဲ့ငါးကြင်းကောင်းမကိုင်နိုင်ဘူး
ဆိုတဲ့စကားကို လူတိုင်းကြားဖူးကြပါတယ်။
ဒီမိုကရေစီနိုင်ငံသားတို့ရဲ့တာဝန်နဲ့စည်းကမ်းတွေကို သေသေချာချာသိရှိလိုက်နာနိုင်ခြင်းမရှိဘဲနဲ့ကောင်းမွန်ပြည့်စုံတဲ့
ဒီမိုကရေစီစနစ်ကိုမမျှော်လင့်ကြပါနဲ့။ ဒီမိုကရေစီစနစ်ဆိုတာ အစိုးရကမပေးနိုင်ပါဘူး။ ဒေါ်စုလည်းမပေးနိုင်သလို ဦးသိန်းစိန်လည်းမပေးနိုင်ပါဘူး။ လူထုကိုယ်တိုင်က လေ့ကျင့်တည်ဆောက်ယူမှ ရနိုင်မှာအသေအချာဖြစ်ပါတယ်။

လက်တွေ့နိုင်ငံရေးဖြစ်တဲ့ တပ်မတော်နဲ့အရပ်ဘက်တွဲဘက်ထားတဲ့လက်တွေ့နိုင်ငံရေးကိုလက်ခံပြီး ကိုယ်စီစိတ်ကူးထဲမှာ
ရှိနေကြတဲ့စိတ်ကူးနိုင်ငံရေးတွေ အကောင်အထည်ပေါ်လာအောင် ကြိုးပမ်းလို့ရနိုင်တဲ့အခြေအနေအချိန်အခါကို
 ရောက်နေပြီဆိုတာ နိုင်ငံရေးသမားတွေရော လူထုပါ သေသေချာချာ နားလည်လက်ခံပြီး တတ်နိုင်သလောက်အားကြိုးမာန်တက် ကြိုးပမ်းကြစေချင်ပါတယ်။
စိတ်ကူးနိုင်ငံရေး (ပြည့်ဝကောင်းမွန်တဲ့ နိုင်ငံရေး) မဟုတ်လို့ လက်မခံနိုင်ဘူးဆိုရင် လက်တွေ့နဲ့ ကင်းကွာနေတဲ့အတွက် အဲဒီစိတ်ကူး နိုင်ငံရေးဆိုတာ လည်းဖြစ်လာနိုင်စရာအကြောင်းလုံးဝမရှိတာ အသေအချာဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်
လက်တွေ့ နိုင်ငံရေးကို ခါးခါးသီးသီးငြင်းဆန်ခြင်းဟာ ဒီမိုကရေစီစနစ်ထွန်းကားဖို့အတွက် အချိန်ကြန့်ကြာအောင် ၊
ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖီသွားအောင်ပဲ ဟန့်တားရရာရောက်တဲ့အတွေးအခေါ်အယူအဆဖြစ်ပါတယ်။လက်တွေ့ နိုင်ငံရေးကို လက်ခံခြင်းအားဖြင့်သာ တိုးတက်ဖြစ်ပေါ်လာမယ့် ဒီမိုကရေစီစစ်စစ် ကျင့်သုံးတဲ့ နိုင်ငံတော်ကို ပံ့ပိုးကူညီရာရောက်ပါလိမ့်မယ်။
တပ်မတော်နဲ့ လူထု သွေးစည်းချစ်ခင်ရေး အပြည့်အဝရရှိအောင် တည်ဆောက်ဖို့ဟာ လက်တွေ့မှာ အဓိက လုပ်ဆောင်ရမယ့် နိုင်ငံရေးဖြစ်ပါတယ်။ဗီယက်နမ်နဲ့အတူ တန်းစီပြီးScandinavian နိုင်ငံများလို အေးချမ်းတည်ငြိမ်စွာနဲ့ကြွယ်ဝချမ်းသာတဲ့ဘဝမျိုး
ရောက်နိုင်တဲ့ နည်းလမ်းလို့မြင်မိပါတယ်။ တပ်မတော်သားများအပါအဝင် လူထုတစ်ရပ်လုံးအတွက် အကောင်းဆုံးနိုင်ငံရေးစနစ်
ပေါ်ပေါက်ရရှိဖို့ တစ်ခုတည်းသော လက်တွေ့ နိုင်ငံရေးဖြစ်ပါကြောင်း။       ။
ပိုက်တင်